Thursday, May 22, 2014
ဗုဒ္ဓဘာသာဝင်တိုင်းသိထားအပ်သော ဓမ္မ၊အဓမ္မ အငြင်းပွားမှုဆိုင်ရာ ၀ိနည်းဓမ္မကံ အရေး
(က) ၀ိနိစ္ဆယ လုပ်ရသည့် အကြောင်းအရင်း
      နိဂဏ္ဌနာဋပုတ္တ မဟာဝီရဂျိန်းဘုရား ကွယ်လွန်ပြီးနောက် တပည့်တို့သည် ‘သင်သည် ဓမ္မ၀ိနိယမသိ၊ ငါသည် ဓမ္မ၀ိနိယသိ၏၊ သင်သည် တရားမကျင့်၊ ငါသည် တရားကျင့်၏၊ သင့်စကားသည် အကျိုးမရှိ၊ ငါ့စကားသည် အကျိုးရှိ၏၊ သင်စွမ်းနိုင်လျှင်ဖြေရှင်းလော့’ စသည်ဖြင့် အချင်းချင်းနှုတ်လှံထိုး ငြင်းခုန်ကုန်၏။ မြတ်စွာဘုရား သာသနာ၌ အကြင် ၀ိဝါဒဓိကရုဏ်းသည်ပေါ်လာသည်ရှိသော် ‘ရဟန်းတို့ အာလုံး (စောဒက<အမှားဟုထောက်ပြသူ> ၊စုဒိတက <အမှားဟုတ်မဟုတ် ၀န်ခံငြင်းဆန်သူ> ၊၀ိနည်းဓိုရ် <အမှားဟုတ်မဟုတ် ဆုံးဖြတ်စီရင်သူ> ) စုစည်းလျက် တရားဥပဒေစည်းမျဉ်းကို စူးစမ်းဆင်ခြင်ပြီးလျှင် ငြိမ်းစေရမည်’ ဟု ရှင်တော်ဘုရားညွန်ကြားထား၏။ (ဥပရိပဏ္ဏာသ၊ ဒေ၀ဒဟသုတ်၊ သာမဂါမသုတ်)။
 အဘယ်သည် ‘တရားဥပဒေစည်းမျဉ်းဖြစ်သနည်း’။ အသစ်ကြားနာရသော ဒေသနာဖြစ်စေ၊ သံသယဖြစ်ဖွယ် ဒေသနာကိုဖြစ်စေ ထင်ရှားရှိသော သုတ်တရား ၀ိနိယတရား၌ နှီးနှောတိုက်ဆိုင်ကြည့်ရမည်။ အကယ်၍ မကိုက်ညီလျှင် ‘ဤစကားသည် မြတ်စွာဘုရား၏ စကားတော် တရားတော်မဟုတ်၊ မှားယွင်းသော စကားသာဖြစ်သည်’ ဟု ဆုံးဖြတ်ရမည်။ (ဒီဃနိကာယ်၊မဟာဝဂ်၊မဟာပရိနိဗ္ဗာနသုတ်၊ မဟာပဒေသ၄ပါး)။ လက်ရှိ ဓမ္မ၀ိနိယသည် မပြည့်စုံဟု မဆိုထိုက် ဘုရားရှင်ကိုယ်စား ဒေသနာထားခဲ့ရန် လုံလောက်ပြီဖြစ်ကြောင်း မဟာပရိနိဗ္ဗာနသုတ်လာ ‘ဝေဠုဝရွာ၌ ၀ါဆိုတော်မူခြင်းအခန်း’ နှင့် ‘မြတ်စွာဘုရား၏နောက်ဆုံးစကားတော်အခန်း’ တွင် တွေ့ရှိနိုင်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ထိုလမ်းညွှန်ချက်များနှင့်အညီ ၀ိနိစ္ဆယလုပ်ထားပြီးသည်များကို လက်မခံလိုသော သူများသည် အမှန်စင်စစ် သာသနာ့အန္တရာယ် ဓမ္မန္တရာယ် အဓမ္မ၀ါဒီများသာဖြစ်ပေသည်။
(ခ) အဓမ္မ၀ါဒ အဓမ္မ၀ါဒီဟု သတ်မှတ်ခြင်း
     သာသနာပ တိတ္ထိဝါဒများကို အဓမ္မ၀ါဒဟု မသတ်မှတ်ဘဲ ‘ဘုရားရှင်မဟောသည်ကို ဟောသည် ဟောထားသည်ကိုမဟော’ ‘ဓမ္မ၀ိနိယမဟုတ်သည်ကို ဟုတ်သည် ဟုတ်နေသည်ကိုမဟုတ’်ဟု ယူဆသော ဗုဒ္ဓဘာသာဝင်များ၏ ၀ါဒကိုသာ အဓမ္မ၀ါဒ ဓမ္မန္တရာယ်ကြီးအဖြစ် ရှုမြင်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဝင်များလက်ချက်ဖြင့်သာ သာသနာတော်ကွယ်ပ ရမည်ဟု မြတ်ဘုရားမိန့်ထား သောကြောင့်တည်း။ (နိဒါန၀ဂ်သံယုတ်၊ ကဿပသံယုတ်၊ သဒ္ဓမ္မပ္ပဋိရူပကသုတ်)။ ထို အဓမ္မ၀ါဒကို မဖယ်ရှား ဓမ္မ၀ိနိယအဖြစ် ခိုင်မြဲစွာ လက်ခံကြသူတို့သည် အမှန်စင်စစ် သာသနာ့အန္တရာယ် ဓမ္မန္တရာယ် အဓမ္မ၀ါဒီများသာဖြစ်ပေသည်။
(ဂ) အဓိကရုဏ်းကိုဖြေရှင်းခြင်း
(ဃ) တရားဟောရာ၌ မှားခြင်း၏ အကြောင်းတရားများ
                 တရားဟောခြင်းသည် သိရှိရသော သဘာဝဖြစ်စဉ်တို့ကို ပညတ်တင်၍ ဟောပြောရခြင်းဖြစ်သည်။ ပညတ်တင်မှုလွဲလျှင် ဟောသည့်တရားကပါ လွဲပါသည်။ မှန်ကန်စွာပညတ်တင်နိုင်ခြင်းသည် ဉေယျဓံအရှင် မြတ်ဗုဒ္ဓ၏ အရာသာဖြစ်ပေသည်။ ဉေယျဓံအရှင်၏ တရားတော်မျာကို မှန်ကန်စွာ သဒ္ဒါဖလှယ် ဟောပြောနိုင်မှုသည် ပဋိသမ္ဘိဒါပတ္တရဟန္တာ အရာသာဖြစ်ပေသည်။ (စတုက္ကအဂုင်္တ္တရ ပုဂ္ဂလ၀ဂ် ၀ါဒီသုတ်။ အဘိ၊ ပုဂ္ဂလပညတ်)။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှ အထူးထင်ရှားလှသော ဆရာတော်ဘုရားကြီး တစ်ပါးသည် သည် တပည့်များကို တရားဟောပြရာ၌ ရှင်းခနဲဖြစ်သွားအောင် ဟောပြောနိုင်စွမ်းသော ဆရာတော်ပင်ဖြစ်ပါသည်။ သို့သော် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (12) ‘၀ိနိစ္ဆယ’ ကျမ်းစာမှ ညွှန်းပြထားသော တရားများဟောပြောနေစဉ်က မည်သည့်နည်းဖြင့်မျှ ပဋိသမ္ဘိဒါပတ္တရဟန္တာမဟုတ်ချေ။ ဆဋ္ဌဘိညာရဟန္တာပင်ဖြစ်စေ ဦးတော့ ဟောသမျှ သဒ္ဒါ (စကားလုံး စကား) အမှန်မဖြစ်နိုင်ချေ။ ထိုအမှားများ အဘယ်ကြောင့်မှားရသည်ကို လေ့လာသုံးသပ်ခြင်းဖြင့် ဆရာတော်ကြီးကိုလည်း စွပ်စွဲပုတ်ခတ် ဝေဖန်ရာမရောက်ခြင်း၊ သာသနာတော်ကြီကိုလည်း အဓွန့်ရှည်တည်တံစေသူဖြစ်ခြင်း၊ ပိဋကတ်တော်လာ ဗုဒ္ဓ၀စနများကို စွပ်စွဲပုတ်ခတ်ရာ မရောက်ခြင်း၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည် ၀ိဘဇ္ဇဉာဏ် အထုံပါရမီဖြစ်သွားခြင်း စသည့် အကျိုးတရားများ ဖြစ်ပေါ်လာပေလိမ့်မည်။
(င) အမှားများကို လေ့လာသုံးသပ်နည်း
                မည်သူမဆိုမှားနိုင်သည် မှားတတ်သည်ဖြစ်သည်။ တရားဓမ္မနှင့်စပ်လျင်း၍ အမှားများကို အကျိုးရှိရှိလေ့လာသုံးသပ်နည်း အာစရိယ၀ါဒ တစ်ခုမှာ ‘သူမှန်လျှင် ၀မ်းသာလိုက်ပါ။ သူမှားလျှင် သနားလိုက်ပါ။ မှန်မှန်မှားမှား ကုသိုလ်ပွားပါစေ’ ဆိုသည့် အဆုံးအမဖြစ်သည်။ ‘သနားသည်ဆိုသည်မှာ အထင်သေးခြင်း’ ဟု သာမန်လူပြိန်း ဖီလော်ဆော်ဖာ တို့က ယူဆကြသော်လည်း ထေရ၀ါဒ၏ သနားနည်းမှာ လူကိုသနားသည်ဟု ဂုဏ်ကျေးဇူးကို မတွေး ၀ါးလုံးရှည်ဖြင့်သိမ်းကျုံးပတ်ရိုက်ခြင်း မဟုတ်ဘဲ မှားရသည့်အကြောင်းတရားကို နားလည်လက်ခံပေးကာ သံဝေဂယူခြင်း အမှားပြင်ပေးခြင်းပင် ဖြစ်တော့သည်။
တရားတော်နှင့်စပ်လျင်း၍ အငြင်းပွားဖွယ်များဖြစ်လာလျှင် များစွာသောယောဂီတို့က ‘ကိုယ်တိုင်မမြင်ဖူးတဲ့တရား မှားတယ်မှန်တယ် မဝေဖန်လိုပါ’ ဟု ဆိုတတ်ကြလေသည်။ (ကိုယ်တိုင်မမြင်ဖူးသော်လည်း မြင်ဖူးသူမြတ်စွာဘုရားမည်သို့ ဟောသည်ကို နားလည်အောင် ကြိုးစားရမည်။ မိမိဆရာကမြင်ဖူးကြောင်း သေချာသိပါသလား။ ဘုရားနှင့် ဆရာ ဆန့်ကျင်လာလျှင် ?)။ မြတ်စွာဘုရားရှင်၏ အလိုတော်နှင့် ဆန့်ကျင်သော စကားကို ရဲရဲဝံ့ဝံ့ ဆိုလိုက်ခြင်းပင်ဖြစ်လေသည်။ ‘ရဟန်းတို့ အကြင်သူတို့သည် ဘုရား၊တရား၊သံဃာ ရတနာသုံးပါးတို့၏ အပြစ်ကို ပြောလာကြလျှင် ရှေးဦးစွာ နှလုံးမသာမယာခြင်း မဖြစ်ကြကုန်လင့်။ နှလုံးမသာမယာဖြစ်ခြင်းသည် သင်တို့အားသာလျှင် (မဂ်ဖိုလ်၏) အန္တရာယ်ဖြစ်ရာသည်။ ဦးစွာ စီစစ်ပိုင်းခြားဦးလော့။ မဟုတ်လျှင် မဟုတ်သည့်အတိုင်း သင်တို့ဖြေရှင်းကြရမည်။’ (ဒီ၊သီလက္ခန်၊ ဗြဟ္မဇာလသုတ်) ဟု မိန့်ဆိုတော်မူခဲ့ပါသည်။
                အာနန္ဒာ သမ္မုခါ ၀ိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဓမ္မဟုတ်၏ ဟူ၍ လည်းကောင်း၊ ဓမ္မမဟုတ် ဟူ၍ လည်းကောင်း၊ ၀ိနည်းဟုတ်၏ ဟူ၍လည်းကောင်း၊ ၀ိနည်းမဟုတ် ဟူ၍ လည်းကောင်း ငြင်းခုံကုန်၏။ အာနန္ဒာ ထိုရဟန်း အားလုံးသည် ညီညီညွတ်ညွတ် စည်းဝေးရမည်၊ စည်းဝေးပြီးလျှင် တရားဥပဒေ စည်းမျဉ်းကို ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင် ရမည်၊ တရားဥပဒေ စည်းမျဉ်းကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ပြီးလျှင် အကြင် အခြင်းအရာ အားဖြင့် ငြိမ်းစေသည်ရှိသော် ထိုတရားဥပဒေ စည်းမျဉ်းနှင့်ညီ၏၊ ထိုအခြင်းအရာအားဖြင့် ထိုအဓိကရုဏ်းကို ငြိမ်းစေရမည်။ အာနန္ဒာ ဤသို့လျှင် သမ္မုခါဝိနည်းသည် ဖြစ်၏။ ဤ သို့လျှင် ဤသာသနာတော်၌ သမ္မုခါ ၀ိနည်းဖြင့် အချို့သော ၀ိဝါဒါဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။ (ဥပရိပဏ္ဏာသ၊ ၁-ဒေ၀ဒဟ၀ဂ်၊ ၄-သာမဂါမသုတ်၊စဉ် ၄၇။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် အယူမကွဲပြားစေရန် နည်းများဟောကြားခြင်း၊ လုံးဝ အပြစ်မပြောကြနှင့်ဟု မမိန့်ကြောင်းသတိပြုပါ)
  စောဒက (အမှားဟု စွပ်စွဲသူ) သည် ကျင့်ဝတ်၅ပါးနှင့်အညီ စောဒနာ (စွပ်စွဲရမည်)
၁) သင့်တင့်လျောက်ပတ်သောအခါ၌ ပြောဆိုရမည်၊ မသင့်လျော်သော အခါ၌ မပြောဆိုရ။ (ဥပမာ - တရားဟောနေတုန်း ပူဇော်ပွဲလုပ်နေတုန်း အရှက်ခွဲသလို မပြောရ)
၂) ဟုတ်မှန်သည်ကို ပြောဆိုရမည်၊ မဟုတ်မှန်သည်ကို မပြောဆိုရ။
၃) သိမ်မွေ့နူးညံ့စွာ ပြောဆိုရမည်၊ ကြမ်းတမ်းစွာ မပြောဆိုရ။
၎) အကျိုးစီးပွားနှင့် စပ်သဖြင့် ပြောဆိုရမည်၊ အကျိုးစီးပွားနှင့် မစပ်သဖြင့် မပြောဆိုရ၊
၅) မေတ္တာစိတ်ရှိသည်ဖြစ်၍ ပြောဆိုရမည်၊ ဒေါသစိတ်ဖြင့် မပြောဆိုရ၊ (အမှားပြုပြင်ပေးလိုစိတ် မွေးရမည်)
(၀ိ၊၅၊၂၈၀)
စုဒိတက (စွပ်စွဲချက်များကို ဖြေရှင်းသူ) သည် ကျင့်ဝတ်၂ပါးနှင့် အညီ သောဓနာ (ချေပ) ရမည်-----
၁) စုဒိတကသည် မှန်မှန်ကန်ကန် ပြောဆိုတင်ပြ ဖြေရှင်းရမည်၊ (မှားမိလျှင်အမှား၊ မှန်လျှင်အမှန် ပြောရမည်၊ အပြစ်ရှာခံရသည် စသည်ဖြင့် မဆီမဆိုင်ပြောရ)
၂) စုဒိတကသည် စောဒကအပေါ်၌လည်းကောင်း၊ ဆရာတော်သံဃာတော်များ အပေါ်၌လည်းကောင်း၊ ၀ိနည်းဓိုရ် (အမှားအမှန် စီစစ်ဆုံးဖြတ်ပေးသူ) ဆရာတော်များ အပေါ်၌ လည်းကောင်း အမျက်ဒေါသ မထွက်ရန် စောင့်ထိန်းရမည်။
(၀ိ၊၅၊၂၈၃)
ဝိနည်းဓိုရ်များ လိုက်နာကျင့်သုံးရန်၈ချက်----
၁) စကားကို အလွန်မြန်စွာမပြာရ၊
၂) ကြမ်းကြမ်းတမ်းတမ်း မပြောရ၊
၃) စောဒက၌ လည်းကောင်း စုဒိတက၌ လည်းကောင်း ဒေါသအမျက်မထွက်ရ၊
၎) အဆောတလျင် မစဉ်းမစား မပြောရ၊
၅) အငြင်းအခုန်ဖြစ်စေမည့် စကားမျိုးမပြောရ (အထောက်အထားဖြင့် မှားလျှင်မှား မှန်လျှင်မှန် ဆုံးဖြတ်ရမည်)
၆) အကျိုးစီးပွားနှင့် မစပ်သော စကားကို မပြောရ၊
၇) တိရစ္ဆာနကထာကို မပြောရ၊
၈) မိမိကိုယ်တိုင် စွမ်းနိုင်ပါက တရားစကား ပြောဟော ရမည်၊ သို့မဟုတ် တပါးကို ပြောဟောရန် တိုက်တွန်းရမည်၊ သို့မဟုတ် တိတ်ဆိတ်စွာ နေရမည်။
(၀ိ၊၅၊၂၈၇)
(၀ိ-၀ိနည်း၊ ၅-ပရိဝါပါဠိတော်၊ ဆဋ္ဌမူပါဠိစာမျက်နှာ)
(၀ိနည်း ၄စူဠ၀ဂ် ၉ပါတိမောက္ခဋ္ဌပနက္ခန္ဓက တွင် ဘုရားရှင်က အရှင်ဥပါလိ ကို အကျယ်ဟောထားသည်လည်း ရှိသည်)
မြန်မာနိုင်ငံမှာ ပိဋကတ်တော်ရဲ့ Copy Right မူပိုင်ခွင့် ကို လေးစားသောအားဖြင့် ဆရာတော်များ ဟောကြားရေးသားတော်မူသော တရားများကို ပါဠိတော်နှင့် ချင့်ချိန်၍ ဗုဒ္ဓဒေသနာဖြစ်သည် ဗုဒ္ဓဒေသနာမဟုတ် စသည်ဖြင့် ငြင်းခုန်ချေပစီစစ် ပိုင်ခွင့် ကို ဥပဒေအရပင် ပေးထားပါသည်။ ထိုလုပ်ရပ်ကလည်း မလိုလားအပ်သော အပြစ်ရှာခြင်းမဟုတ် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကပင် မတားမြစ်ရုံသာမက လုပ်နည်းလုပ်ဟန်ညွှန်ပြတော်မူခဲ့ပါသည်။ ထိုသို့ သံသယဖြစ်ဖွယ်များကို စီစစ်သင့်ပါလျက် မစီစစ်စေလိုခြင်း စီစစ်ထားသည်ကို လက်မခံ ဝေဖန်အပြစ်ရှာခြင်းမျိုးသည် မြတ်စွာဘုရားရှင်၏ လမ်းညွှန်ချက်ကို ပျက်ရယ်ပြုသကဲ့သို့ပင် ဖြစ်နေတတ်ပါသည်။ (မသိသေးသူများ သိဖို့ပါ)
အယူအဆဟူသည် ဒိဋ္ဌိ ဆိုပါက သောတာပန်အရိယာမှာ အယူအဆနှင့် သက်ဆိုင်သမျှ အားလုံးမှန်ရပေမည်။ သို့သော် ထိုသို့မဟုတ်ပေ။ ဒီဃနိကာယ် မဟာဝဂ် မဟာနိဒါနသုတ်တွင် အရှင် အာနန္ဒာကိုယ်တော်မြတ်က ‘ပဋိစ္စသမုပ္ပါဒ် သည် မိမိအတွက် သိလွယ်ကာ တိမ်တိမ်လေး ဖြစ်လို့နေပါသည်’ ဟု မြတ်ဘုရားအားလျောက်ထားဖူးသည်။ အကယ်၍ ဘုရားထံလျောက်ထားခြင်းမဟုတ်ပဲ ဗဟုသုတလုံးဝနည်းပါသော သာမန်လူတစ်ဦးကို ဟောပြပါက ‘သြော် ပဋိစ္စသမုပ္ပါဒ်က လွယ်သကိုး’ ဟု ဧတဒဂ်များရှင် အရှင်အာနန္ဒာစကား မုချယူမည်သာဖြစ်သည်။ အကယ်၍ ဗဟုသုတ မပြည့်မစုံရှိသော ပုထုဇဉ်က ‘ ဒီ အရှင် ကြောင်တောင်တောင် ဘာတွေ အတွေးချော်နေလည် မသိပါဘူး’ တွေးပါကလည်း အရိယူပ၀ါဒကံထိုက်ပေဦးမည်။ ထိုအတူ ရဟန္တာဖြစ်တိုင်းလည်း လုပ်သင့် မလုပ်သင့် အကုန်သိနေသည်မဟုတ်ပေ။ ရဟန္တာမထေရ်များကို အကြောင်းပြု၍ ပညတ်တော်မူရသော သိက္ခာပုဒ်များက သက်သေခံလျက်သားရှိသည်။ အမှန်မှာ တရားဟောရာတွင် ဘယ်သောအခါမျှ မမှားနိုင်သော သာဝကရဟန်းမှာ ပဋိသမ္ဘိဒါပတ္တရဟန္တာများသာ ဖြစ်ပေသည်။ ရဟန္တာဖြစ်တိုင်း တရားအားလုံးမသိကြောင်း သုသိမသုတ် အရ သိနိုင်ပေသည်။ ဆရာတော်များသည် ဘုရားဟော ပါဠိတော် ပါဠိတော်ကိုဖွင့်ဆိုသော အဋ္ဌကထာ ဋီကာစသည်များအတိုင်း ကျင့်သုံး၍ နားလည်သဘောပေါက်သလိုကျင့်သုံးကာ ဟောကြားတော်မူနေရခြင်းသာဖြစ်သည်။ တခါတခါ မှားဟောမိတတ်သည်လည်း ရှိသည်။ မှားလျှင် ပြင်ရုံသာ။ အမှားအမှန်ခွဲခြားသိတတ်အောင်လေ့လာရုံသာ။
No comments:
Post a Comment