နောက်ဆုံး စိတ်ကွန့်ပန်းချီ။ ---------(မဂ်ဖိုလ်စိတ်များ၏ ဖြစ်ခြင်းပျက်ခြင်းသည် ဒုက္ခသစ္စာထိုက်ပါသလော)------------
အရှင်မြတ်။...။ အာဝုသော ၀ိဘဇ္ဇ။ နေ့ဟောင်းတို့သည်ကုန်၍ နေ့သစ်တို့သို့ရောက်လေပြီ။ ငါတို့သည် နေ့ဟောင်း၌ သက်တမ်းကုန်ခြင်းသို့မရောက်သေးရကား ယခုတွေ့ကြရ၏။ ........... (အရှင်သာရိပုတ္တရာကား အမှန်စင်စစ် ပရိနိဗ္ဗာန်စံဝင်ခဲ့ပြီးသူ ၀ဋ်၏အဆုံးကို ပြုပြီးသူဖြစ်၏၊ သို့သော် စာပန်းချီဖြစ်၍ ကျွန်ုပ်သည် ဗုဒ္ဓလက်ထက်တော်သို့သွားကာ ပိဋကတ်ဆိုင်ရာ ခဲရာခဲဆစ်တို့ကို မေးမြန်းသည်ဟုမှတ်လေ၊ အမှန်စင်စစ်မှာကား ဗုဒ္ဓမြတ်စွာ ဒေသနာ ပိဋကတ်တော်က ဖြေသည်သာဖြစ်၏။ အရှင်မြတ်၏နှုတ်ဆက်နည်းမှာ ထိုခေတ်က သံဝေဂရှိသောပညာရှိတို့နှုတ်ဆက်နည်းတည်း။၎င်းကျမ်းညွှန်းကား မေ့နေချေပြီ ဟိဟိ)---
ဝိဘဇ္ဇ။.........။ အရှင်မြတ်နှင့် တွေ့ဆုံရခြင်းသည် ကောင်းသော တွေ့ဆုံရခြင်းဖြစ်ပါ၏။ သာရီပုဏ္ဏေးမ၏ သား ဥပတိဿအမည်ရှိခဲ့သော အရှင်သာရိပုတ္တရာသည် ဂေါတမမြတ်စွာဘုရားသာသနာတော်၌ ပညာဧဒဂ်ဖြစ်သူ၊ ၀ိနည်းကို ပညတ်ပါရန် တောင်းပန်သူ၊ ရဟန်းတို့၏ ချိန်ခွင် (စံချိန်) ဖြစ်သူ၊ မြတ်စွာဘုရားနှင့်အတူ အတုမရှိသော ဓမ္မစက်ကို လည်စေနိုင်သူ ဟူသော ဂုဏ်ပုဒ်ထူးတို့ဖြင့် ထင်ရှားတော်မူပါ၏။ အထင်ရှားဆုံးဂုဏ်ပုဒ်မှာကား 'မြတ်စွာဘုရားအကျဉ်းမျှ ပြအပ်သော အဘိဓမ္မာဒေသနာကို အကျယ်ချဲ့ စီရင်တော်မူခဲ့သူ' ဟူသော ဂုဏ်ထူးကြီးပင်တည်း။ အရှင်သာရိပုတ္တရာအား တပည့်တော်သည် ရှိခိုးပါ၏။
ဝိဘဇ္ဇ။.........။ ဓမ္မမစ္ဆရိယ ရှိကြကုန်သော သူမိုက်အချို့နှင့် ပရ၀ါဒီ အချို့သည်။ ပါဠိတော်လာဖြေကြားချက်များ၊ရှင်းလင်းချက်များကို ပရိနိဗ္ဗာန်စံပြီးသော အရှင်ဘုရားကပင် လာရှင်းပြလေဟန်၊ လာဖြေလေဟန် တပည့်တော်စီရင်သော စာများကို ပုတ်ခတ်ကုန်ပါ၏ ဟု ထင်ပါ၏ ဘုရား။
အရှင်မြတ်။...။ ပိဋကတ်သုံးပုံဒေသနာသည် မြတ်စွာဘုရား အလိုတော်ကျဖြစ်၏၊ မြတ်စွာဘုရားဟောတော်မူ၏၊ မြတ်စွာဘုရား၏ သာသနာတော်ဖြစ်၏။ အလုံးစုံသော (၀ါဒရေးရာ၊ ကိလေသာရေးရာ) ပြဿနာဖြေရှင်းချက်များသည် မြတ်စွာဘုရားရှင်၏ ပုဂ္ဂလဥပနိဿယကြောင့်သာ သင်တို့ သိကြရ၏။ 'ငါသည် မြတ်စွာဘုရားရှင်အတူ ဒေသနာစက်ကိုလည်စေနိုင်သူဟု မြတ်စွာဘုရားချီးမွှမ်းတော်မူခဲ့၏။ အကယ်၍ သင်ဝိဘဇ္ဇသည် ပိဋကတ်တော်အားလျော်စွာ ဖြေဆိုချက်ထုတ်သည်ရှိသော 'အရှင်သာရိပုတြာဤသို့ဖြေ၏' ဟု ဆိုခြင်းငှါသင့်၏။ မသင့်မဟုတ်။ အကယ်၍ သင်သည် ဤသို့ဖြစ်လိမ့်မည်ဟု အတ္တနောမတိထည့်သော အယူအဆများကိုကား 'အရှင်သာရိပုတြာ ဖြေ၏' ဟု မလုပ်အပ်၊ အဓမ္မ၀ါဒီဟု သင်ချစ်သား ၀ိဘဇ္ဇအား ကျရောက်လတ္တံ့။ အကယ်၍ သင်ချစ်သား ၀ိဘဇ္ဇသည် ဘုရားရှင်အလိုကိုဆန့်ကျင်တိမ်းပါးသော အဓမ္မ၀ါဒီဖြစ်ခဲ့ပါမူကား စိတ်အားမငယ်လင့်၊ လျှင်စွာ ပြုပြင်လော့။ ချမ်းသာသည် တိုးပွားလတ္တံ့။
ဝိဘဇ္ဇ။.........။ အရှင်ဘုရား သူမိုက်တို့သည် မိမိတို့၏ ယုတ်ညံ့သော အယူကို အခြေပြု၍သာလျှင် 'တပည့်တော်စီရင်သော စာများကို မှားသည်ဟု မထောက်၊ ရေးဟန် ပရိယာယကို အရူးဟု သမုတ်ကြပါကုန်၏ ဟု ထင်ပါ၏'။
အရှင်မြတ်။...။ သင့်ရေးဟန်ကား ပရိယာယမဟုတ်။ မုချသာဖြစ်သည်။ သင်သည်အသို့ထင်သနည်း။ ဤအဖြေတို့ကို အာဝုသော ၀ိဘဇ္ဇကိုယ်ပိုင်ညာဏ်ဖြင့်သိ၍ ဖြေသလော၊ ငါ့ခမည်းတော် ဗုဒ္ဓ၏ မဟာကရုဏာတော်ကြောင့် အဖြေရရာသလော။ ချစ်သား 'မှီသောသူမှာ လှုပ်ရှား၏၊ မမှီသောသူမှာ မလှုပ်ရှား' ........... သင်သည် အနည်းငယ်မျှသော ပုတ်ခတ်မှုကို သည်းခံနိုင်သူမဟုတ်။ အသို့နည်းချစ်သား သင်၏ ဤ မိုက်မဲသော အမှုသည် 'ပိဋကတ်တော်စာပေကျမ်းဂန်ကို အလေးအမြတ်ပြု၍သာလျှင် အရိယာဖြစ်နေကုန်သော သံဃာတော်တို့အား ပိဋကတ်တော်ကို ပုန်ကန်လျက် အရိယာအထင်ခံပုဂ္ဂိုလ်နောက်လိုက်များ၏ စော်ကားမှု အထင်သေးမှု ကဲ့ရဲ့ခံရမှုကို ဖြစ်စေမည်ဟု မထင်ယောင်တကား'။ [ ဟု မည်တမ်းဆုံးမတော်မူ၏၊ မြတ်စွာဘုရားရှင်လည်း မည်တမ်းဆုံးမတော်မူတတ်ပါတယ်၊ ဟဲဟဲ]
အရှင်မြတ်။...။ ငါသည် သုတ္တန္တဘာဇနီယ (သုတ္တန်ဒေသနာတော်နည်း)၊ အဘိဓမ္မာဘာဇနီယ (အဘိဓမ္မာဒေသနာတော်နည်း) တို့ဖြင့် သင်၌ဖြစ်အပ်သော သမ္မောဟ (ပြင်းထန်သောတွေဝေခြင်း၊ အဘိဓမ္မာဝိဘင်းအဋ္ဌကထာကို သမ္မောဟ၀ိနောဒနီအဋ္ဌကထာဟု အမည်ထိုး၏။ ပြင်းထန်သောတွေဝေမှုကို ရှင်းလင်းနိုင်သည် ဟူလို) နှင့် ၀ိစိကိစ္ဆာကို ရှင်းလင်းပေအံ့။ သာဓု အာဝုသော သာဓု သာဓု။ သံသယကို ပညာရှိတို့ထံ၌ ကုစားခြင်းသည် ပညာပါရမီ၏ ရင့်ကျက်ကြောင်းဖြစ်၏။ မြတ်စွာဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွှမ်းအပ်ကုန်၏။
ဝိဘဇ္ဇ။.........။ ပညာဝန္တဖြစ်တော်မူသော သာရိပုတ္တအရှင်မြတ်ဘုရား။ နိဗ္ဗာန်ကို မျက်မှောက်ပြုသောလမ်းသဖွယ်ဖြစ်သော၊, အနုသယကိလေသာတို့ကို ပယ်ခွင်းသော မဂ်စိတ် နှင့် မဂ်စိတ်၏ အသီးအပွင့်အကျိုးဖြစ်သော,၊ နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်သော ဖိုလ်စိတ်ဟူသည့် မဂ်ဖိုလ်လောကုတ္တရာစိတ် ၈-ပါးတို့သည် အနိစ္စလော၊ ဒုက္ခလော၊ အနတ္တလော။ ဒုက္ခအရိယသစ္စာဖြစ်သလော ရှင်တော်ဘုရား။
အရှင်မြတ်။...။ အာဝုသော ၀ိဘဇ္ဇ။ အကယ်၍သင်သည် ငါတားမြစ်အပ်သော အနက်ကို တားမြစ်အံ့၊ ငါဆိုလိုသော အနက်ကို လက်ခံအံ့။ ဤနေရာ၌ ငါ၏ဖြေကြားခြင်းကို ဖြစ်စေအံ့။
ဝိဘဇ္ဇ။.........။ ကောင်းလှပါပြီ အရှင်ဘုရား။
အရှင်မြတ်။...။ အကယ်၍ သင်သည် မဂ်ဖိုလ်တို့သည် မဂ္ဂဋ္ဌာန်ဖလဋ္ဌာန်တို့၏ ဥစ္စာတည်း ငါလေ့လာအပ်သော သဘာဝဓမ္မမဟုတ်ဟု အကန်းပညာဖြင့် ယူဆငြားအံ့၊ ငါသည် ဤနေရာ၌ပင် စကားကို အဆုံးပြုလတ္တံ့။
ဝိဘဇ္ဇ။.........။ မြတ်စွာဘုရားရှင်က မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ဟောတော်မူသည်ကိုလည်းကောင်း၊ ခုဒ္ဒကနိကာယ်၊ မိလိန္ဒပဥှာ (သင်္ဂါယနာတင်ဂန္ထ၀င်ကျမ်းစာ)၊ နိဗ္ဗာန၀ဂ္ဂလာ ----'မင်းမြတ်၊ ဤအတူသာပင် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး သူတို့ ဟောကြားသံကို ကြားရ၍ နိဗ္ဗာန်ချမ်းသာပုံကို သိနိုင်ပေ၏' ဟူသော အရှင်နာဂသေနကို အလေးအမြတ်ပြု၍လည်းကောင်း၊ အနုသတိ ၁၀-ပါးလာ ဥပသမာနုဿတိကို ဦးတင်၍လည်းကေင်း ............----------........... မဂ်ဖိုလ်နိဗ္ဗာန် တရားတို့ကိုဟောကြားတော်မူပါလော့ဘုရား။
အရှင်မြတ်။...။ ထိုသို့ဖြစ်လျှင် အကျယ်အားဖြင့် ငါဝေဖန်အံ့၊ ကောင်းစွာ နာယူလော့၊ ကောင်းစွာ အနက်ထင်အောင် နှလုံးသွင်းလော့။
ဝိဘဇ္ဇ။.........။ မှန်လှပါ ဘုရား။
အရှင်မြတ်။...။ သင်္ခါရတရားအားလုံးတို့သည် မမြဲကြကုန်၊ သင်္ခတတရားအားလုံးတို့သည် ဆင်းလည်း ဆင်းရဲကုန်၏၊ အတ္တလည်း မဟုတ်ကုန်၊ နိဗ္ဗာန်နှင့် ပညတ်ကို အတ္တမဟုတ် 'အနတ္တ' ဟူ၍ ဆုံးဖြတ်အပ်၏။ (၀ိနည်း ပရိဝါပါဠိတော်၊)
ဝိဘဇ္ဇ။.........။ အဲဒါဆို မဂ်ဖိုလ်စိတ်တို့ဟာ ဒုက္ခပေါ့နော် ဘုရား။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော ရေတွက်ခြင်းသို့ ရောက်တာပေါ့နော် ဘုရား။ ဒီတော့ အရိယသစ္စာလေးပါကနေကြည့်မယ်ဆို မဂ္ဂသစ္စာဆိုလည်း ဟုတ်တယ်၊ ဒုက္ခသစ္စာဆိုလည်း ဟုတ်တယ် လို့ မှတ်ရမှာပေါ့နော် ဘုရား။
အရှင်မြတ်။...။ အာဝုသော ၀ိဘဇ္ဇ နေဦးလော့၊ ရပ်ဦးလော့။ ငါရှင်းပြဦးအံ့။ အာဝုသော ၀ိဘဇ္ဇ အကယ်၍ သင်သည် မဂ်ဖိုလ်ကို မျက်မှောက်ပြုပြီး၍ အနိစ္စ၊ဒုက္ခ၊ အနတ္တ ထိုက်သော ဒုက္ခအရိယသစ္စာဟု သိအံ့၊ သို့တည်းမဟုတ် အထင်ဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ထိုက်သော ဒုက္ခအရိယသစ္စာဟု ယူငြားအံ့။ ------ ငါတို့၏ ပြောဆိုမှုကို ရပ်တန့်လေလော့။
ဝိဘဇ္ဇ။.........။ အရှင်မြတ်ဘုရား၊ မိုက်မဲသည့်အလျောက် တွေဝေသည့်အလျောက် ကိုယ့်ဘာသာကို သဘောပေါက်သည်ဟု အထင်ရောက်မှုကို သည်းခံပါလော့ဘုရား၊ တပည့်တော်သည် အပြစ်ဟု ရှုပါ၏၊ နောင်အခါ စောင့်စည်းရန်သည်းခံတော်မူပါ ဘုရား။
အရှင်မြတ်။...။ သာဓု အာဝုသော သာဓု သာဓု။
အရှင်မြတ်။...။ မဂ်စိတ်သည်လည်းကောင်း ဖိုလ်စိတ်သည်လည်း အကြောင်းတရားတို့ ပြုစီရင်ခြင်းကြောင့် ဖြစ်လာရသော ၀ါ အကြောင်းညီညွှတ်သည်ဖြစ်၍ ဖြစ်လာရသော အဖြစ်တရား သင်္ခတ၊ သင်္ခါရ တရားဖြစ်၏။ ဂေါတြဘူစိတ်သည် သောတာပတ္တိမဂ်၏ စိတ်ရှေ့၌ဖြစ်၏၊ ဂေါတြဘူစိတ်ချုပ်သော် မဂ်ဇောတစ်ကြိမ် ဖြစ်၏။ မဂ်ဇောချုပ်သော် မန္ဒပညဒန္ဓာဘိညပုဂ္ဂိုလ်တို့၌ ဖိုလ်ဇော နှစ်ကြိမ်ဖြစ်၏၊ တိက္ခပညာခိပ္ပါဘိညပုဂ္ဂိုလ်၌ ဖိုလ်ဇော သုံးကြိမ်ဖြစ်၏။ နောက်ဆုံးဖိုလ်ဇောပြီးနောက် ဘ၀င်စိတ်များခြားပြီးနောက် *** ၁-မဂ်, ၂-ဖိုလ်, ၃- နိဗ္ဗာန်, ၄-ပယ်အပ်ပြီးသော ကိလေသာ, ၅-ကြွင်းကျန်သော ကိလေသာ, တို့ကို ကာမာဝရမဟာကုသိုလ်စိတ်အတွင်းအကျုံးဝင်သော ***ပစ္စဝေက္ခဏာဝီထိစဉ်ဖြင့် ဆင်ခြင်၏။ ထို ၅-ပါးသော အခြင်းအရာကို ဆင်ခြင်သော ၀ီထိစဉ်သည် (စိတ်သည် အာရုံ၂-ခုကို တပြိုင်နက်မသိသောကြောင့်) ၀ီထိစဉ် ၅-မျိုးဖြင့် ဆင်ခြင်၏။ သို့သော် ပဋ္ဌာန်းပါဠိတော်အရ ရှေ့ ၃-မျိုးကို ဆင်ခြင်သော ပုဒ်ကား ထိုထို ဆိုင်ရာအကြောင်းတိုက်ဆိုင်တိုင်းပါ၏။ နောက် ၂-မျိုးကား သူဌာနနှင့်သူသာပါ၏ (အကျယ်ကို ပဋ္ဌာန်းတွင်ရှု) ။ (အရိယာ နီဝရဏသမ္ပယုတ္တေ ပဟီနေ ကိလေသေ ပစ္စဝေက္ခန္တိ, ၀ိက္ခမ္ဘိတေ ကိလေသေ ပစ္စဝေက္ခန္တိ။ ... အရိယာ မဂ္ဂါ ၀ုဋ္ဌဟိတွာ မဂ္ဂံ ပစ္စဝေက္ခတိ ။ပ။ ဖလံ ပစ္စဝေက္ခတိ ။ပ။ နိဗ္ဗာနံ ပစ္စဝေက္ခတိ။) ထို့အပြင် နိဗ္ဗာန်သည် ဂေါတြဘုစိတ်, ဝေါဒါန်စိတ်, မဂ်စိတ်, ဖိုလ်စိတ်, အာဝဇ္ဇာန်းစိတ် (ပစ္စဝေက္ခဏာစိတ်) တို့၏ အာရုံဖြစ်၏။ (နိဗ္ဗာနံ ဂေါတြဘုဿ, ဝေါဒါနဿ, မဂ္ဂဿ, အာဝဇ္ဇနာယ အာရမ္မဏပစ္စယေနပစ္စယော) ။
အရှင်မြတ်။...။ .....ထိုပါဠိတော်အတိုင်းပင် 'မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ဆင်ခြင်သာ ၀ီထိ ၃-မျိုးမှာဖြစ်ရ၏။ ပယ်ပြီးသော ကိလေသာ, ပယ်အပ်သောကိလေသာတို့ကို ဆင်ခြင်သော ၀ီထိစဉ်သည် အချို့မှာဖြစ်၏ အချို့မှာ မဖြစ်။ ဥပမာ - မြတ်စွာဘုရားရှင်၏ နောင်တော်ဖြစ်သော သကဒါဂါမ်တည်ပြီး မဟာနာမ်မင်းကြီးသည်ပင်လျှင် ' တပည့်တော်၌ အဘယ်ကိလေသာများကို မပယ်ရသေးသောကြောင့် လောဘဒေါသမောဟဒဏ်ချက်များခံနေရသေးပါသနည်း။' ဟု မေးလျောက်လေ၏။ (မူလပဏ္ဏာသပါဠိတော် ၂-သီဟနာဒ၀ဂ် ၄-စူဠဒုက္ခက္ခန္ဓသုတ်)။ သို့ရာတွင်လည်း လက်တွေ့အားဖြင့် အရိယာများသည် ဉာဏ်ရင့်မှု မရင့်မှု အားလျော်စွာ ပစ္စဝေက္ခဏာဝီထိသည် 'တချို့က သင့်ရာတစ်မျိုးသာဖြစ်၏၊တချို့ကား ၂-မျိုးဖြစ်စေ ၃-မျိုးဖြစ်စေ ဖြစ်၏' ဟု စူဠဒုက္ခက္ခန္ဓသုတ်အဋ္ဌကထာက ဆိုထားသည်ကို သတိပြုရာ၏။ ဤကား အာဝုသော ၀ိဘဇ္ဇမေးလိုရင်း၏ အဖြေရင်းမဟုတ် အကြောင်းသင့်၍ ရှင်းပြချက်သာတည်း။
အရှင်မြတ်။...။ ဆိုလိုရင်းမှာ မဂ်ဖိုလ်တို့နှင့်စပ်ဆိုင်သော ပစ္စဝေက္ခဏာဇောသည် ကာမဇောချည်းဟု မှတ်၊ (ဈာန်နှင့်စပ်ဆိုင်သော ပစ္စဝေက္ခဏာ ၀ီထိတို့၏ ဇောသည်လည်း ကာမာဝါစရဇောသာတည်း၊ ကာမာဝစရကုသိုလ်စိတ်/ကြိယာစိတ် တို့သည် ပညတ်၊ ကာမကုသိုလ်၊ အကုသိုလ်၊ ကြိယာ၊ ၀ိပါက်၊ ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် စသည်ဖြင့် အမျိုးမျိုးသော အာရုံတို့ကို အာရုံပြုနိုင်၏၊ သဗ္ဗေညုတဉာဏ်နှင့်လည်းယှဉ်နိုင်သော ဘူမိမျိုးဖြစ်၏။ အခြားဘူမိတို့ရှိ ကုသိုလ်တို့ထက် အရေအတွက်များ၏။ ထိုသို့ထူးခြားသောကြောင့် မဟာကုသိုလ်စိတ်၊ မဟာကြိယာစိတ်ဟူ၍ ကာမဘူမိ၌သာ ဆိုကြကုန်၏ )။
အရှင်မြတ်။...။ အာဝုသော ၀ိဘဇ္ဇ။ ၀ိပဿနာစိတ်ဟူသည် အဘယ်ပညာကို ရအပ်သည်မှ အစပြု၍ဖြစ်သနည်း။ သင်္ခတ သင်္ခါရ တရားတို့ ဉာဏ်တွင်ထင်ရှားလာရာမှ ၄င်းတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို ပိုင်ပိုင်ကြီးသိမြင်ခါမှ စ၍ဖြစ်သည်။ သမ္မသနဉာဏ်သို့ရောက်မှ စ၍ ၀ိပဿနာဟု ရေတွက်ခြင်းသို့ရောက်သည်မဟုတ်လော။
ဝိဘဇ္ဇ။.........။ မှန်လှပါဘုရား။
အရှင်မြတ်။...။ ၀ိပဿနာစိတ်ဟူသည်မှာလည်း ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ် လေးပါးသာဖြစ်၏။ ပစ္စဝေက္ခဏာစိတ်နှင့် ကာမဘူမိအားဖြင့်အတူတူသာတည်း။ သို့ရာတွင် လောကုတ္တရာဆိုင်ရာ ပစ္စဝေက္ခဏာဇော၏ အာရုံသည် အထက်ဖော်ပြခဲ့ပြီးသော ၅-ပါးသာဖြစ်၏။ ၀ိပဿနာ၏ အာရုံသည်ကား 'အနိစ္စစသော လက္ခဏာတို့သာဖြစ်၏'။ အာဝုသော ၀ိဘဇ္ဇ။ ငါသည် ပစ္စဝေက္ခဏာစိတ်ဟု ဆိုငြားအပ်၊ ဈာန်ဆိုင်ရာ ပစ္စဝေက္ခဏာဇောကို ဆိုလိုသည်မဟုတ် ငါတားမြစ်၏။ လောကုတ္တရာဆိုင်ရာ ပစ္စဝေက္ခဏာဇောဟု သာ ငါခွင့်ပြုသည်ဟု သင်သည် မှတ်လော့။
ဝိဘဇ္ဇ။.........။ မှန်လှပါဘုရား။
အရှင်ဘုရား။...။ မြတ်စွာဘုရားရှင်သည် ၀ိပဿနာကို 'ဥပါဒါနက္ခန္ဓာ ၅-ပါးတည်းသော တေဘူမိက လောကရှုရမည်။ ချစ်ဖွယ်ဟု တဏှာဖြင့်စွဲမက်စရာ၌ရှုရမည်' ဟု ဆို၏။ ထိုသို့ဖြစ်လျှင် အာဝုသောအနဖြင့် ဥပါဒါနက္ခန္ဓာ ၅-ပါးမှ အပဖြစ်သော ခန္ဓာတို့ကိုလည်း သိရာ၏။ ဆင်ခြင်ရာ၏။ အလုံးစုံသော ခန္ဓာတို့ကို သိရာ၏ ဆင်ခြင်ရာ၏။ ထူးကဲကွဲပြားပုံကို သိရာ၏။
ဝိဘဇ္ဇ။...........။ အလုံးစုံသော ရုပက္ခန္ဓာတို့သည် ရူပုပါဒါနက္ခန္ဓာတည်း၊ လောကုတ္တရာမဂ်ဖိုလ်နှင့်စပ်ဆိုင်သမျှသော သညာ၊ဝေဒနာ၊သင်္ခါရ၊၀ိညာဏ ကြဉ်သော သညက္ခန္ဓာ၊ဝေဒနက္ခန္ဓာ၊သင်္ခါရက္ခန္ဓာ၊၀ိညာဏခန္ဓာ တို့သည် ဥပါဒါနက္ခန္ဓာချည်းသာ ဖြစ်ကုန်၏ဘုရား။ တနည်းအားဖြင့် ကိလေသာတို့ ကျက်စားနိုင်သော လောကီစိတ်၊ လောကီစေတသိက်၊ ရုပ်တို့သည် ၀ိပဿနာ၏ အာရုံတို့သာတည်း။ လောကုတ္တရာခန္ဓာနှင့် နိဗ္ဗာန်တို့သည် ကိလေသာ၏အာရုံမဟုတ်ကုန် ဥပါဒါနက္ခန္ဓာဟူသောရေတွက်ခြင်းသို့မရောက်ကုန် သောကြောင့် ၀ိပဿနာ၏ အာရုံမဟုတ်ပါဘုရား။
အရှင်မြတ်။...။ ပညတ်သည်ကား အနိစ္စ၊ ဒုက္ခဟူသော လက္ခဏာထင်ရှားခြင်းမရှိ၍လည်း ၀ိပဿနာ၏ အာရုံမဟုတ်၊ သို့ရာတွင် ပညတ်ကို သိသော စိတ်သည်ကာ ပရမတ်ဖြစ်သောကြောင့် ၀ိပဿနာ၏ အာရုံဖြစ်သည်ကို သတိပြုရမည်။
အရှင်မြတ်။...။ အရိယသစ္စာ ဟူသည် အဘယ်အကြောင်းအထောက်အပံ့ကြောင့် အရိယသစ္စာ ဟု ခေါ်ဆိုအပ်သနည်း။
ဝိဘဇ္ဇ။.........။ နိဗ္ဗာန်ကို မျက်မှောက်ပြုဖူးပြီးလေသော၊ ဆိုင်ရာကိလေသာတို့အကြွင်းမဲ့ ပယ်သတ်ကုန်ပြီးလေသော အရိယာသူတော်စင်တို့ သိ သောတရားဖြစ်သောကြောင့် အရိယသစ္စာဟူ၍ လေးပါးသောသစ္စာကို ခေါ်ဆိုအပ်ပါ၏ ဘုရား။
အရှင်မြတ်။...။ စိတ်သည် အာရုံတစ်ခုသာ ယူနိုင်သည်ဖြစ်၍ မဂ်စိတ်အခိုက် နိဗ္ဗာန်ကို သာ အာရုံပြု၏၊ နိဗ္ဗာန်သည် စိတ်ကို အာရမ္မဏအဓိပတိ သတ္တိဖြင့် ဆွဲငင်သကဲ့သို့ ခိုင်မာစွာ သိစေ၏။ လက်ဖျစ်တတွတ်လျှင် ကုဋေတစ်သိန်းမကဖြစ်ပျက်နေသော စိတ်တို့၏ တစ်ခုသော စိတ္တက္ခဏတစ်ချက် တွင်သာတည်း။ နောက်၌ဖြစ်သော် နိဗ္ဗာန်ကို အာရုံပြုသည့်စိတ်ကား ဖိုလ်စိတ်ဖြစ်၏။ မဂ်ဖိုလ်တို့ကို မဂ်ဇောဖိုလ်ဇောဟု ခေါ်၏။ သတ္တိအထူးအင်အားကောင်းကောင်းရှိသောကြောင့်တည်း။ မဂ်အခိုက် ဆိုင်ရာ ကိလေသာကို ပယ်ခြင်းကိစ္စပြီး၏၊ အရိယာတို့သိအပ်သော ဥပါဒါနက္ခန္ဓာတည်းဟူသောလောက၌ ငြီးငွေ့ဖွယ်ဟူသော ဆင်းရဲသည့် ဒုက္ခသစ္စာထိုက်သော သဘောမှ ရွေ့လျောခြင်း မရှိတော့။ ဆင်းရဲသော သဘာဝတို့၌ ဆင်းရဲသည်ဟူသော ဉာဏ်အမြင်သည် ပြည့်စုံခြင်းသို့ရောက်၏။ *** သို့ရာတွင် ဒုက္ခသစ္စာထိုက်သော တရားတို့ကို အာရုံပြုနေသည်ဟု ငါမဆို၊ ဤသို့အယူကို တားမြစ်၏။' 'ဒုက္ခသစ္စာကို ပိုင်းခြားသိသော သဘောသည် မဂ်ဖြစ်ခိုက်ပြည့်စုံပြီ' ဟုသာ ခွင့်ပြု၏။
ဝိဘဇ္ဇ။.........။ မှန်လှပါဘုရား။ စိတ်ဝင်စားဖွယ်ပါဘုရား။ ဆက်ဟောတော်မူပါ။
အရှင်မြတ်။...။ ၀ိပဿနာရှုသော ယောဂီသည် အမှန်စင်စစ် ဥပါဒါနက္ခန္ဓာထိုက်သမျှ သဘာဝတရားတို့ကို တစ်ခုချင်းအသေးစိတ်ရှုသိကြသည်မဟုတ်၊ ထင်ရှားသော အာရုံနှင့်တကွ ထိုအာရုံ၏ လက္ခဏာကို ရှုသိရခြင်းဖြစ်သည်။ မဂ်ဖိုလ်တို့ကိုကား ပစ္စဝေက္ခဏာဇော တစ်မျိုးတည်းဖြင့်သာလျှင် ရှုနိုင်၏။
အရှင်မြတ်။...။ ထို့ကြောင့်မှတ်လော့ ချစ်သားဝိဘဇ္ဇ။ မဂ်ဖိုလ်တို့ကို ရှုနိုင်သော ဉာဏ်သည် ဆင်ခြင်နိုင်သောဉာဏ်သည် 'လောကုတ္တရာနှင့်စပ်ဆိုင်သော ပစ္စဝေက္ခဏာညာဏ်' သာ ရှိ၏။ ပစ္စဝေက္ခဏာဉာဏ်သည်သာ မဂ်ဖိုလ်နိဗ္ဗာန်နှင့် တကွ အနုသယကိလေသာကို ရှုသိနိုင်၏။ 'သင်္ခါရ သင်္ခတတရားတို့၏ အနိစ္စဒုက္ခအနတ္တဟူသော လက္ခဏာကိုရှုမြင်သောညာဏ်ဖြစ်မှ ၀ိပဿနာညာဏ်မည်၏။ ၀ိပဿနာရှုသတိပဋ္ဌာန်ပွားသော်လည်း သင်္ခါရ သင်္ခတရားတို့၏ သင်္ခါရသင်္ခတဟုသာ သဘာဝလက္ခဏာကို သိခြင်းသည် ၀ိပဿနာရှုခြင်းသာမည်၏၊ ၀ိပဿနာဉာဏ်စဉ်ဟု ရေတွက်ခြင်းသို့မရောက်သေး။ သို့သော် ရုပ်ကို ရုပ်၊ ဝေဒနာကို ဝေဒနာ၊ သိစရာကို သိစရာ၊ သိတာကို သိတာကို ခွဲခြားမသိပါပဲလျက်လည်း သာမညလက္ခဏာတို့၏ ထင်ရှားခြင်းသည်မဖြစ်နိုင်။ ဆိုလိုရင်းမှာ 'မဂ်ဖိုလ်နိဗ္ဗာန် နှင့် အနုသယကိလေသာ' တို့သည် ၀ိပဿနာညာဏ်၏ အာရုံလည်းမဟုတ် ၀ိပဿနာပညာဖြင့် ထိပါး၍လည်းမရချေ။
ဝိဘဇ္ဇ။.........။ သို့ဆိုပါလျှင် သင်္ခါရ၊ သင်္ခတတရားတို့၌ အရိယာတို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဟုထင်မြင်ကုန်သည် ဆိုသော တရားသည် အသို့နားလည်ရအပ်နည်းဘုရား။
အရှင်မြတ်။...။ ယခင်ကတည်းက ငါရှင်းပြပြီးဖြစ်၏ ထပ်ရှင်းပါအံ့။ သေက္ခအရိယာတို့သည် သင်္ခါရ၊ သင်္ခတတရားတို့ကို ၀ိပဿနာညာဏ်စက်သွားမှန်ဘီလူးဖြင့် ရှုမှ အနိစ္စ၊ ဒုက္ခဟု ထင်မြင်ကုန်၏။ ထို့အတူ လောကီဥပမာအားဖြင့် 'ဓါတ်ပြယ်ရေတစ်ပေါက်ကို ဓါတ်ခွဲသည်ရှိသော်၊ pH7 ရှိက အလုံးစုံသော ရေစစ်စစ်တို့သည် pH 7 သာ ရှိကုန်၏ သိ၏၊ ထို ဓါတ်ပြယ်သဘာဝရေစစ်တို့သည် ဓါတ်ခွဲခန်းမှရသောရေ၊ လကမ္ဘာပေါ်ကရေ၊ ကမ္ဘာမှ အလင်းနှစ် 10000 အကွာကရေ ဌာနခြားသော်လည်း အခြေအနေတူက တူတူသာတည်းဟု သိ၏' ။ ဤဥပမာ၌ ဓါတ်ခွဲသူသည် ဤကမ္ဘာမှရေကို သာလက်လှမ်းမှီရာသည်၊ အလင်းနှစ် 10000 အကွာကရေကို စမ်းသပ်ရန်လက်လှမ်းမမှီ၊ ကိုယ်တိုင်သိသည်ဟု ခေါ်ဝေါ်အပ်သည်သို့လည်းမရောက်။ အနုမာနဖြင့်သာ သိနိုင်၏။
ဝိဘဇ္ဇ။.........။ ရှင်းပြတော်မူပါဦးဘုရား။
အရှင်မြတ်။...။ ဒုက္ခသစ္စာ၏ နာမည်အရှည်ကား အဘယ်နည်း။
ဝိဘဇ္ဇ။.........။ ဒုက္ခ အရိယသစ္စာ။ အရိယာတို့ ကိုယ်တိုင်သိအပ်သော ဆင်းရဲခြင်း အမှန်တရားဖြစ်ပါသည် ဘုရား။
အရှင်မြတ်။...။ အလုံးစုံသော လောကီစိတ်စေတသိက်တို့ကို အရိယာသည် ဆင်ခြင်နိုင်လတ်သော် အရိယာဘူမိဝိပဿနာစက်ဖြင့် ဒုက္ခသစ္စာဟု သိခြင်းငှါဖြစ်၏။ မဂ်ဖိုလ်တို့ကိုကား ဒုက္ခသစ္စာ ဟု ကိုယ်တိုင် ဉာဏ်ဖြင့် မသိနိုင်။ မြတ်စွာဘုရားရှင်သည်လည်း မဂ်ဖိုလ်တို့ကို ပစ္စဝေက္ခဏာညာဏ် နှင့် သာဝကအရာမဟုတ်သော သဗ္ဗေညုတဉာဏ်တော်ဖြင့်သာ အာရုံပြုအံ့။။ မြတ်စွာဘုရား၏ ၀ိပဿနာညာဏ်လည်း မဂ်ဖိုလ်ကို အာရုံမပြုနိုင်။ အရိယသစ္စာဟူသည် အနုမာနဖြင့် သိအပ်သောတရားမဟုတ်။ ဒုက္ခသစ္စာကို အရိယာဘူမိ၌ဖြစ်သော ၀ိပဿနာဖြင့် ပိုင်းခြားသိရမည် (ပိုင်းခြားသိပြီဟု Permit သည် မဂ်အခိုက်၌ရ၏)၊ ဆိုင်ရာ သမုဒယသစ္စာကို မဂ်အခိုက်၌ အကြွင်းမဲ့ အနုသယပါမကျန် ဖယ်ရှားပစ်ရမည်၊ နိဗ္ဗာန်ကို မဂ်စိတ်ဖြင့် မျက်မှောက်ပြုရမည်၊ လောကုတ္တရာ မဂ်လည်းအပြည့်အစုံ ပွားခြင်းဖြစ်ရမည်။--- သဗ္ဗေညုတဉာဏ်တော်သည်သာ အနုသယကိုလည်းကြည့်နိုင်၏၊ ပါရမီအနုအရင့်ကိုလည်းကြည့်နိုင်၏၊ ၀ီထိစဉ်တို့ကိုလည်းကြည့်နိုင်၏။ အဆီးအတားအပိတ်အပင်မရှိကုန်။
ဝိဘဇ္ဇ။.........။ ကြက်သီးမွေးညှင်းထပါ၏ဘုရား။ မဖြစ်စဖူး အလွန်ဆန်းကြယ်သော စိတ်လှုပ်ရှားမှုသည် အကျွန်ုပ်၌ ဖြစ်ပါ၏ဘုရား။
ဝိဘဇ္ဇ။.........။ အရှင်ဘုရား မြတ်စွာဘုရားရှင်သည် ' မဂ်ဖိုလ်တို့သည် ဒုက္ခသစ္စာမဟုတ်ကုန်' ဟု တိုက်ရိုက်ဟောတော်မူပါသလော။
အရှင်မြတ်။...။ ချစ်သားဝိဘဇ္ဇ။ တိုက်ရိုက်ဟောတော်မူပါ၏။ အဘိဓမ္မာ ယမိုက်ပါဠိတော်၊ သစ္စယမိုက်တွင် 'မဂ္ဂသစ္စာဖြစ်ဆဲ (မဂ်စိတ်ဖြစ်ဆဲ) ဒုက္ခသစ္စာဖြစ်ဆဲလော? ဟု ကိုယ်တိုင်မေးတော်မူ၏။ ထို့နောက် 'ပဉ္စဝေါကာရဘုံ၌ မဂ္ဂသစ္စာဖြစ်ဆဲ ဒုက္ခသစ္စာဖြစ်ဆဲဖြစ်၏၊ အရူပဘုံ၌ မဂ္ဂသစ္စာဖြစ်ဆဲ ဒုက္ခသစ္စာဖြစ်ဆဲမဟုတ်' ဟု ကိုယ်တော်တိုင် အဖြေပေးတော်မူ၏။
ဝိဘဇ္ဇ။.........။ အနည်းငယ်မျှ ရှင်းပြတော်မူပါ။ တပည့်တော်မှာကား 'ရင်တုန်ဆဲဖြစ်၏၊ အရပ်မျက်နှာတို့သည်ပင် မထင်ပါ'။
အရှင်မြတ်။...။ ငါသည် ရှေးမဆွကပင်၊ သင်၏ အထင်အမြင်ကို ဆုတ်ကိုင်လျက် မမေးနှင့် ပိဋကတ်တော်၌ မြတ်စွာဘုရားအဘယ်သို့ ဟောလေသည်ကို သိလိုစိတ်ဖြင့်သာ နာယူလော့ဟု မိန့်ခဲ့ပြီးဖြစ်၏။ ချစ်သား နှလုံးမသာမယာမဖြစ်ပါ့လင့်၊ ဤကား အနာဂါမိမဂ်သို့မရောက်သေးသော သူတို့၏ ဖြစ်မြဲစဉ်လာ ဓမ္မတာတည်း။ .......... ပဉ္စဝေါကာရဘုံ၌ မဂ်စိတ်ဖြစ်သည်ရှိသော မဂ်စိတ်က ထုတ်သော စိတ္တဇရုပ်တို့ဖြစ်လာ၏။ ချစ်သား အလုံးစုံသော ရုပ်တို့သည် ဒုက္ခသစ္စာတည်း၊ ဥပါဒါနက္ခန္ဓာတည်းဟူ၍ သုတ္တန်တို့နှင့် ခန္ဓ၀ိဘင်းအရ သိရာ၏။ အရူပဘုံ၌ မဂ်စိတ်ဖြစ်ဆဲ ထုတ်စရာရုပ်တို့မရှိကုန်။ ထိုအခါ၌ မဂ်စိတ်သည်သာလျှင် မဂ္ဂသစ္စာဖြစ်၏။ ဒုက္ခသစ္စာကား မဖြစ်ချေ။
ဝိဘဇ္ဇ။.........။ သာဓု ပါအရှင်ဘုရား။ တပည့်တော်မှာမူကား အရိယာပင်မဖြစ်သေးသဖြင့် မိမိအယူနှင့်မကိုက်၊ မိမိလေးစားသူ မြတ်စွာဘုရား၏ ၀ိပဿနာညာဏ်သည်ပင် မဂ်ဖိုလ်၏ သာမညလက္ခဏာကို မသိဟု ကြာရသဖြင့် ထိတ်လန့်ခြင်းဖြစ်၏။
အရှင်မြတ်။...။ မြတ်စွာဘုရားရှင်သည် ဖြစ်နိုင်သောအရာတို့ကို ဖြစ်နိုင်သည်ဟု သိ၏၊ မဖြစ်နိုင်သော အရာတို့၌ မဖြစ်နိုင်ဟုသိ၏။ မဂ္ဂသစ္စာထိုက်သော မဂ်စိတ်၌လည်းကောင်း၊ သစ္စာလေးပါးမှလွတ်သော ဖိုလ်စိတ်၌လည်းကောင်း ဒုက္ခသစ္စာဟူ၍ အရိယာတို့ မသိနိုင်သည်ကို သိ၏။ သို့ရာတွင် မည်သည့် သင်္ခတတရားမဆို၊ အနိစ္စ ဒုက္ခ အနတ္တ သဘာဝရှိ၏ ဟု ဆိုအပ်၏။ ထို့ကြောင့်ပင်လျှင် 'နေ၀သညာနာသညာယတနဈာန်ရသော သမာပတ်၌ ကျွမ်းကျင်သော အနာဂါမ်၊ ရဟန္တာ တို့သည် စိတ်စေတသိက် အားလုံးချုပ်ရာ နိရောဓသမာပတ်ကို အခါအားလျော်စွာဝင်စားလေ့ရှိ၏။ ချစ်သား နိရောဓသမာပတ်သည် ဖလသမာပတ်ထက် ချမ်းသာ၏ ချစ်သား။ နိရောဓသမာပတ်ထက် ပရိနိဗ္ဗာန်သည်ပိုချမ်းသာ၏ချစ်သား။ နိဗ္ဗာန်ချမ်းသာကို အရိယာတို့သည် ဥပေက္ခာဝေဒနာ၊ သောမနဿဝေဒနာတို့ဖြင့် ခံစားနိုင်သည်ဖြစ်၏၊ လွန်စွာလည်းချမ်းသာ၏။ နိဗ္ဗာန်ချမ်းသာကို ဆင်းရဲဟုရှုသောသူသည် အရိယာမဖြစ်နိုင်ဟု မြတ်စွာဘုရားဟောတော်မူ၏။ ချစ်သား ၀ိဘဇ္ဇ ဤဒေသနာတို့ကို မဆန့်ကျင်အောင်ရှုလော့။ မဂ်ဖိုလ်စိတ်တို့သည် ဥပါဒါန်၏အာရုံမဟုတ်သကဲ့သို့ ငြီးငွေ့ဖွယ်ဟု ထင်အပ်သော အာရုံလည်းမဟုတ်။ မဂ်ဖိုလ်နိဗ္ဗာန် ပယ်ပြီးသော ပယ်အပ်သောကိလေသာ တို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာစိတ်ကို ကာ ဥပါဒါန်တို့ကပ်နိုင်သလို၊ ငြီးငွေ့ဖွယ်ဟုလည်းထင်နိုင်သည်။ ချစ်သားဝိဘဇ္ဇ အချို့သော ဌာနတို့သည် မည်သို့ကွာကြောင်းရှင်းပြဖို့ရာ မလွယ်ကူ၊ ကိုယ်တိုင်သိအောင်ကြိုးစားလော့ချစ်သား။
ဝိဘဇ္ဇ။.........။ အရှင်မြတ်ဘုရား နိဂုံးချုပ်အားဖြင့် တပည့်တော် တစ်ခုလျှောက်လိုပါ၏ ဘုရား။ (တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) အပါအ၀င် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၂) မှ ဆုံးဖြတ်စီရင် ဆုံးဖြတ်တော်မူသော '----- ၀ိနိစ္ဆယ' ၌ ထိုဆရာတော်ဘုရားကြီးသည် အရှင်ဘုရားအားလည်း မတရားသဖြင့် ပုတ်ခတ်စွပ်စွဲသော စကားတို့ကိုလည်းဆို၏၊ ပိဋကတ်တော်ကို ပစ်ပယ်သောစကားတို့ကို လည်းဆို၏၊ ဖောက်ပြန်မှားယွင်းချွတ်ချော်သော အယူ ***အနည်းငယ် ကို လည်း ဟော၏၊ (နည်းပေမဲ့ ထပ်ခါထပ်ခါဟောပါတယ်၊ ဒီတော့ များတယ်ပဲပြောရလေမလား)။ ကျမ်းညွှန်းအမှား၊ပါဠိအမှားစသော သဒ္ဒါအမှားသေးသေးမွှားမွှားတို့လည်း မှားမိ၏။ --------- သို့ရာတွင်အရှင်ဘုရား ၊ ထိုဆရာတော်ကြီး၏ ***ဥပနိဿယခံ များစွာသော ယောဂီရှင်လူရဟန်း (အားလုံးကို မဆိုလိုပါ) တို့သည် ထိုအမှားတို့ကို လက်မခံကြကုန်၊ အဘယ်သို့မှားသည်မသိပါပဲလျက် သဒ္ဒါအမှားသေးသေးမွှားမွှားဟု ဆိုကြ၏။ မည်သို့မှားသည် မည်သို့ ပြင်ပေးထားသည်ကို မကြည့်ကုန်။ ဤသို့ဖြစ်ရခြင်းမှာ အဘယ်ကြောင့်ပါနည်း အရှင်ဘုရား။
အရှင်မြတ်။...။ ထိုရှင်လူရဟန်းတို့မှာ မြတ်စွာဘုရားတည်းဟူသော ဥပနိဿယမှ ဝေးကွာလာသည်ဖြစ်သောကြောင့်ဟုမှတ်လော့။ ထိုကိစ္စကို ထို၌ပင်တော်လော့ ! သင့်အား သစ္စ၀ိမုတ် သစ္စာလေးပါးမှ လွတ်သော တရားများကို အနည်းငယ် နည်းရရုံမျှ ရှင်းပြဦးမည်။
ဝိဘဇ္ဇ။.........။ မဖြစ်စဖူးထူးကဲလှပါ၏။ သစ္စာလေးပါးမှ လွတ်သော ဒေသနာသည်မရှိဟု ကြားဖူးပါ၏၊ မှတ်ယောင်ပါ၏ ဘုရား။
အရှင်မြတ်။...။ သင်ကြားဖူးသည်မှာလည်း အမှတ်အမှားပါ။ မူလဋီ၊၂၊ ၅၀။ အနုဋီ၊၂၊ ၆၀။ ဝိသုဒ္ဓိ၊ဋီ၊၂၊ ၁၉၀။ ဒီ၊ဋီ၊၂၊ ၁၆၇။အံ၊ဋီ၊၂၊ ၃၅၇။နေတ္တိ၊ဋ္ဌ၊ ၈၁။ဝိသုဒ္ဓိ၊ဋီ၊၁၊ ၂၂၉။သာရတ္ထ၊ဋီ၊၁၊ ၂၃၀။ တို့တွင် တစ်ပါဒ မျှသော ဂါထာသည်ပင် သစ္စာလေးပါးမှလွတ်သည် ဟူ၍ မရှိဟု ပြဆိုထားသည်ကို ပြန်ရှုလော့။
ဝိဘဇ္ဇ။.........။ မဖြစ်စဖူးထူးလှပါ၏၊ အကယ်၍ ထိုဒေသနာတို့ကား အမှန်ဖြစ်အံ့။ သစ္စ၀ိမုတ်ဟူသော အယူကား အချည်းအနှီးဖြစ်အံ့။
ဝိဘဇ္ဇ။.........။ မဂ်ဖိုလ်တို့၏ ၀ိပရိဏာမဒုက္ခသဘောသည် အရိယာဝိပဿနာဘူမိဖြင့် တို့ထိုးထွင်းသိထိုက်ခြင်းငှါဖြစ်သည်မဟုတ်၊ မြတ်စွာဘုရားရှင်၏ ဘုရားအရာ၌တည်သော ပညာ၏သာလျှင် သိခြင်းဟု နားလည်အပ်ပါ၏ ဘုရား။ ထို့အတူ သစ္စာမှလွတ်သောတရားဟူသည် အဘယ်ပါနည်းဘုရား။
အရှင်မြတ်။...။ မဂ်စိတ်၌ မဂ္ဂင်၈-ပါးဖြစ်သော စေတသိက်တို့မှလွဲ၍ မဂ်နှင့်တကွယှဉ်ကုန်သော ဖဿ ဝေဒနာ စသော စေတသိက် မဂ်စေတ္တုပ္ပာဒ် ၂၉-ခုသည်လည်းကောင်း, ဖိုလ်စိတ်အခိုက် ဖိုလ်စိတ္တုပ္ပာဒ် (8+29) ၃၇-ခုတို့သည်လည်းကောင်း သစ္စာ၌သွင်းယူခြင်းမှ လွတ်၏။ အင်္ဂါ ၈-ပါးရှိသော မဂ်ဟူသည်ကား မဂ်စိတ်၏ စေတသိက် ၈-ပါးကို သာ မဂ္ဂင်္ဂဟု အလိုရှိအပ်၏၊ ထိုစေတသိက် ၈-ခုမှအပဖြစ်သော စေတ္တုပ္ပာဒ်တို့သည် ဒုက္ခသစ္စာဟုသိခြင်းသို့လည်းမရောက်၊ မဂ်ကိစ္စကိုလည်းဆောင်ရွက်သည်မဟုတ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာလည်းမဟုတ်ကြကုန်။ ထို့အတူ ဖိုလ်စိတ်၌ဖြစ်သော အင်္ဂါ၈-ပါး အမျိုး၈-ခုရှိသော စေတသိက်၈-ခုတို့သည် အနုသယကိလေသာကို ပယ်သတ်ခြင်း၊ ဆိုင်ရာသမုဒယသစ္စာအဆင့်ဆင့်ကို ပယ်သတ်ခြင်းဟူသော မဂ်အလုပ်ကို မလုပ်ကြကုန်၊ ထို့ကြောင့် 37ပါးသော ဖိုလ်စိတ္တုပ္ပါဒ်တို့သည်လည်း သစ္စ၀ိမုတ်တို့ဖြစ်ကြကုန်၏။
ရုပ်အားလုံးသည် ဒုက္ခသစ္စာဖြစ်သော်ငြားလည်း အချို့သောဆရာတို့ကမူ ဥတုဇရုပ်ကို ပါ သစ္စ၀ိမုတ်ဟူသောစရင်းသို့သွင်းကြကုန်၏။ ပညတ်ကားသစ္စ၀ိမုတ်ဖြစ်၏။ ------------- အာဝုသော ၀ိဘဇ္ဇ မြတ်စွာဘုရားရှင်ဟောတော်မူသော တရားတို့တွင် သစ္စ၀ိမုတ်တရားတို့ပါသော်လည်း မြတ်စွာဘုရားရှင်ဟောသမျှသည် သစ္စာလေးပါးကို သိမြင်ကြောင်း ၀ဋ်ဆင်းရဲ၏ အဆုံးသို့ရောက်ကြောင်းချည်းသာ ဟုမှတ်လော့။
အရှင်မြတ်။...။ မြတ်စွာဘုရားသိမြင်တော်မူသောတရား၏ သဘောကို သိမြင်လိုသောသူသည် မြတ်စွာဘုရားခွင့်ပြုအပ်သော အနက်ကိုခွင့်ပြုရမည်၊ မြတ်စွာဘုရား တားမြစ်အပ်သော အနက်ကို တားမြစ်ရမည်။ ထိုသို့သော ပညာရှိသူသည်သည် ' ဒုက္ခနှင့် ဒုက္ခသစ္စာ, သမုဒယနှင့် သမုဒယသစ္စာ, နိရောဓနှင့် နိရောဓသစ္စာ, မဂ္ဂနှင့် မဂ္ဂသစ္စာ, ***သစ္စနှင့် အရိယသစ္စာ' ကွဲကွဲပြားပြားနားလည်အောင် 'ယမိုက်ပါဠိတော်လာ သစ္စယမိုက်ကိုလည်းကောင်း, ၀ိဘင်းပါဠိတော်လာ သစ္စ၀ိဘင်းကိုလည်းကောင်း' 'အဋ္ဌကထာ ဋီကာ ' တို့နှင့် တွဲဖက်၍ လေ့လာဆင်ခြင်ရာ၏။-------------
××××××××××××× ဤ၌ စာပန်းချီပြီး၏×××××××××××××××××××
မှတ်ချက်။....။ ***သစ္စနှင့် အရိယသစ္စာအထူးဆိုရာ၌၊ မဂ်ဖိုလ်တို့သည် ဒုက္ခသစ္စာဖြစ်၏၊ ဒုက္ခအရိယသစ္စာမဖြစ်ဟု ဆိုလိုသည်မဟုတ်။ ယမိုက်ပါဠိတော်လာ 'သမုဒယနှင့် သမုဒယသစ္စာ' အကြောင်းအားလုံးကို သစ္စ၌ ခွဲမဆိုတော့ပဲ 'အကြောင်းမှန်သမျှကို ကျေးဇူးပြုတတ်သောတရားဟု' သိမ်းကျုံးယူခြင်းဖြစ်၏။ ဤနည်း၌ ပညတ်၊ရုပ်၊ကုသိုလ်၊အကုသိုလ်၊ကြိယာ၊၀ိပါက်၊လောကီလောကုတ်စိတ်၊ဈာန်၊ နိဗ္ဗာန်၊ စသည်ဖြင့်အကြောင်းဖြစ်ထိုက်သမျှကို ပစ္စည်းအနေဖြင့်ယူအပ်သောနည်းဖြစ်၏၊ ဤသစ္စ = အမှန်တရားနည်းကို ပဋ္ဌာန်းနည်းဟု သိအပ်၏။ သစ္စ၀ိဘင်းလာနည်းများကို ငဲ့သောအားဖြင့် အရိယသစ္စာနှင့် ပဋ္ဌာန်း ကွဲပြားအောင်ဟု မဆိုသတည်း။
စာကြွင်း။.....။ စိတ်ကွန့်စာပန်းချီများကို အစကနေဖတ်မှ ရေးဟန်ကို ပိုနားလည်မည်ဖြစ်သည်။
(၁) = https://www.facebook.com/photo.php?fbid=329322133913863&set=a.104473289732083.5391.100005082361674&type=1&theater
(၂) = https://www.facebook.com/photo.php?fbid=329324803913596&set=a.104473289732083.5391.100005082361674&type=1&theater
(၃) = https://www.facebook.com/photo.php?fbid=329636733882403&set=a.104473289732083.5391.100005082361674&type=1&theater
(၃) မှ အဆက်။ https://www.facebook.com/photo.php?fbid=330033567176053&set=a.104473289732083.5391.100005082361674&type=1&theater
(၄) = https://www.facebook.com/photo.php?fbid=329636733882403&set=a.104473289732083.5391.100005082361674&type=1&theater
(၄) မှ အဆက် ။ https://www.facebook.com/photo.php?fbid=330029500509793&set=a.104473289732083.5391.100005082361674&type=1&theater