(က) ၀ိနိစ္ဆယ လုပ်ရသည့် အကြောင်းအရင်း
နိဂဏ္ဌနာဋပုတ္တ
မဟာဝီရဂျိန်းဘုရား ကွယ်လွန်ပြီးနောက် တပည့်တို့သည် ‘သင်သည် ဓမ္မ၀ိနိယမသိ၊
ငါသည် ဓမ္မ၀ိနိယသိ၏၊ သင်သည် တရားမကျင့်၊ ငါသည် တရားကျင့်၏၊ သင့်စကားသည်
အကျိုးမရှိ၊ ငါ့စကားသည် အကျိုးရှိ၏၊ သင်စွမ်းနိုင်လျှင်ဖြေရှင်းလော့’
စသည်ဖြင့် အချင်းချင်းနှုတ်လှံထိုး ငြင်းခုန်ကုန်၏။ မြတ်စွာဘုရား သာသနာ၌
အကြင် ၀ိဝါဒဓိကရုဏ်းသည်ပေါ်လာသည်ရှိသော် ‘ရဟန်းတို့ အာလုံး
(စောဒက<အမှားဟုထောက်ပြသူ> ၊စုဒိတက <အမှားဟုတ်မဟုတ်
ဝန်ခံငြင်းဆန်သူ> ၊၀ိနည်းဓိုရ် <အမှားဟုတ်မဟုတ် ဆုံးဖြတ်စီရင်သူ> )
စုစည်းလျက် တရားဥပဒေစည်းမျဉ်းကို စူးစမ်းဆင်ခြင်ပြီးလျှင် ငြိမ်းစေရမည်’
ဟု ရှင်တော်ဘုရားညွန်ကြားထား၏။ (ဥပရိပဏ္ဏာသ၊ ဒေ၀ဒဟသုတ်၊ သာမဂါမသုတ်)။
အဘယ်သည် ‘တရားဥပဒေစည်းမျဉ်းဖြစ်သနည်း’။ အသစ်ကြားနာရသော ဒေသနာဖြစ်စေ၊
သံသယဖြစ်ဖွယ် ဒေသနာကိုဖြစ်စေ ထင်ရှားရှိသော သုတ်တရား ၀ိနိယတရား၌
နှီးနှောတိုက်ဆိုင်ကြည့်ရမည်။ အကယ်၍ မကိုက်ညီလျှင် ‘ဤစကားသည် မြတ်စွာဘုရား၏
စကားတော် တရားတော်မဟုတ်၊ မှားယွင်းသော စကားသာဖြစ်သည်’ ဟု ဆုံးဖြတ်ရမည်။
(ဒီဃနိကာယ်၊မဟာဝဂ်၊မဟာပရိနိဗ္ဗာနသုတ်၊ မဟာပဒေသ၄ပါး)။ လက်ရှိ ဓမ္မ၀ိနိယသည်
မပြည့်စုံဟု မဆိုထိုက် ဘုရားရှင်ကိုယ်စား ဒေသနာထားခဲ့ရန်
လုံလောက်ပြီဖြစ်ကြောင်း မဟာပရိနိဗ္ဗာနသုတ်လာ ‘ဝေဠုဝရွာ၌
ဝါဆိုတော်မူခြင်းအခန်း’ နှင့် ‘မြတ်စွာဘုရား၏နောက်ဆုံးစကားတော်အခန်း’ တွင်
တွေ့ရှိနိုင်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ထိုလမ်းညွှန်ချက်များနှင့်အညီ
ဝိနိစ္ဆယလုပ်ထားပြီးသည်များကို လက်မခံလိုသော သူများသည် အမှန်စင်စစ်
သာသနာ့အန္တရာယ် ဓမ္မန္တရာယ် အဓမ္မ၀ါဒီများသာဖြစ်ပေသည်။
(ခ) အဓမ္မ၀ါဒ အဓမ္မ၀ါဒီဟု သတ်မှတ်ခြင်း
သာသနာပ တိတ္ထိဝါဒများကို အဓမ္မ၀ါဒဟု မသတ်မှတ်ဘဲ ‘ဘုရားရှင်မဟောသည်ကို ဟောသည်
ဟောထားသည်ကိုမဟော’ ‘ဓမ္မ၀ိနိယမဟုတ်သည်ကို ဟုတ်သည် ဟုတ်နေသည်ကိုမဟုတ’်ဟု
ယူဆသော ဗုဒ္ဓဘာသာဝင်များ၏ ၀ါဒကိုသာ အဓမ္မ၀ါဒ ဓမ္မန္တရာယ်ကြီးအဖြစ်
ရှုမြင်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဝင်များလက်ချက်ဖြင့်သာ
သာသနာတော်ကွယ်ပ ရမည်ဟု မြတ်ဘုရားမိန့်ထား သောကြောင့်တည်း။ (နိဒါန၀ဂ်သံယုတ်၊
ကဿပသံယုတ်၊ သဒ္ဓမ္မပ္ပဋိရူပကသုတ်)။ ထို အဓမ္မ၀ါဒကို မဖယ်ရှား ဓမ္မ၀ိနိယအဖြစ်
ခိုင်မြဲစွာ လက်ခံကြသူတို့သည် အမှန်စင်စစ် သာသနာ့အန္တရာယ် ဓမ္မန္တရာယ်
အဓမ္မ၀ါဒီများသာဖြစ်ပေသည်။
(ဂ) အဓိကရုဏ်းကိုဖြေရှင်းခြင်း
ဝိ၀ါဒါဓိကရုဏ်း အနုဝါဒါဒိကရုဏ်း အာပတ္တာဓိကရုဏ်း ကိစ္စာဓိကရုဏ်း ဟူသော
အဓိကရုဏ်းလေးပါးအား ဖြေရှင်းနည်း အသေးစိတ်လမ်းညွှန်ချက်များကို ၀ိနည်း
ပရိဝါပါဠိတော်၌ သေချာစွာလမ်းညွှန်ထားပြီးဖြစ်ပါ၏။
ဆရာတော်သံဃာတော်အရှင်သူမြတ်များသည် ထိုအတိုင်းကျင့်ကြံကြပါ၏။
ဒကာဒကာမတို့ကသာ ‘ငါတို့ဆရာက ဓမ္မ၀ိနိယသိ၏၊ စောဒက ၀ိနည်းဓိုရ်များကား
ဓမ္မ၀ိနယမသိ။ ငါတို့ဆရာက တရားကျင့်၏၊ သင်တို့ကား တရားမကျင့်။ ငါတို့ဆရာ
စကားသည် အကျိုးရှိ၏၊ သင်တို့ စကားသည် အပြစ်ရှာခြင်းဖြစ်၏’ စသည်ဖြင့်
ဂျိန်းများပမာ ငြင်းခုန်နေဆဲဖြစ်သည်ကို စိတ်မသက်သာဖွယ် သိရှိရ၏။
မှားလျှင်ပြင်ရုံသာ ဖြစ်သည် ဘာမျှခက်သည်မဟုတ်။ ခက်သည်က မိမိတို့ကို
တရားဓမ္မနှင့်မိတ်ဆက်ပေးသော ကျေးဇူးတော်ရှင်ဆရာသမား သိက္ခာကျမည်ဟု
တလွဲယူဆနေခြင်းသာဖြစ်သည်။ ထို့အပြင်လည်း မိမိတို့၏ ဆရာသမားသည် အရိယာဖြစ်၏
ထို့ကြောင့် သူပြောသမျှ မလွဲနိုင် သစ္စာသိပြီးဖြစ်၏ ဟုလည်း တရားသေစွဲကိုင်
ယူဆလေ့ရှိပါသည်။ အမှန်စင်စစ် မိမိ၏ ဆရာသမားမှာ အဘယ်အချိန်က
အဘယ်အဆင့်အတန်းရှိသော အရိယာဖြစ်သွားသည်ကိုလားလားမျှမသိဘဲ
ယုံကြည်ချက်ဖြင့်သာလျှင် ယူဆနေရှာလေသည်။ ပိဋကတ်တော်မူ
သမ္မာသံဗုဒ္ဓဘုရားဟောဖြစ်ခြင်း ခေတ်အဆက်ဆက် အရိယာသူတော်ကောင်းများက
ထိန်းသိမ်းစောင့်ရှောက်လာခြင်း ဟူသော ဂုဏ်နှင့် ပြည့်စုံပေသည်။
ထို့အပြင်လည်း အဘိဓမ္မာ ပုဂ္ဂလ၀ိဘင်္ဂတွင် ‘ရဟန္တာတို့သည်လည်း သစ္စာလေးပါးကို
အကြွင်းမဲ့ကုန်စင်အောင် မသိ’ ဟူသော ဒေသနာကို မကြားဖူး၍ အရိယာဟူက အမှား
မရှိဟု ယူဆနေခြင်းဖြစ်ပေလိမ့်မည်။ (သစ္စာလေးပါးကို အကြွင်းမဲ့မသိက
အဘယ်မှာလျှင် ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းကို
အကြွင်းမဲ့သိနိုင်ပါအံ့တော့နည်း)။ အရိယာသည် တရားတော်မြတ်ကို
ကိုယ်တိုင်မျက်မှောက်ပြုသည်ကားမှန်၏ သို့သော် မိမိသိသော တရားကို စကားလုံး
ဝေါဟာရ ပညတ်တိတိကျကျ တင်နိုင်ခြင်း ရှိမရှိချင့်ချိန်ရန်လိုအပ်လှသည်။
ထို့သို့မချင့်ချိန်ပါက အရိယာကို စွပ်စွဲသည့် ကံ ထိုက်နိုင်သလို
ဘုရားဟောကို ပစ်ပယ်သည့်အတွက် ဘုရားရှင်ကို စွပ်စွဲသည့်
ကံကြီးထိုက်နိုင်သည်ကို ကြပ်ကြပ်သတိထားကြပါ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့
ခင်ဗျား။
(ဃ) တရားဟောရာ၌ မှားခြင်း၏ အကြောင်းတရားများ
တရားဟောခြင်းသည် သိရှိရသော သဘာဝဖြစ်စဉ်တို့ကို ပညတ်တင်၍
ဟောပြောရခြင်းဖြစ်သည်။ ပညတ်တင်မှုလွဲလျှင် ဟောသည့်တရားကပါ လွဲပါသည်။
မှန်ကန်စွာပညတ်တင်နိုင်ခြင်းသည် ဉေယျဓံအရှင် မြတ်ဗုဒ္ဓ၏ အရာသာဖြစ်ပေသည်။
ဉေယျဓံအရှင်၏ တရားတော်မျာကို မှန်ကန်စွာ သဒ္ဒါဖလှယ် ဟောပြောနိုင်မှုသည်
ပဋိသမ္ဘိဒါပတ္တရဟန္တာ အရာသာဖြစ်ပေသည်။ (စတုက္ကအဂုင်္တ္တရ ပုဂ္ဂလ၀ဂ် ၀ါဒီသုတ်။ အဘိ၊
ပုဂ္ဂလပညတ်)။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှ အထူးထင်ရှားလှသော
ဆရာတော်ဘုရားကြီး တစ်ပါးသည် သည် တပည့်များကို တရားဟောပြရာ၌
ရှင်းခနဲဖြစ်သွားအောင် ဟောပြောနိုင်စွမ်းသော ဆရာတော်ပင်ဖြစ်ပါသည်။ သို့သော်
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (12) ‘၀ိနိစ္ဆယ’ ကျမ်းစာမှ
ညွှန်းပြထားသော တရားများဟောပြောနေစဉ်က မည်သည့်နည်းဖြင့်မျှ
ပဋိသမ္ဘိဒါပတ္တရဟန္တာမဟုတ်ချေ။ ဆဋ္ဌဘိညာရဟန္တာပင်ဖြစ်စေ ဦးတော့ ဟောသမျှ သဒ္ဒါ
(စကားလုံး စကား) အမှန်မဖြစ်နိုင်ချေ။ ထိုအမှားများ အဘယ်ကြောင့်မှားရသည်ကို
လေ့လာသုံးသပ်ခြင်းဖြင့် ဆရာတော်ကြီးကိုလည်း စွပ်စွဲပုတ်ခတ်
ဝေဖန်ရာမရောက်ခြင်း၊ သာသနာတော်ကြီကိုလည်း အဓွန့်ရှည်တည်တံစေသူဖြစ်ခြင်း၊
ပိဋကတ်တော်လာ ဗုဒ္ဓ၀စနများကို စွပ်စွဲပုတ်ခတ်ရာ မရောက်ခြင်း၊ အမှားအမှန်ကို
ဝေဖန်ပိုင်းခြားနိုင်သည် ၀ိဘဇ္ဇဉာဏ် အထုံပါရမီဖြစ်သွားခြင်း စသည့်
အကျိုးတရားများ ဖြစ်ပေါ်လာပေလိမ့်မည်။
(င) အမှားများကို လေ့လာသုံးသပ်နည်း
မည်သူမဆိုမှားနိုင်သည် မှားတတ်သည်ဖြစ်သည်။ တရားဓမ္မနှင့်စပ်လျင်း၍
အမှားများကို အကျိုးရှိရှိလေ့လာသုံးသပ်နည်း အာစရိယ၀ါဒ တစ်ခုမှာ
‘သူမှန်လျှင် ၀မ်းသာလိုက်ပါ။ သူမှားလျှင် သနားလိုက်ပါ။ မှန်မှန်မှားမှား
ကုသိုလ်ပွားပါစေ’ ဆိုသည့် အဆုံးအမဖြစ်သည်။ ‘သနားသည်ဆိုသည်မှာ အထင်သေးခြင်း’
ဟု သာမန်လူပြိန်း ဖီလော်ဆော်ဖာ တို့က ယူဆကြသော်လည်း ထေရ၀ါဒ၏ သနားနည်းမှာ
လူကိုသနားသည်ဟု ဂုဏ်ကျေးဇူးကို မတွေး
ဝါးလုံးရှည်ဖြင့်သိမ်းကျုံးပတ်ရိုက်ခြင်း မဟုတ်ဘဲ မှားရသည့်အကြောင်းတရားကို
နားလည်လက်ခံပေးကာ သံဝေဂယူခြင်း အမှားပြင်ပေးခြင်းပင် ဖြစ်တော့သည်။
တရားတော်နှင့်စပ်လျင်း၍ အငြင်းပွားဖွယ်များဖြစ်လာလျှင်
များစွာသောယောဂီတို့က ‘ကိုယ်တိုင်မမြင်ဖူးတဲ့တရား မှားတယ်မှန်တယ်
မဝေဖန်လိုပါ’ ဟု ဆိုတတ်ကြလေသည်။ (ကိုယ်တိုင်မမြင်ဖူးသော်လည်း
မြင်ဖူးသူမြတ်စွာဘုရားမည်သို့ ဟောသည်ကို နားလည်အောင် ကြိုးစားရမည်။
မိမိဆရာကမြင်ဖူးကြောင်း သေချာသိပါသလား။ ဘုရားနှင့် ဆရာ ဆန့်ကျင်လာလျှင် ?)။
မြတ်စွာဘုရားရှင်၏ အလိုတော်နှင့် ဆန့်ကျင်သော စကားကို ရဲရဲဝံ့ဝံ့
ဆိုလိုက်ခြင်းပင်ဖြစ်လေသည်။ ‘ရဟန်းတို့ အကြင်သူတို့သည် ဘုရား၊တရား၊သံဃာ
ရတနာသုံးပါးတို့၏ အပြစ်ကို ပြောလာကြလျှင် ရှေးဦးစွာ နှလုံးမသာမယာခြင်း
မဖြစ်ကြကုန်လင့်။ နှလုံးမသာမယာဖြစ်ခြင်းသည် သင်တို့အားသာလျှင် (မဂ်ဖိုလ်၏)
အန္တရာယ်ဖြစ်ရာသည်။ ဦးစွာ စီစစ်ပိုင်းခြားဦးလော့။ မဟုတ်လျှင်
မဟုတ်သည့်အတိုင်း သင်တို့ဖြေရှင်းကြရမည်။’ (ဒီ၊သီလက္ခန်၊ ဗြဟ္မဇာလသုတ်) ဟု
မိန့်ဆိုတော်မူခဲ့ပါသည်။
အာနန္ဒာ သမ္မုခါ ၀ိနည်းသည် အဘယ်သို့လျှင်
ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဓမ္မဟုတ်၏ ဟူ၍ လည်းကောင်း၊ ဓမ္မမဟုတ်
ဟူ၍ လည်းကောင်း၊ ၀ိနည်းဟုတ်၏ ဟူ၍လည်းကောင်း၊ ၀ိနည်းမဟုတ် ဟူ၍ လည်းကောင်း
ငြင်းခုံကုန်၏။ အာနန္ဒာ ထိုရဟန်း အားလုံးသည် ညီညီညွတ်ညွတ် စည်းဝေးရမည်၊
စည်းဝေးပြီးလျှင် တရားဥပဒေ စည်းမျဉ်းကို ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင် ရမည်၊
တရားဥပဒေ စည်းမျဉ်းကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ပြီးလျှင် အကြင် အခြင်းအရာ
အားဖြင့် ငြိမ်းစေသည်ရှိသော် ထိုတရားဥပဒေ စည်းမျဉ်းနှင့်ညီ၏၊
ထိုအခြင်းအရာအားဖြင့် ထိုအဓိကရုဏ်းကို ငြိမ်းစေရမည်။ အာနန္ဒာ ဤသို့လျှင်
သမ္မုခါဝိနည်းသည် ဖြစ်၏။ ဤ သို့လျှင် ဤသာသနာတော်၌ သမ္မုခါ ၀ိနည်းဖြင့်
အချို့သော ၀ိဝါဒါဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။ (ဥပရိပဏ္ဏာသ၊
၁-ဒေ၀ဒဟ၀ဂ်၊ ၄-သာမဂါမသုတ်၊စဉ် ၄၇။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်
အယူမကွဲပြားစေရန် နည်းများဟောကြားခြင်း၊ လုံးဝ အပြစ်မပြောကြနှင့်ဟု
မမိန့်ကြောင်းသတိပြုပါ)
စောဒက (အမှားဟု စွပ်စွဲသူ) သည် ကျင့်ဝတ်၅ပါးနှင့်အညီ စောဒနာ (စွပ်စွဲရမည်)
၁) သင့်တင့်လျောက်ပတ်သောအခါ၌ ပြောဆိုရမည်၊ မသင့်လျော်သော အခါ၌ မပြောဆိုရ။
(ဥပမာ - တရားဟောနေတုန်း ပူဇော်ပွဲလုပ်နေတုန်း အရှက်ခွဲသလို မပြောရ)
၂) ဟုတ်မှန်သည်ကို ပြောဆိုရမည်၊ မဟုတ်မှန်သည်ကို မပြောဆိုရ။
၃) သိမ်မွေ့နူးညံ့စွာ ပြောဆိုရမည်၊ ကြမ်းတမ်းစွာ မပြောဆိုရ။
၎) အကျိုးစီးပွားနှင့် စပ်သဖြင့် ပြောဆိုရမည်၊ အကျိုးစီးပွားနှင့် မစပ်သဖြင့် မပြောဆိုရ၊
၅) မေတ္တာစိတ်ရှိသည်ဖြစ်၍ ပြောဆိုရမည်၊ ဒေါသစိတ်ဖြင့် မပြောဆိုရ၊ (အမှားပြုပြင်ပေးလိုစိတ် မွေးရမည်)
(၀ိ၊၅၊၂၈၀)
စုဒိတက (စွပ်စွဲချက်များကို ဖြေရှင်းသူ) သည် ကျင့်ဝတ်၂ပါးနှင့် အညီ သောဓနာ (ချေပ) ရမည်-----
၁) စုဒိတကသည် မှန်မှန်ကန်ကန် ပြောဆိုတင်ပြ ဖြေရှင်းရမည်၊
(မှားမိလျှင်အမှား၊ မှန်လျှင်အမှန် ပြောရမည်၊ အပြစ်ရှာခံရသည် စသည်ဖြင့်
မဆီမဆိုင်ပြောရ)
၂) စုဒိတကသည် စောဒကအပေါ်၌လည်းကောင်း၊
ဆရာတော်သံဃာတော်များ အပေါ်၌လည်းကောင်း၊ ၀ိနည်းဓိုရ် (အမှားအမှန်
စီစစ်ဆုံးဖြတ်ပေးသူ) ဆရာတော်များ အပေါ်၌ လည်းကောင်း အမျက်ဒေါသ မထွက်ရန်
စောင့်ထိန်းရမည်။
(၀ိ၊၅၊၂၈၃)
ဝိနည်းဓိုရ်များ လိုက်နာကျင့်သုံးရန်၈ချက်----
၁) စကားကို အလွန်မြန်စွာမပြာရ၊
၂) ကြမ်းကြမ်းတမ်းတမ်း မပြောရ၊
၃) စောဒက၌ လည်းကောင်း စုဒိတက၌ လည်းကောင်း ဒေါသအမျက်မထွက်ရ၊
၎) အဆောတလျင် မစဉ်းမစား မပြောရ၊
၅) အငြင်းအခုန်ဖြစ်စေမည့် စကားမျိုးမပြောရ (အထောက်အထားဖြင့် မှားလျှင်မှား မှန်လျှင်မှန် ဆုံးဖြတ်ရမည်)
၆) အကျိုးစီးပွားနှင့် မစပ်သော စကားကို မပြောရ၊
၇) တိရစ္ဆာနကထာကို မပြောရ၊
၈) မိမိကိုယ်တိုင် စွမ်းနိုင်ပါက တရားစကား ပြောဟော ရမည်၊ သို့မဟုတ်
တပါးကို ပြောဟောရန် တိုက်တွန်းရမည်၊ သို့မဟုတ် တိတ်ဆိတ်စွာ နေရမည်။
(၀ိ၊၅၊၂၈၇)
(၀ိ-၀ိနည်း၊ ၅-ပရိဝါပါဠိတော်၊ ဆဋ္ဌမူပါဠိစာမျက်နှာ)
(၀ိနည်း ၄စူဠ၀ဂ် ၉ပါတိမောက္ခဋ္ဌပနက္ခန္ဓက တွင် ဘုရားရှင်က အရှင်ဥပါလိ ကို အကျယ်ဟောထားသည်လည်း ရှိသည်)
မြန်မာနိုင်ငံမှာ ပိဋကတ်တော်ရဲ့ Copy Right မူပိုင်ခွင့် ကို
လေးစားသောအားဖြင့် ဆရာတော်များ ဟောကြားရေးသားတော်မူသော တရားများကို
ပါဠိတော်နှင့် ချင့်ချိန်၍ ဗုဒ္ဓဒေသနာဖြစ်သည် ဗုဒ္ဓဒေသနာမဟုတ် စသည်ဖြင့်
ငြင်းခုန်ချေပစီစစ် ပိုင်ခွင့် ကို ဥပဒေအရပင် ပေးထားပါသည်။ ထိုလုပ်ရပ်ကလည်း
မလိုလားအပ်သော အပြစ်ရှာခြင်းမဟုတ် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကပင်
မတားမြစ်ရုံသာမက လုပ်နည်းလုပ်ဟန်ညွှန်ပြတော်မူခဲ့ပါသည်။ ထိုသို့
သံသယဖြစ်ဖွယ်များကို စီစစ်သင့်ပါလျက် မစီစစ်စေလိုခြင်း စီစစ်ထားသည်ကို
လက်မခံ ဝေဖန်အပြစ်ရှာခြင်းမျိုးသည် မြတ်စွာဘုရားရှင်၏ လမ်းညွှန်ချက်ကို
ပျက်ရယ်ပြုသကဲ့သို့ပင် ဖြစ်နေတတ်ပါသည်။ (မသိသေးသူများ သိဖို့ပါ)
အယူအဆဟူသည် ဒိဋ္ဌိ ဆိုပါက သောတာပန်အရိယာမှာ အယူအဆနှင့် သက်ဆိုင်သမျှ
အားလုံးမှန်ရပေမည်။ သို့သော် ထိုသို့မဟုတ်ပေ။ ဒီဃနိကာယ် မဟာဝဂ်
မဟာနိဒါနသုတ်တွင် အရှင် အာနန္ဒာကိုယ်တော်မြတ်က ‘ပဋိစ္စသမုပ္ပါဒ် သည် မိမိအတွက်
သိလွယ်ကာ တိမ်တိမ်လေး ဖြစ်လို့နေပါသည်’ ဟု မြတ်ဘုရားအားလျောက်ထားဖူးသည်။
အကယ်၍ ဘုရားထံလျောက်ထားခြင်းမဟုတ်ပဲ ဗဟုသုတလုံးဝနည်းပါသော သာမန်လူတစ်ဦးကို
ဟောပြပါက ‘သြော် ပဋိစ္စသမုပ္ပါဒ်က လွယ်သကိုး’ ဟု ဧတဒဂ်များရှင်
အရှင်အာနန္ဒာစကား မုချယူမည်သာဖြစ်သည်။ အကယ်၍ ဗဟုသုတ မပြည့်မစုံရှိသော
ပုထုဇဉ်က ‘ ဒီ အရှင် ကြောင်တောင်တောင် ဘာတွေ အတွေးချော်နေလည် မသိပါဘူး’
တွေးပါကလည်း အရိယူပ၀ါဒကံထိုက်ပေဦးမည်။ ထိုအတူ ရဟန္တာဖြစ်တိုင်းလည်း
လုပ်သင့် မလုပ်သင့် အကုန်သိနေသည်မဟုတ်ပေ။ ရဟန္တာမထေရ်များကို အကြောင်းပြု၍
ပညတ်တော်မူရသော သိက္ခာပုဒ်များက သက်သေခံလျက်သားရှိသည်။ အမှန်မှာ
တရားဟောရာတွင် ဘယ်သောအခါမျှ မမှားနိုင်သော သာဝကရဟန်းမှာ
ပဋိသမ္ဘိဒါပတ္တရဟန္တာများသာ ဖြစ်ပေသည်။ ရဟန္တာဖြစ်တိုင်း တရားအားလုံးမသိကြောင်း
သုသိမသုတ် အရ သိနိုင်ပေသည်။ ဆရာတော်များသည် ဘုရားဟော ပါဠိတော်
ပါဠိတော်ကိုဖွင့်ဆိုသော အဋ္ဌကထာ ဋီကာစသည်များအတိုင်း ကျင့်သုံး၍
နားလည်သဘောပေါက်သလိုကျင့်သုံးကာ ဟောကြားတော်မူနေရခြင်းသာဖြစ်သည်။ တခါတခါ
မှားဟောမိတတ်သည်လည်း ရှိသည်။ မှားလျှင် ပြင်ရုံသာ။
အမှားအမှန်ခွဲခြားသိတတ်အောင်လေ့လာရုံသာ။
Thursday, May 22, 2014
Saturday, May 10, 2014
ပဋိစ္စသမုပ္ပါဒ် ဟူသည် ......
ပဋိစ္စသမုပ္ပါဒ် ဟူသည် ......
(တိပိဋကပါဠိမြန်မာ
အဘိဓါန် အတွဲ၁၄ ပ-၀ဂ် အဖွင့်)
ပဋိစ္စသမုပ္ပါဒ်
(ပု) [ပဋိစ္စ+သမုပ္ပါဒ (သံ+ဥ+ပဒ+ဏ) သာမဂ္ဂိအင်္ဂါနံ အညမညေန ပဋိမုခံ ဣတော ဂတောတိ ကတွာ ပဋိစ္စောတိ
ဝုစ္စတိ။ သွာယံ သဟိတေယေ၀ အညမညံ အ၀ိနိဗ္ဘောဂ၀ုတ္တိဓမ္မေ ဥပ္ပါဒေတီတိ သမုပ္ပါဒေါတိပိ ၀ုတ္တော။
ဧ၀မ္ပိ ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါ။ ၀ိသုဒ္ဓိ၊၂။၁၅၂။ ပဋိစ္စ သမုပ္ပဇ္ဇတိ
ဖလံ ဧတသ္မာတိ ပဋိစ္စသမုပ္ပါဒေါ။ ပဒဒွယေနပိ ဓမ္မာနံ ပစ္စယဋ္ဌော ဧ၀ ၀ိဘာဝိတော။ ပ၊ဋီ၊၂။၁၃၁။ သံ၊ဋီ၊၁။၂၃၀။
ပဋိစ္စ သမုပ္ပဇ္ဇတိ သင်္ခါရာဒိကံ ဧတသွာတိ ဟိ ပဋိစ္စသမုပ္ပါဒေါ၊ ပစ္စေကံ အ၀ိဇ္ဇာဒိကော ပစ္စယဓမ္မော။
အနုဋီ၊၃။၃။]
အကြောင်း၊
အကြောင်းတရား၊ ပဋိစ္စသမုပ္ပါဒ်တရား။
(1) ပဋိစ္စသမုပ္ပါဒ်
ပဋိစ္စသမုပ္ပါဒ်ဟူသော
ပုဒ်၌ (၁) အကျိုးကို မုချအားဖြင့်ဟော၍ အကြောင်းကို ဖလူပစာရအားဖြင့် ယူသောနည်း၊ (၂)
အကြောင်းကိုပင် မုချအားဖြင့် ဟောသောနည်းဟူ၍နည်းနှစ်မျိုးရှိသည်။ ထိုတွင် (၁) အကျိုးကို
မုချအားဖြင့် ဟောရာ၌ ပဋိစ္စသဒ္ဒါသည် ‘ယုံကြည်အပ်’ ဟူသော အနက်ကို ဟော၍ သမုပ္ပါဒသဒ္ဒါသည်
‘တပေါင်းတည်းဖြစ်တ် မဖောက်မပြန်ဖြစ်တတ်’ ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် ‘ယုံကြည်အပ်
ယုံကြည်ထိုက်သည်ဖြစ်၍ တပေါင်းတည်းဖြစ်တတ် မဖောက်မပြန် အမှန်အတိုင်းဖြစ်တတ်သော တရား’
ဟု အဓိပ္ပာယ်ရသည်။ တနည်း- ပဋိစ္စသဒ္ဒါသည် ‘စွဲမှီ၍’ ဟူသော အနက် ကို ဟော၍ သမုပ္ပါဒသဒ္ဒါသည်
ရှေးနည်းတူပင်ဟောသောကြောင့် ‘အကြောင်းညီညွတ်ခြင်းကို စွဲ၍ အတူတကွ ဖြစ်တတ်, မဖောက်မပြန်
အမှန်အတိုင်း ဖြစ်တတ်သော တရား’ ဟု အဓိပ္ပာယ်ရသည်။
(၂) အကြောင်းကို
မုချအားဖြင့် ဟောရာ၌ ပဋိစ္စသဒ္ဒါသည် ‘စွဲ၍ဖြစ်တတ်’ ဟူသော အနက်ကို ဟော၍ သမုပ္ပါဒသဒ္ဒါသည်
‘ဖြစ်စေတတ်ဟူသော’ အနက်ကိုဟောသည်။ ထို့ကြောင့် ‘အကြောင်းတရားအချင်းချင်း ရှေးရှုဖြစ်၍
အကျိုးတရားတို့ကို ဖြစ်စေတတ်သော တရား’ ဟု အဓိပ္ပာယ်ရသည်။ တနည်း- ပဋိစ္စသဒ္ဒါသည် ‘အညီအညွတ်
မရှေးမနှောင်း ဖြစ်စေတတ်’ ဟူသောအနက်ကိုဟောသည်။ ထို့ကြောင့် ‘အကြောင်းတရားတို့ တပါးသည်
တပါးကို စွဲ၍ အညီအညွတ်, မရှေးမနှောင်း ဖြစ်စေတတ်သော တရား’ ဟု အဓိပ္ပာယ်ရသည်။ (၀ိသုဒ္ဓိ၊၂။၁၅၁-၂)
ကေစိဆရာတို့ကမု
‘ပဋိစ္စသမုပ္ပါဒ်’ ဟူသည် ‘ထိုထိုအကြောင်းကို စွဲမှီ၍ မဖောက်မပြန် အမှန်အတိုင်းဖြစ်ခြင်း
သဘောမျှသာ ဖြစ်သည်’ {ပဋိစ္စ (စွဲမှီ၍၊ တစ်ခုခုအပေါ်မှီခို၍၊ အကြောင်းခံ၍) သံ (ကောင်းစွာ)
ဥပ္ပါဒ (ဖြစ်ပေါ်ခြင်း)} ဟု ဖွင့်ဆိုကြသည်၊ ယင်းတို့၏ ဖွင့်ဆိုချက်သည် ထိုသို့သော အနက်အဓိပ္ပာယ်ကို
ပြီးစေတတ်သည့် သာဓကပါဠိ မရှိသောကြောင့်လည်းကောင်း, ပဒေသ၀ိဟာရသုတ် (သံ၊၃။၁၁), ကစ္စာနဂေါတ္တသုတ်
(သံ၊၁။၂၅၇) တို့နှင့် ဆန့်ကျင်သောကြောင့်လည်းကောင်း, နက်နဲခြင်းလေးရပ် (ဂမ္ဘီရစတုက္က)
နှင့် နည်းမြတ်လေးသွယ် (နယစတုက္က)၏ မဖြစ်သင့်ခြင်းကြောင့် လည်းကောင်း, ပဋိစ္စနှင့် သမုပ္ပါဒ
သဒ္ဒါတို့ သမာနကတ္တုက မဖြစ်ဘဲ သဒ္ဒါနည်းပျက်ခြင်းကြောင့် လည်းကောင်း မသင့်မြတ်ပေ (၀ိသုဒ္ဓိ၊၂။၁၅၀)
…… (သို့ရာတွင်
ကေစိဆရာတို့ အယူအဆသည် လုံးလုံးကြီးမှားသည်မဟုတ်ပေ။ သဒ္ဒါအားဖြင့်ခွဲခြမ်းစိတ်ဖြာနည်းတစ်နည်း
အရ မှန်နေပေသည်။ သို့ရာတွင် ‘သဘောမျှသာဖြစ်သည်’ ဆိုသည့် အချက်ကို ကေစိဆရာတို့ လက်ကိုင်ထားသောကြောင့်
မှားရခြင်းဖြစ်သည်။ အင်မတန်နက်နဲသော ပဋိစ္စသမုပ္ပါဒ်ကို သာမန်လူတို့အား စတင်ရှင်းပြရာ၌မူ
လွယ်ကူသော ထိုအဖွင့်ဖြင့်သာ ရှင်းပြလေ့ရှိသည်။ ပါမောက္ခချုပ် Dr. နန္ဒမာလာဘိဝံသ သည်ပင်
ပဋိစ္စ = Dependent အမှီပြုနေသော , သမုပ္ပါဒ= Origination (အကျိုးတရားကို ထောက်ပံ့မည့်)
အကြောင်းတရား ဟု ဖွင့်ဆိုရှင်းပြသွားလေသည်။) ……
(2) ပဋိစ္စသမုပ္ပါဒ်
လက္ခဏာ
ပဋိစ္စသမုပ္ပါဒ်သည်
အကြောင်းတရားသာ ဖြစ်ရကား ထိုထိုအကျိုး ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုခြင်း (ဖြစ်စေခြင်း)
ဟူသော မှတ်ကြောင်း ‘လက္ခဏာ’ ရှိသည်။ မပြတ်မစဲဖြစ်မှု ပ၀တ္တိဒုက္ခသို့ အစဉ်လိုက်ခြင်း ဟူသော
‘ကိစ္စရသ’ ရှိသည်။ စက်ဆုပ်ဖွယ်ကောင်းသည့် သံသရာခရီးအဖြစ်ဖြင့် ဉာဏ်အားရှေးရှုထင်လာမှု
‘ပစ္စုပဋ္ဌာန်’ ရှိသည်။ ပဋိစ္စသမုပ္ပါဒ်သည်လည်း အကြောင်းမကင်းသော ‘သပစ္စယ’ တရားဖြစ်၍ ဆိုင်ရာ
ဝိသေသအကြောင်း ဟူသော ‘ပဒဋ္ဌာန်’ ရှိသည်။ (၀ိသုဒ္ဓိ၊၂။၁၄၉။ ပဋိသံ၊ဋ္ဌ၊၁။၂၂၆)
(3) ပဋိစ္စသမုပ္ပါဒ်တရားကိုယ်
ပဋိစ္စသမုပ္ပါဒ်၌
အ၀ိဇ္ဇာ, သင်္ခါရ, ၀ိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘ၀, ဇာတိ, ဇရာ
မရဏ ဟူ၍ ပဓါန အင်္ဂါ ၁၂-ပါးရှိသည်။ ပဋိစ္စသမုပ္ပါဒ်ပါဠိတော်လာ ရှိသမျှ အင်္ဂါကို အကုန်အစင်ရေတွက်လျှင်မူ
ပဋိစ္စသမုပ္ပါဒ်၌ အ၀ိဇ္ဇာ, သင်္ခါရ, ၀ိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်,
ဘ၀, ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေ၀, ဒုက္ခ, ဒေါမနဿ, ဥပါယာသ ဟူ၍ ၁၈-ပါးရှိလေသည်။ ထိုတွင်
သောက စသော ၅-ပါးသည် ဇာတိ၏ ဧကန်အကျိုးမဟုတ်ဘဲ အနေကန် အကျိုးဆက်မျှသာ ဖြစ်သည်။ ထို့ကြောင့်
ယင်းတို့ကို ပဋိစ္စသမုပ္ပါဒ်အင်္ဂါအဖြစ်မရေတွက်တော့ဘဲ ဇရာနှင့် မရဏကိုလည်းတပေါင်းတည်းပြု၍
ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးဟု ဆိုသည် (အဘိ၊ဋ္ဌ၊၂။၁၃၀။ ၀ိသုဒ္ဓိ၊၂။၁၆၀-၁။ သင်္ဂဟ။၁၃၂)။
ပဋိစ္စသမုပ္ပါဒ်အင်္ဂါ
၁၂-ပါးတို့၏ တရားကိုယ် အရကောက်ရာ၌ သုတ္တန္တဘာဇနီယနည်း, အဘိဓမ္မာဘာဇနီယနည်း ဟူ၍ နည်း ၂-မျိုးရှိသည်။
ထိုတွင် သုတ္တန္တဘာဇနီယနည်းသည် အကြောင်းအကျိုး ဖြစ်သင့်ရုံမျှကောက်သော နည်းဖြစ်၍ အဘိဓမ္မာဘာဇနီယနည်းသည်
တရားကိုယ်ရသင့်သမျှ ကောက်သောနည်းဖြစ်သည်။
အ၀ိဇ္ဇာအရ
သုတ္တန္တဘာဇနီယနည်း အားဖြင့် သစ္စာ ၄-ပါး၌ မသိခြင်း မောဟကိုကောက်၍ အဘိဓမ္မာဘာဇနီယ နည်းအားဖြင့်
သစ္စာလေးပါး, ပုဗ္ဗန္တ (အတိခန္ဓာ, အာယတန, ဓါတ်), အပရန္တ (အနာဂါတ် ခန္ဓာ, အာယတန, ဓါတ်), ပုဗ္ဗန္တာပရန္တ
(နှစ်ပါးစုံ), ပဋိစ္စသမုပ္ပါဒ်၊ ဤရှစ်ပါး၌ မသိခြင်းမောဟကို ကောက်သည်။ (အဘိ၊ဓ။၂၁၆။ အဘိ၊၀ိ။၁၄၂။
အဘိ၊ဋ္ဌ၊၂။၁၃၁။ ၀ိသုဒ္ဓိ၊၂။၁၆၁)။ သင်္ခါရအရ သုတ္တန်နည်းအားဖြင့် လောကီကုသိုလ်, အကုသိုလ် စေတနာ
၂၉-ပါးကို ကောက်၍ အဘိဓမ္မာနည်းအားဖြင့် လောကုတ္တရာကုသိုလ်စေတနာ ၄-ပါးကို ထည့်၍ ၃၃-ပါး
(ပရမတ္ထဒီပနီ။၃၇၇)။ တနည်း စိတ်၈၉ပါး၌ရှိသော စေတနာ ၈၉ပါး ကောက်ရသည် (၀ိပေဋက၀ိနိစ္ဆယ၊၂။၃၅)
.........(၀ိညာဉ်ကတော့
လောကီစိတ်အကုန်၊ တနည်းဆိုပြီး လောကုတ္တရာစိတ်တွေပါထည့်ပေါင်းပြီး စိတ်အကုန်လုံးကို ယူရပါဦးမည်။
သံသရာလည်တာကို ပြတာဖြစ်၍ လောကုတ္တရာစိတ်တွေ ချန်ပြီးကောက်လေ့ ဟောလေ့လည်းရှိ၏။ မဂ်ဖိုလ်စိတ်များသည်
လောကုတ္တရာ လောကမှ လွန်မြောက်ပြီးဟု ဆိုထားပြီးဖြစ်သဖြင့် ဒုက္ခ၏အစု အပုံဖြစ်သော ပဋိစ္စသမုပ္ပါဒ်လည်စဉ်
(ဒုက္ခန္ဓဿ သမုဒယော) အတွင်း မသွင်းဟုသော အယူအဆလည်းရှိပေသည်။ သို့ရာတွင် ပဋိစ္စသမုပ္ပါဒပြတ်စဉ်
(ဒုက္ခန္ဓဿ နိရောဓေါ) တွင်လည်း ‘ နာမရူပံ ဖဿ ဆဋ္ဌာယတန ၀ိညာဉ် ဝေဒနာ ဇရာမရဏ’ တို့၏ ပြတ်စဲခြင်းကိုပါ
မြတ်စွာဘုရားဟောတော်မူသည် ကို သတိပြုရပေမည်။ သင်္ခါရ အတွင်း အရဟတ္တမဂ်ကို ပါ ထည့်ကောက်ထားသည်မှာ
‘ အတိတ်က အ၀ိဇ္ဇာမပယ်သတ်ခဲ့သဖြင့် ယခုမှ ပယ်သတ်ရသည်’ ဆိုသည့် အနေအထားကိုပါ မှတ်ယူရမည်။
သစ္စာလေးပါး ဒေသနာအရရှုသော် ၀ိပဿနာရှုစိတ်များသည်ပင် ဒုက္ခသစ္စာ (ဥပါဒါနက္ခန္ဓာ) အတွင်း အကျုံးဝင်နေကြသည်။
မဂ်ဖိုလ်တို့မှသာ မဂ္ဂသစ္စာအတွင်း ပါဝင်ကြလေသည်။ သို့ရာတွင် ‘ဘ၀ဟူသည် လက်ဖျစ်တစ်တွတ်စာကာလမျှကို
ပင် ငါဘုရားမချီးမွှမ်း’ အစရှိသာ သုတ္တန်ဒေသနာ, ပုဂ္ဂိုလ်သတ္တ၀ါ အကြိုက် မငဲ့ကွက်သော သစ္စာလေးပါးကို
အကျယ်ချဲ့သည့် ပရမတ္ထ အဘိဓမ္မာဒေသနာတို့ အရမူ ‘မဂ်ဖိုလ်တို့ကို ပင် ဒုက္ခစရင်းထဲ’ ထည့်
ရပေတော့မည်။ သို့ရာတွင် ဒုက္ခသစ္စာဟူ၍လည်းမဆိုရ။ အဘယ်ကြောင့်ဆိုသော် ဒုက္ခသစ္စာဟူသည် ၀ိပဿနာ၏ အာရုံဂေါစရ ဖြစ်သည်ကတစ်ကြောင်း,
ဝေါဟာရများ ရှုတ်ထွေးကုန်မည်က တစ်ကြောင်း, ‘မဂ်ဖိုလ်လည်း ၀ိပရိနာမဒုက္ခပါကွာ’ ဟု ဆိုခြင်းဖြင့် များစွာသောဝေနေယျတို့ အချည်းအနှီး
လုံ့လလျော့မည်သာဖြစ်၍ တစ်ကြောင်းကြောင့်ဖြစ်သည်။ ဤနေရာ၌ မဂ်ဖိုလ်တို့သည် ကိုယ်တိုင်က
ဖြစ်ခြင်းပျက်ခြင်း ရှိပါလျက် ဖြစ်ခြင်းပျက်ခြင်းမရှိသော ငြိမ်သက်ချမ်းသာသော အကြောင်းတရားကင်းမဲ့သော
နိဗ္ဗာန်ဓမ္မာရုံကို အာရုံပြုနေသောကြောင့် ဘာဝနာမယပညာတွင် သုခ ဟုသာ ခံစားသိမြင်ရမည် ဖြစ်သည်။)....
နာမရူပံ ၌
နာမ်အရ သုတ္တန်နည်းအားဖြင့် လောကီဝိပါက်စိတ် ၃၂-ပါး၌ ယှဉ်သော ဝေဒနာ, သညာ, သင်္ခါရ ခန္ဓာ
၃-ပါး၊ အဘိဓမ္မာနည်းအားဖြင့် ကိရိယာစိတ်ကြဉ်သော စိတ် ၆၉-ပါး၌ယှဉ်သော ခန္ဓာ ၃-ပါး၊ တနည်း
စိတ် ၈၉-ပါး၌ယှဉ်သော ခန္ဓာ ၃-ပါး၊ ရုပ်အရ ကမ္မဇရုပ်-၂၀၊ စိတ္တဇရုပ်-၁၇၊ တနည်း- စတုဇရုပ်
၂၈-ပါးကို ကောက်ရသည်။ သဠာယတနအရ စက္ခု, သောတ, ဃန, ဇီဝှါ, ကာယ ရုပ်အာယတန ၅-ပါးနှင့် ကိရိယာစိတ်ကြဉ်သော စိတ် ၆၉-ပါး၊ တနည်း- စိတ် ၈၉-ပါးဟူသော မနာယတန၊ ဖဿအရ
သုတ္တန်နည်းအားဖြင့် လောကီဝိပါက် ၃၂-ပါး၌ယှဉ်သော ဖဿ၊ အဘိဓမ္မာနည်းအားဖြင့် ကိရိယာစိတ်
ကြဉ်သော စိတ် ၆၉-ပါး၊ တနည်း စိတ် ၈၉-ပါး၌ယှဉ်သော ဖဿ စေတသိက်ကို ကောက်ရသည်။ ဝေဒနာလည်း
ထိုနည်းတူပင်။ တဏှာ အရ လောဘမူလစိတ် ၈-ပါး၌ယှဉ်သော လောဘစေတသိက်။ ဥပါဒါန်အရ လောဘနှင့်
ဒိဋ္ဌိစေတသိက်။ ဥပါဒါနပစ္စယာ ဘဝေါ- ၌ ဘ၀သည် ကမ္မဘ၀, ဥပပတ္တိဘ၀ဟု ၂-ပါးရှိသည်။ ထိုတွင် ကမ္မဘ၀အရ
လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ပါး၊ ဥပပတ္တိဘ၀အရ လောကီ ၀ိပါက်စိတ် ၃၂-ပါး၊ ထို၌ယှဉ်သော
စေတသိက် ၃၅-ပါးနှင့် ကမ္မရုပ် ၂၀-ကို ကောက်ရသည်။ ဘ၀ပစ္စယာ ဇာတိ-၌ ဘ၀အရ အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂။၁၇၈။
ဝိသုဒ္ဓိ၊၂။၂၁၀) အလို ကမ္မဘ၀ကို သာကောက်၍ မူလဋီကာ (၂။၁၂၄) အလို ဥပပတ္တိဘ၀ကို လည်း ကောက်ရသည်။
ဇာတိ, ဇရာ, မရဏ တို့အတွက် တရားကိုယ် သီးခြား မရှိပေ၊ ဖော်ပြပြီး ၀ိညာဏ်, နာမ်ရုပ်,
သဠာယတန, ဖဿ, ဝေဒနာ တို့၏ ဖြစ်ခြင်း အခိုက်အတန့် ‘ဥပါဒ်’, ရင့်ရော်ခြင်းအခိုက်အတန့်
‘ဌီ’, ပျက်စီးခြင်းအခိုက်အတန့် ‘ဘင်’ တို့သည် သာ အစဉ်အတိုင်း ဇာတိ, ဇရာ, မရဏတို့ဖြစ်သည်။
.........(နိဒါန၀ဂ္ဂသံယုတ် ၀ိဘင်္ဂသုတ်နှင့် ပဋိစ္စသမုပ္ပါဒ၀ိဘင်္ဂသုတ္တန္တဘာဇနီယ အရ ပဋိသန္ဓေနေခြင်း
အိုမင်းခြင်း သေဆုံးခြင်းတွေကို ဖွင့်ပါသည်။).....
(4) ပဋိစ္စသမုပ္ပါဒ်အခြင်းအရာ
ပဋိစ္စသမုပ္ပါဒ်ကို
လေ့လာရာ၌ အဓွန့်သုံးဖြာ, ခြင်းရာနှစ်ဆယ်, သုံးသွယ်အစပ်, လေးရပ်အလွှာ, သုံးဖြာ ၀ဋ္ဋ, မူလနှစ်ပါးတို့ကို
ပိုင်းခြားထင်ထင် သိမြင်လာအောင် ဆင်ခြင်သုံးသပ်ရသည်။ ထိုတွင် အ၀ိဇ္ဇာနှင့် သင်္ခါရသည်
အတိတ်အဓွန့် (အတိတ်ကာလ) တရားဖြစ်သည်၊ ၀ိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်,
ဘ၀ ဤ ၈-ပါးသည် ပစ္စုပ္ပန်အဓွန့် (ပစ္စုပ္ပန်ကာလ) တရားဖြစ်သည်။ ဇာတိ ဇရာ မရဏသည် အနာဂတ်အဓွန့်
(အနာဂတ်ကာလ) တရားဖြစ်သည်။ အတိတ်အဓွန့်၌ အ၀ိဇ္ဇာနှင့် သင်္ခါရကို တိုက်ရိုက်ယူသဖြင့် ယင်းတို့နှင့်
ကိလေသ၀ဋ် အဖြစ်ဖြင့် တူသည့် တဏှာ ဥပါဒါန်၊ ကမ္မ၀ဋ်အဖြစ်ဖြင့် တူသည့် ကမ္မဘ၀ကိုလည်း မကင်းစကောင်းသော
(အ၀ိနာဘာဝ) နည်းဖြင့် ယူပြီးဖြစ်သည်။ ထိုကြောင့် အ၀ိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘ၀တို့သည်
အတိတ်အကြောင်း ၅-ပါးဖြစ်သည်။ ပစ္စုပ္ပန်အဓွန့် ၈-ပါးတွင် ၀ိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ,
ဝေဒနာ ၅-ပါးတို့သည် ၀ိပါက၀ဋ်ဖြစ်၍ ပစ္စပ္ပန်အကျိုး ၅-ပါးတည်း။ ပစ္စုပ္ပန်အဓွန့်၌ တဏှာ ဥပါဒါန်
ကမ္မဘ၀ကို တိုက်ရိုက်ယူသဖြင့် ယင်းတို့နှင့် ကိလေသ၀ဋ်အဖြစ်ဖြင့် တူသော အ၀ိဇ္ဇာ၊ ကမ္မ၀ဋ်အဖြစ်ဖြင့်
တူသော သင်္ခါရကိုလည်း ယူပြီးဖြစ်သည်။ ထို့ကြောင့် တဏှာ, ဥပါဒါန်, ကမ္မဘ၀, အ၀ိဇ္ဇာ, သင်္ခါရ
တို့သည် ပစ္စပ္ပန်အကြောင်း ၅-ပါးဖြစ်သည်။ အနာဂတ်အဓွန့်၌ ဂုဏ်သတ္တိဖြစ်သော ဇာတိ,ဇရာ,မရဏကို
တိုက်ရိုက်ယူသဖြင့် ဂုဏေးသတ္တိမန္တ ဖြစ်သော ၀ိညာဉ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော
အကျိုးတရား ၀ိပါက၀ဋ် ၅-ပါးကိုလည်း ယူပြီးဖြစ်သည်။ ထိုတရား ၅-ပါးကိုပင် အနာဂတ်အကျိုး
၅-ပါး ဟု ဆိုသည်။ ဤသို့လျှင် အတိတ်အကြောင်း ၅-ပါး၊ ပစ္စုပ္ပန်အကျိုး ၅-ပါး၊ ပစ္စပ္ပန်အကြောင်း
၅-ပါး၊ အနာဂတ်အကျိုး ၅-ပါးဟူ၍ ပဋိစ္စသမုပ္ပါဒ်ခြင်းရာ
နှစ်ဆယ် ဖြစ်သည်။ (ပဋိသံ။၅၀-၅၁။ ပဋိသံ၊ဋ္ဌ၊၁။၂၂၅။ အဘိ၊ဋ္ဌ၊၂။၁၈၂-၃။ ၀ိသုဒ္ဓိ၊၂။၂၁၄-၅)။
ပဋိစ္စသမုပ္ပါဒ်အင်္ဂါ
၁၂-ပါးတွင် သင်္ခါရနှင့် ၀ိညာဉ်တို့၏ အကြားသည် အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတို့၏
အဆက်အစပ်ဖြစ်၍ ‘ဟေတုဖလသန္ဓိ’ မည်၏။ ဝေဒနာနှင့် တဏှာတို့၏ အကြားသည် ပစ္စပ္ပန်အကျိုးနှင့်
ပစ္စုပ္ပန်အကြောင်းတို့၏ အဆက်အစပ်ဖြစ်၍ ‘ဖလဟေတုသန္ဓိ’ မည်၏။ ဘ၀နှင့် ဇာတိ တို့၏ အကြားသည်
ပစ္စုပ္ပန်အကြောင်းနှင့် အနာဂတ်အကျိုးတို့၏ အဆက်အစပ်ဖြစ်၍ ‘ဟေတုဖလသန္ဓိ’ မည်၏။ ဤသို့ အဆက်အစပ်
(သန္ဓိ) ၃-ပါးဖြစ်သည် (ပဋိသံ၊ဋ္ဌ၊၁။၂၂၅)။
ပဋိစ္စသမုပ္ပါဒ်အင်္ဂါ
၁၂-ပါးတွင် အ၀ိဇ္ဇာ, သင်္ခါရ ၂-ပါးသည်၊ တနည်း - အတိတ်အကြောင်း ၅-ပါးသည် တစ်လွှာ၊ ၀ိညာဉ်,
နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ပစ္စုပ္ပန်အကျိုး ၅-ပါးသည် တစ်လွှာ၊ တဏှာ, ဥပါဒါန်, ကမ္မဘဝ
၃-ပါးသည်၊ တနည်း ပစ္စုပ္ပန်အကြောင်း ၅-ပါးသည် တစ်လွှာ၊ ဇာတိ, ဇရာ မရဏ ၂-ပါးသည်၊ တနည်း
-အနာဂတ်အကျိုး ၅-ပါးသည် တစ်လွှာ၊ ဤသို့ အလွှာ ၄-ပါးဖြစ်သည်။ အ၀ိဇ္ဇာ, တဏှာ, ဥပါဒါန် ၃-ပါးသည်
‘ကိလေသ၀ဋ်’၊ ၀ိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဥပပတ္တိဘ၀ ဇာတိ ဇရာ မရဏ ၈-ပါးသည် ‘၀ိပါက၀ဋ်’၊
သင်္ခါရ ကမ္မဘ၀ ၂-ပါးသည် ‘ကမ္မ၀ဋ်’ မည်၏။ ဤသို့ ၀ဋ် ၃-ပါးဖြစ်သည်။ အ၀ိဇ္ဇာသည် အတိတ်အကြောင်း,
ပစ္စုပ္ပန်အကျိုးဟူသော ပဋိစ္စသမုပ္ပါဒ် ပုဗ္ဗန္တစက် (ရှေ့အစုံ) ၏ အကြောင်းရင်း အကြောင်းစ
မူလဖြစ်သည်။ တဏှာသည် ပစ္စုပ္ပန်အကြောင်း, အနာဂတ်အကျိုးဟူသော ပဋိစ္စသမုပ္ပါဒ် အပရန္တစက်
(နောက်အစု) ၏ အကြောင်းအရင် အကြောင်းစ မူလဖြစ်သည်။ ဤသို့ ပဋိစ္စသမုပ္ပါဒ်၌ အဓွန့်သုံးဖြာ,
ခြင်းရာနှစ်ဆယ်, သုံးသွယ်အစပ်, လေးရပ်အလွှာ, သုံးဖြာဝဋ္ဋ, မူလနှစ်ပါးတို့ကို ပိုင်းခြားသိမြင်အောင်
ဆင်ခြင်သုံးသပ်ရသည်။
(5) ပဋိစ္စသမုပ္ပါဒ်ဒေသနာ
ပဋိစ္စသမုပ္ပါဒ်၏
အနက်အဓိပ္ပါယ်အဆုံးအဖြတ်ကို သိမှတ်လိုသူသည် ဟောကြားပုံ ဟောကြားနည်း ‘ဒေသနာ’ အထူးကို
လေ့လာမှတ်သားသင့်သည်။ ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ်ကို ဟောတော်မူရာ၌ တစ်မျိုးတစ်စားတည်း
ဟောကြားတော်မမူဘဲ ၄-မျိုး ၄-စား ခွဲခြားဟောတော်မူသည်။ (၁) မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိ
မဟာတဏှာ သင်္ခယသုတ် (မ၊၁။၃၂၈), သံယုတ္တနိကာယ် နိဒါန၀ဂ္ဂသံယုတ် ၀ိဘင်္ဂသုတ် (သံ၊၁။၂၄၆) စသည်
တို့၌ ‘ဣတိ ခေါ ဘိက္ခဝေ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ..... ဇာတိပစ္စယာ ဇရာမရဏံ’ စသည် ဖြင့် အစဉ်အတိုင်း
ကြောင်းကျိုးဖော်ပြသည့် အနုလောမ ဒေသနာကို အစမှ အဆုံးတိုင် ဟောပြတော်မူသည်။ (၂) မဟာတဏှာသင်္ခယသုတ်
(မ၊၁။၃၃၃) နှင့် ခန္ဓ၀ဂ္ဂသံယုတ် သမာဓိသုတ် (သံ၊၂။၁၃) စသည်တို့၌ ‘တဿ တံ ဝေဒနံ အဘိနန္ဒတော
...... ယာ ဝေဒနာသု နန္ဒီ၊ တဒုပါဒနံ။ တဿုပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ’
စသည်ဖြင့် အနုလောမ ဒေသနာကို ပင် အလယ်မှ စ၍ အဆုံးတိုင်ဟောပြတော်မူသည်။ (၃) မဟာတဏှာသင်္ခယသုတ်
(မ၊၁။၃၂၈-၉) ၌ပင် ‘ဇာတိပစ္စယာ ဇရာမရဏန္တိ ဣတိ ခေါ ပနေတံဝုတ္တံ၊ ဇာတိပစ္စယာ နု ခေါ ဘိက္ခဝေ
ဇရာမရဏံ နော ဝေါ၊ ကထံ ဝေါ ဧတ္တ ဟောတီတိ။ ဇာတိ ပစ္စယာ ဘန္တေ ဇရာမရဏံ၊ ဧ၀ံ နော ဧတ္ထ ဟောတိ
ဇာတိပစ္စယာ ဇရာမရဏန္တိ။ ........... အ၀ိဇ္ဇာပစ္စယာ သင်္ခါရာတိ ဣတိ ခေါ ပနေတံ ၀ုတ္တံ၊ အ၀ိဇ္ဇာပစ္စယာ
နုခေါ ဘိက္ခဝေ သင်္ခါရာ နော ၀ါ၊ ကထံ ဝေါ ဧတ္ထ ဟောတီတိ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာတိ’ စသညဖြင့်
နောက်ပြန် (ပဋိလုံ) အားဖြင့် ကြောင်းကျိုးဖော်ပြသည့် ပဋိလောမ ဒေသနိာကု အဆုံမှစ၍ အရင်းအစ
မူလတိုင်အောင် ဟောပြတော်မူသည်။ (၄) နိဒါန၀ဂ္ဂသံယုတ် အာဟာရသုတ် (သံ၊၁။၂၅၃) စသည်၌ ‘ဣမေ
စတ္တာရော အာဟာရာ ကိံ နိဒါနာ ကိံ သမုဒယာ ကိံ ဇာတိကာ ကိံ ပဘ၀ါ။ ဣမေ စတ္တာရော အာဟာရာ တဏှာနိဒါနာ
.... တဏှာပဘ၀ါ။ တဏှာစာယံ ဘိက္ခဝေ .... ဝေဒနာပဘ၀ါ။ .... သင်္ခါရာ အ၀ိဇ္ဇာနိဒါနာ .... အ၀ိဇ္ဇာပဘ၀ါ’
ဟူ၍ ပဋိလောမဒေသနာကိုပင် ဝေဒနာ တဏှာဟူသော အလယ်မှစ၍ အရင်းအစ မူလတိုင်အောင် ဟောပြတော်မူသည်။
ဤသို့ ဒေသနာတော် ၄-မျိုးခွဲခြားဟောတော်မူခြင်းသည် ပဋိစ္စသမုပ္ပါဒ်၏ ၀န်းကျင်ဥဿုံ အလုံးစုံကောင်းမြတ်သောကြောင့်
လည်းကောင်း၊ ဘုရားရှင်၏ ဒေသနာဝိလာသဉာဏ်အထူးကို ရရှိတော်မူသောကြောင့်လည်းကောင်း ဖြစ်သည်။
ဘုရားရှင်သည်
ပဋိစ္စသမုပ္ပါဒ် ၀ဋ်တရား၏ အကြောင်းအထူး၌ တွေဝေသော ဝေနေယျသတ္တ၀ါတို့ကို သက်ဆိုင်ရာ အ၀ိဇ္ဇာစသော
အကြောင်းကြောင့် သင်္ခါရစသော အကျိုးဖြစ်ပုံကို ပြခြင်းငှာလည်းကောင်း, ပဋိစ္စသမုပ္ပါဒ်တရား၏
ဖြစ်စဉ်ကို အပြည့်အစုံပြခြင်းငှာလည်းကောင်း, ပဋိစ္စသမုပ္ပါဒ် အနုလောမ ဒေသနာကို အရင်းမူလ
အ၀ိဇ္ဇာမှ စ၍ ဇရာမရဏ အဆုံးတိုင်အောင် ဟောပြတော်မူသည်။ မြတ်စွာဘုရားရှင်သည် ပစ္စုပ္ပန်အဓွန့်၌
အနာဂတ် ဘ၀ဖြစ်ခြင်း၏ အကြောင်းဖြစ်သည့် တဏှာ ဥပါဒါန် ကမ္မဘ၀ အ၀ိဇ္ဇာ သင်္ခါရတို့ ဖြစ်သည်မှ
စ၍ အနာဂတ်ဘ၀ အကျိုးတရားတို့ ဖြစ်ပွားသည့်တိုင်အောင် ပစ္စုပ္ပန်နှင့် အနာဂတ်အဓွန့်ကို(ဟေတုဖလ
ဆက်စပ်ခြင်းအားဖြင့်) ထင်ရှားပြတော်မူသည်။ မြတ်စွာဘုရားရှင်သည် ဘ၀တစ်ခု၌ဖြစ် အိုနာသေ
အထွေထွေ ဒုက္ခ တွေ့ကြုံနေရသော သတ္တ၀ါ အပေါင်းတို့ကို မြင်တော်မူ၍ သနားအာရုံ တလုံလဲလဲ
ရှုတော်မူသောအားဖြင့် ထိုထို ဇရာမရဏစသော ၀ဋ်ဒုက္ခ၏ ဇာတိစသော အကြောင်းကို ကောင်းစွာပြခြင်းငှာ
ပဋိစ္စသမုပ္ပါဒ် ပဋိလောမဒေသနာကို ဇရာမရဏဟူသော အဆုံးမှစ၍ အ၀ိဇ္ဇာ အရင်းမူလတိုင်အောင် ဟောပြတော်မူသည်။
ထို့အတူ မြတ်စွာဘုရားရှင်သည် အာဟာရတို့၏အကြောင်းကို ပိုင်းခြားခြင်းသို့ အစဉ်လျှောက်သဖြင့်
အ၀ိဇ္ဇာ သင်္ခါရ ဟူသော အတိတ် အဓွန့်တိုင်အောင် ကျော်လွန်ဆောင်ပြီးလျှင် တဖန် အတိတ်အဓွန့်မှ
စ၍ အကြောင်းအကျိုးအစဉ်ကို ပြခြင်းငှာ ဝေဒနာ တဏှာဟူသော အလယ် မှ စ၍ အရင်းမူလ အ၀ိဇ္ဇာတိုင်အောင်
ဟောပြတော်မူသည် (အဘိ၊ဋ္ဌ၊၂။၁၂၄-၅။ ၀ိသုဒ္ဓိ၊၂။၁၅၄-၅-၆)။
(6) ပဋိစ္စသမုပ္ပါဒ်နည်းနှစ်ပါး
ပဋိစ္စသမုပ္ပါဒ်ဒေသနာ၌
သုတ္တန္တဘာဇနီယ (သုတ္တန်စနစ်အတိုင်းဝေဘန်) နည်း, အဘိဓမ္မာဘာဇနီယ (အဘိဓမ္မာနည်းအရဝေဘန်) နည်းဟ၍
နည်း ၂-မျိုးရှိသည်။ ထိုတွင် သုတ္တန္တဘာဇနီယနည်း၌ ‘အ၀ိဇ္ဇာကြောင့် ပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရ
ဖြစ်၏’ စသည်ဖြင့်လည်းကောင်း, ‘အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်၍ ပစ္စုပ္ပန်အကြောင်းကြောင့်
အနာဂတ်အကျိုးဖြစ်၏’ စသည်ဖြင့် လည်းကောင်း အကြောင်းနှင့် အကျိုးကု စိတ္တက္ခဏ အသီးသီး
ဟောပြတော်မူသည်။ အဘိဓမ္မာဘာဇနီယနည်း၌မူ အကြောင်းနှင့် အကျိုးကို တပြိုင်နက် စိတ္တက္ခဏတစ်ချက်တည်း
ယှဉ်ပြိုင်ဖြစ်ပေါ်နေကြကြောင်း ဟောပြတော်မူသည်။ သုတ္တန္တဘာဇနီယ၌ သင်္ခါရအရ ပုညာဘိသင်္ခါရ,
အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရ ဟူသော လောကီကုသိုလ်, အကုသိုလ်စေတနာ ၃၃-ပါးကိုသာ ဟောတော်မူ၍
အဘိဓမ္မာဘာဇနီယ၌ လောကီကုသိုလ်, အကုသိုလ်, အဗျာကတစေတနာ အားလုံးကို ဟောပြတော်မူသည်။ ဤသို့စသည်ဖြင့်
နည်း ၂-ပါး ထူးခြားကွဲလွဲသည်။ ထိုနည်း ၂-ပါးတွင် သုတ္တန္တဘာဇနီယနည်းကိုသာ အများအားဖြင့်
နာခံလေ့ကျက်ဆောင်ရွက်ကြ၍ အဘိဓမ္မာဘာဇနီယနည်းကိုမူ နာခံလေ့ကျက် ဆောင်ရွက် သိမှတ်သူနည်းပါးလှပေသည်။
ထို့ကြောင့်ပင် ပိဋကသုံးပုံ၏ အဖုအထစ် ခက်ဆစ်ခက်ရာကို မေးမြန်း ဖြေဆိုရာဖြစ်သော သတပဒိကပုစ္ဆာဝိသဇ္ဇနာကျမ်း
ပုစ္ဆာနံပါတ် (၄၁) ၌ မန်လည်ဆရာတော်က - ‘၀ီထိစဉ် တ၀ါရငယ်နှင့်၊ စိတ္တုပ္ပါဒ တစ်ချက်စီ၊
စက်ချီတော်မူစမ်း။ ပဋိစ္စာ၊ သည်နည်းငယ် ဆွေမဟောငဲ့၊ ပွေတဖြာ၊ မလွန်ကြူး၊ ထူးနိုင်မျှငြမ်း’
ဟု အဘိဓမ္မာခက်ဆစ် တခုနေဖြင့် မေးမြန်းတော်မူ၍ မင်းကွန်းအလယ်တောရ ဆရာတော်က ဖြေဆိုတော်မူခဲ့သည်။
(7) ပဋိစ္စသမုပ္ပါဒ်နက်နဲခြင်းလေးရပ်
ပဋိစ္စသမုပ္ပါဒ်သည်
အကျိုး (အတ္ထ) အားဖြင့် လည်းကောင်း, အကြောင်း (ဓမ္မ) အားဖြင့်လည်းကောင်း, ဟောစဉ် (ဒေသနာ)
အားဖြင့်လည်းကောင်း, ထိုးထွင်းသိမြင်အပ်သော (ပဋိဝေဓ) သဘောအားဖြင့်လည်းကောင်း နက်နဲလှပေသည်။
ထိုတွင် ဇရာမရဏသည် ဇာတိကြောင့် မဖြစ်သည်မဟုတ်၊ စင်စစ်သော်ကား ဇာတိကြောင့်သာဖြစ်၏။ ဇရာမရဏ၏
ဇာတိကြောင့် တပေါင်းတည်း ဖြစ်ပေါ်လာခြင်းသဘောသည် သိနိုင်ခဲ၏။ ထို့ကြောင့် ဇရာမရဏ၏ ဇာတိကြောင့်
တပေါင်းတည်း ဖြစ်ပေါ်လာခြင်းသဘောသည် နက်နဲလှပေသည်။ ဤသို့ စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ်ဘ၀စက်သည်
အကျိုးအားဖြင့် နက်နဲမှု (အတ္ထဂမ္ဘီရတာဂုဏ်) နှင့် ပြည့်စုံပေသည်။ အ၀ိဇ္ဇာအကြောင်းတရားက
ထိုထို သင်္ခါရအကျိုးတရားတို့အား ကျေးဇူးပြုရာ၌ ကျေးဇူးပြုပုံ အခြင်းအရာနှင့် ကျေးဇူးပြုရာ
အခိုက်အတန့်သည် သိနိုင်ခဲ၏။ ထို့ကြောင့် အ၀ိဇ္ဇာ၏ သင်္ခါရတရားတို့အား ကျေးဇူးပြုတတ်သော
သဘောသည် နက်နဲလှပေသည်။ ဤသို့ စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ်ဘ၀စက်သည် အကြောင်းအားဖြင့် နက်နဲမှု
(ဓမ္မဂမ္ဘီရတာဂုဏ်) နှင့် ပြည့်စုံပေသည်။ ပဋိစ္စသမုပ္ပါဒ်ကို ဝေနေယျတို့၏ အသိဉာဏ်အားလျော်သည့်
အကြောင်းအမျိုးမျိုး အခြင်းအရာ အဖုံဖုံ နည်းမျိုးစုံအောင် ဘုရားရှင်ဟောပြတော်မူသည်။
ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်သည် နက်နဲလှပေသည်။ ပဋိစ္စသမုပ္ပါဒ်ဟောနည်း အမျိုးမျိုး၌ သဗ္ဗညုတဉာဏ်မှတပါး
အခြားသော ဉာဏ်သည် ထောက်တည်ရာမရနိုင်။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်ကို အချို့သုတ်၌ အနုလုံ
(အစဉ်အတိုင်း) အားဖြင့်လည်းကောင်း, အချို့သုတ်၌ ပဋိလုံ (နောက်ပြန်) အားဖြင့် လည်းကောင်း,
အချို့သုတ်၌ အနုလုံပဋိလုံအားဖြင့်လည်းကောင်း, အချို့သုတ်၌ အလယ်မှစ၍ အနုလုံအားဖြင့်
လည်းကောင်း, ပဋိလုံအားဖြင့်လည်းကောင်း, အချို့သုတ်၌ အစပ်သုံးခု အလွှာလေးခု ပါဝင်စေ၍လည်းကောင်း,
အချို့သုတ်၌ အစပ်နှစ်ခု အလွှာသုံးခု ပါဝင်စေ၍လည်းကောင်း,
အချို့သုတ်၌ အစပ်တစ်ခု အလွှာနှစ်ခု ပါဝင်စေ၍လည်းကောင်း ဟောပြတော်မူသည်။ ဤသို့ ပဋိစ္စသမုပ္ပါဒ်
ဘ၀စက်သည် ဟောစဉ်အားဖြင့်နက်နဲမှု (ဒေသနဂမ္ဘီရတာဂုဏ်) နှင့် ပြည့်စုံပေသည်။ ပဋိစ္စသမုပ္ပါဒ်၌
အ၀ိဇ္ဇာစသည်တို့၏ အသီးသီးသော သဘောကို သိလျှင် အ၀ိဇ္ဇာစသည်တို့ကို မိမိ သဘောလက္ခဏာအားဖြင့်
မှန်စွာသိပြီးဖြစ်၏။ အ၀ိဇ္ဇာစသည်တို့၏ အသီးသီးသော သဘောသည် သက်ဝင်နိုင်ခဲသည်ဖြစ်၍ နက်နဲလှပေသည်။
ဤသို့ ပဋိစ္စသမုပ္ပါဒ်ဘ၀စက်သည် ထိုးထွင်း သိမြင်အပ်သောသဘောအားဖြင့် နက်နဲမှု (ပဋိဝေဓဂမ္ဘီရတာဂုဏ်)
နှင့် ပြည့်စုံပေသည် (ဒီ၊ဋ္ဌ၊၂။၈၃။ အဘိ၊ဋ္ဌ၊၂။၁၈၇-၈။ ၀ိသုဒ္ဓိ၊၂။၂၁၉)။
(8) ပဋိစ္စသမုပ္ပါဒ်
နည်းမြတ်လေးသွယ်
ပဋိစ္စသမုပ္ပါဒ်ကို
ဧကတ္ထ, နာနတ္ထ, အဗျာပါရ, ဧ၀ံဓမ္မတာဟူသော သိမှတ်ဖွယ် နည်း ၄-ရပ်ဖြင့် အထပ်ထပ် ဆင်ခြင်ကာ
သိမြင်အောင်းလေ့လာသင့်သည်။ ထိုတွင် မျိုးစေ့မှ အညှောက်ထွက်၍ သစ်ပင်အဖြစ်သို့ ရောက်အောင်
အစဉ်သန္တာန် မပြတ်သကဲ့သို့ အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်၍ သင်္ခါရကြောင့် ၀ိညာဉ်ဖြစ်၏ - စသည်ဖြင့်
ရုပ်နာမ်အစဉ်၏ မပြတ်မစဲ ဖြစ်ခြင်းသည် ဧကတ္ထနည်းမည်၏။ ထိုဧကတ္ထနည်းကို မှန်စွာသိသော ပုဂ္ဂိုလ်သည်
ရုပ်နာမ်အစဉ်၏ မပြတ်စဲခြင်းကို သိသောကြောင့် ဥစ္ဆေဒဒိဋ္ဌိကို ပယ်ခွာနိုင်သည်။ ဧကတ္ထနည်းကို
မှားယွင်းစွာ သိသော ပုဂ္ဂိုလ်သည်ကား ရုပ်နာမ်အစဉ်မပြတ်စဲခြင်းကို တစ်ခုတည်းဟု မှတ်ယူသောကြောင့်
သဿတဒိဋ္ဌိကို စွဲယူမိလေသည်။ အ၀ိဇ္ဇာ စသည်တို့၏ မိမိ, မိမိနှင့် သက်ဆိုင်သော သဘောလက္ခဏာသည်
အသီးသီး ကွဲပြားခြားနားသည်။ ယင်းခြားနားခြင်းသည် နာနတ္ထနည်းမည်၏။ ထိုနာနတ္ထနည်းကို မှန်ကန်စွာသိမြင်သော
ပုဂ္ဂိုလ်သည် ဘ၀အသစ်ကို ဖြစ်ပေါ်လာစေသော တရားတို့၏ ဖြစ်ခြင်းကို မြင်သောကြောင့် သဿတဒိဋ္ဌိကို
ပယ်ခွာနိုင်သည်။ နာနတ္ထနည်းကို မှားယွင်းစွာသိသော ပုဂ္ဂိုလ်သည်ကား တစ်ခုတည်းသော အစဉ်သန္တာန်၌ကျရောက်သော
အကြောင်းအကျိုး ရုပ်နာမ်တရားအပေါင်း၏ အသီးသီးကွဲပြားခြင်းကို ယူသောကြောင့် ဥစ္ဆေဒဒိဋ္ဌိကို
စွဲယူမိစေသည်။ ‘သင်္ခါရတို့ကို ငါသည် ဖြစ်စေအပ်၏’ ဟု အ၀ိဇ္ဇာ၌ ကြောင့်ကြပြုခြင်းမရှိပေ။
ထို့အတူ ‘၀ိညာဉ်စသည်တို့ကို ငါတို့သည် ဖြစ်စေအပ်ကုန်၏’ ဟု သင်္ခါရစသည်တို့၌ ကြောင့်ကြပြုခြင်းမရှိပေ။
ယင်းသို့ ကြောင့်ကြပြုမှု မရှိခြင်းသည် အဗျာပါရနည်းမည်၏။ ထို အဗျာပါရ နည်း ကို မှန်ကန်စွာသိသော
ပုဂ္ဂိုလ်သည် ပြုလုပ်တတ်သော အတ္တမရှိခြင်းကို သိသောကြောင့် အတ္တဒိဋ္ဌိကို ပယ်ခွာနိုင်သည်။
အဗျာပါရနည်းကို မှားယွင်းစွာ သိသောပုဂ္ဂိုလ်သည်ကား ဗျာပါရ မရှိသော်လည်း အ၀ိဇ္ဇာ စသည်တို့၏
သဘောအားဖြင့် ပြီးသော အကြောင်းအဖြစ်ကို မယူသောကြောင့် အကိရိယဒိဋ္ဌိကို စွဲယူမိလေသည်။
နို့ရည် စသည်တို့ကြောင့် နို့ဓမ်း စသည်တို့ ဖြစ်ပေါ်လာသကဲ့သို့ အ၀ိဇ္ဇာစသော အကြောင်းတို့ကြောင့်
သင်္ခါရစသည်တို့သည်သာ လျှင် ဖြစ်ပေါ်လာရသည်။ တစ်ပါးသောတရားတို့ ဖြစ်ပေါ်လာသည် မဟုတ်ဟုသိအပ်သော
သဘောသည် ဧ၀ံဓမ္မတာ နည်း မည်၏။ ထို ဧ၀ံဓမ္မတာနည်းကို မှန်ကန်စွာ သိမြင်သော ပုဂ္ဂိုလ်သည်
အကြောင်း အားလျော်စွာ အကျိုးကို သိသောကြောင့် အဟေတုကဒိဋ္ဌိ, အကိရိယဒိဋ္ဌိ ၂-ပါးကို ဖယ်ရှားပယ်ခွါနိုင်သည်။
မှားယွင်းစွာသိသော ပုဂ္ဂိုလ်သည်ကား အကြောင်းအားလျော်စွာ အကျိုး၏ ဖြစ်ခြင်းကို မယူမူ၍
တစ်စုံတစ်ခုသော အကြောင်းကြောင့် တစ်စုံတစ်ခုသော အကျိုး၏ မဖြစ်သင့်ခြင်းကို ယူသောကြောင့်
အဟေတုကဒိဋ္ဌိ, နိယတဒိဋ္ဌိတို့ကို စွဲယူမိလေသည် (အဘိ၊ဋ္ဌ၊၂။၁၈၈။ ၀ိသုဒ္ဓိ၊၂။၂၂၀)။
နိဗ္ဗာန်ကို
ရဟန္တာပုဂ္ဂိုလ်အားလုံး အကြွင်းမဲ့ ကုန်စင်အောင် ထိုးထွင်းသိမြင်တော်မူနိုင်ကြသည်။ ပဋိစ္စသမုပ္ပါဒ်ကို
ကား သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့သည်သာ အကြွင်းမဲ့ ကုန်စင်အောင် ထိုးထွင်း သိမြင်တော်မူနိုင်ကြသည်။
အခြားပုဂ္ဂိုလ်တို့သည် အကြွင်းမဲ့ ကုန်စင်အောင် မသိမြင်နိုင်ကြပေ (သံ၊ဋီ၊၂။၁၀၁)။ ပဋိစ္စသမုပ္ပါဒ်ကို
ကြွင်းမဲ့ ကုန်စင်အောင် ထိုးထွင်းသိမြင်ခြင်းငှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအလောင်းတော်အား မပြုဖူးသော
ဒါန၊ မဖြည့်ကျင့်ဖူးသော ပါရမီဟူ၍ မရှိခဲ့ချေ။ ဒါနမျိုးစုံ, ပါရမီဥဿုံကို ပြုလုပ်ဖြည့်ကျင့်တော်မူခဲ့ရပေသည်
(သံ၊ဋ္ဌ၊၂။၈၇)
.........(ဤကား
အဘိဓါန်၌ဖွင့်ဆိုသော ‘ပဋိစ္စသမုပ္ပါဒ’ ပြီး၏။ အကယ်၍ ပဋိစ္စသမုပ္ပါဒ အကြောင်း အကျယ်တ၀င့်
သိလိုပါမူ အဘိဓမ္မာ ၀ိဘင်းကျမ်းမှ ပဋိစ္စသမုပ္ပါဒ၀ိဘင်္ဂ နှင့် ထို ၀ိဘင်းကျမ်း၏ အဋ္ဌကထာ
‘သမ္မောဟ ၀ိနောဒနီ’ ကျမ်းတွင် လေ့လာနိုင်ပါသည်။).....
Subscribe to:
Posts (Atom)