Tuesday, October 8, 2013

သမာဓိက မရှိမဖြစ်လော? ဖိနှိပ်ရှုတ်ချထိုက်သလော?



မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုရေး၌ သမထသည် အလကားလော မရှိမဖြစ်လော? သမထသည် မည်သည့် အခန်းကဏ္ဍ၌ ပါဝင်သနည်း?



နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁၂)

စဉ်
ဝိနည်းဓိုရ်ဆရာတော်များ ဘွဲ့တော်
သက်တော်/သိက္ခာ
ကျောင်း/ ကျောင်းတိုက်
ဘဒ္ဒန္တဂန္ဓမာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
71/51
ဖက်ပင်အိုင်စာသင်တိုက် သင်္ကန်းကျွန်းမြို့နယ် ရန်ကုန်
ဘဒ္ဒန္တခေမိန္ဒသာမိ (အဂ္ဂမဟာပဏ္ဍိတ)
68/48
ခြောက်ထပ်ကြီးဘုရားကြီးတိုက် ဗဟန်းမြို့နယ် ရန်ကုန်
ဘဒ္ဒန္တသြဘာသာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)
67/48
ဆင်မင်းကျောင်းတိုက် ဘုရားကြီးတိုက် ချမ်းမြသာစည်မြို့နယ် မန္တလေး
ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ)
62/42
မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ် ဗဟန်းမြို့နယ် ရန်ကုန်တိုင်း
ဘဒ္ဒန္တသြဒါတသိရီဘိဝံသ (အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ)
57/37
အဝေရာရာမရန်ကင်းကျောင်းတိုက် မန္တလေးမြို့
၆*
ဘဒ္ဒန္တသီဟဗလ (အဂ္ဂမဟာပဏ္ဍိတ)
81/62
ထီးလှိုင်ကျောင်း ရမည်းသင်းမြို့နယ် မန္တလေး
၇*
ဘဒ္ဒန္တအဂ္ဂ၀ံသာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)
77/57
ပေါက်မြိုင်ကျောင်းတိုက် မန္တလေး
အရန် ၀ိနည်းဓိုရ်ဆရာတော်များ = *
စောဒကဆရာတော်      =  ဆရာတော် ဦးဝိသုဒ္ဓ (သာသနဓဇသိရိပ၀ရ ဓမ္မာစရိယ၊ ၀ိသိဋ္ဌ ဒီဃဘာဏက) မှန်ကင်းကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ် မန္တလေး။



 နိုင်ငံတော်သီးခြား ၀ိနည်းဓိုရ်အဖွဲ့ အမှတ် (၁၂)မှ စိစစ်ဆုံးဖြတ်သော ၀ိနစ္ဆယကျမ်းစာမှ ကူးယူဖော်ပြခြင်းဖြစ်သည်။ စုဒိတကဆရာတော်များကိုမူ မဖော်ပြလိုတော့ပေ။ ဆရာစွဲ အလွန်ကြီးမားသူများက စိတ်မချမ်းမြေ့ဖွယ် ဖြစ်မည် စိုး၍ဖြစ်သည်။ အပြည့်အစုံကို အမှတ် ၁၂ ဆရာတော်များ စိစစ်၍ သာသနာရေးဝန်ကြီး ဌာနမှ ထုတ်ဝေသော စာအုပ်၌ လေ့လာနိုင်ပါသည်။

'သြော်......သမာဓိက အလကားပဲ။ ပညာကမှ ကိလေသာမှလွတ်စေနိုင်တယ်။' (စဉ်35 နှာ452)

'သမာဓိက နိဗ္ဗာန်မရောက်။ ပညာကမှ နိဗ္ဗာန်ရောက်စေပါတယ်။ (စဉ်35 နှာ 455)

'ရှေးက ၀ိပဿနာဉာဏ်သာ အားထုတ်။ နောက်က နိဗ္ဗာန်ဖြစ်တဲ့ မဂ်ဉာဏ်က ပေါ်လာလိမ့်မယ်ကွ။ (ပ) သမာဓိပါသေးလား။ (မပါပါဘူး)။ အဲ သမာဓိကို မပါဘူး။ ကိုယ်တော်တိုင်ဟောတဲ့ ပါဠိဆိုတာ ဦးသွင်မှတ်ဖို့ပဲ။ (မှန်ပါ)။ (စဉ်35 နှာ469/470)

'ငါဘုရားသာသနာတော်မှာ သမာဓိကို အနှစ်သာရ ထားတာ မဟုတ်ဘူး။ သမာဓိ အကျိုးကြောင့် နိဗ္ဗာန်ရမယ်လို့လည်း ငါမဟောဘူး။ (ပ) ၀ိပဿနာကြောင့်သာ နိဗ္ဗာန်ရောက်မယ်လို့ ငါဟောတယ်။ ဒါ ထည့်ပြပြန်တယ်။ ဒါ အဋ္ဌကထာအာဘော်နော်။ (စဉ်35 နှာ475)

'ဒါကြောင့် ဒကာ ဒကာမတွေ လာတဲ့အခါ 'ဖြစ်မှု ပျက်မှု ရှုပေးဖို့' ဆိုပြီး သကာလ အားပေးလိုက်တယ်။ သမာဓိကို အထူးအားမပေးတော့ဘူး။ (စဉ်35 နှာ 475)

          ဆရာတော်ကြီး၏ အထက်ပါဟောပြောမှုများသည် အစွန်းရောက်သော ဟောပြောချက်များ အသိလွဲမှားသွားစေသော ဟောပြောချက်များ ဖြစ်သည့်အပြင် 'ငါဘုရားသာသနာတော်မှာ သမာဓိကို အနှစ်သာရ ထားတာ မဟုတ်ဘူး။' ဟု အဋ္ဌကထာဆရာက မပြောပါပဲလျက် ဟောပြောသည်ဟု ဆိုထားခြင်းများကြေင့် အဓမ္မ၀ါဒအဖြင့် ဆုံးဖြတ်ပေးရန်။ သမာဓိကို (၀ါးလုံးရှည်နှင့် ရောချ သိမ်းကျုံးရိုက်၍ ) ရှုတ်ချပစ်ပယ်သော စကားရပ်မှန်သမျှ ဟောစဉ်တရားများမှ လည်းကောင်း အသံတရားများမှလည်းကောင်း ပယ်ဖျက်ပေးပါရန် စောဒနာ အမှတ် ၁၁ အဖြစ်တင်သွင်းခဲ့ပါသည်။

          စုဒိတကဆရာတော်များမှလည်း ဆရာတော်ကြီး၏ ဟောပြောချက်မှာ ဘုရားဟောတရားတော်များနှင့် ညီညွတ်သော ဓမ္မ၀ါဒများဖြစ်ကြေင်း အကိုးအကားတို့ဖြင့် တင်ပြကြပြန်သည်။

          ဤအမှတ် ၁၁ စောဒနာလွှာ ဖြစ်ပေါ်စေသော 'သမာဓိဟာ (မဂ်ဖိုလ်နိဗ္ဗာန်အတွက်) အလကားဘဲ' ဟူသော ဆရာတော်ကြီး၏ ဟောပြောချက်တို့သည် နိဒါနဂ္ဂသံယုတ်ပါဠိတော် နိဒါနသံယုတ် သုသိမသုတ်ကို အခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်ရာ သုသိမသုတ်အကျဉ်းချုပ်ကို လေ့လာသင့်ပေသည်။

     ဘုရားရှင် ရာဇဂြိုဟ်မြို့  ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ဘုရားရှင်နှင့် တပည့်သံဃာတော်များအား ဒကာ ဒကာမများက လွန်စွာကြည်ညိုလေးမြတ်ကြပြီး ပစ္စည်းလေးပါးကို သဒ္ဓါထက်သန်စွာလှူဒါန်းကြသောကြောင့် ပစ္စည်းလေးပါး ပေါများကြသည်။ တိတ္ထိ ပရိဗိုဇ်တို့မှာမူ ရိုသေလေးစားမှုမခံရတော့သဖြင့် ပစ္စည်းလေးပါး ရှားပါးလာကြသည်။

     ပရိဗိုဇ်တပည့်များစွာရှိသော သုသိမပရိဗိုဇ်ကို တပည့်များက 'အရှင် ဂေါတမထံ ပညာသင်ပြီး လူတွေကိုဟောပြောလျှင် လာဘ်လာဘပေါများနိုင်ကြောင်း' ပြောကြသဖြင့် သုသိမပရိဗိုဇ်ကိုယ်တိုင်ဘုရားရှင်ထံလာရောက်၍ ရဟန်းပြုခွင့်တောင်းသည်။ ပါရမီပြည့်နေသူ ဖြစ်ကြောင်းသိသဖြင့် ဘုရားရှင်က ရဟန်းပြုခွင့် ပေးသည်။

     ၀ါမဆိုမီ ဘုရားရှင်ထံ တရားတောင်း၍ အားထုတ်ကြသော ရဟန်းတို့သည် ၀ါကျွတ်သောအခါဘုရားရှင်ထံလာပြီး မိမိတို့ ရရှိသိမြင်သော အရဟတ္ထဖိုလ်ကို လျှောက်ကြားကြသည်။

    သုသိမ ရဟန်းက ထိုအကြောင်းကို စိတ်ဝင်စားပြီး ထိုရဟန္တာ မထေရ်များထံ ချဉ်းကပ်ကာ ဣဒ္ဓိဝိဒစသော အဘိညာဉ်တန်ခိုးများ ရပါရဲ့လားဟုမေးလျှောက်ရာ ရဟန္တာများက 'ငါတို့သည် ပညာဖြင့်သာ ကိလေသာမှလွန်မြောက်ကြသူများဖြစ်ကြသည်' ဟုဖြေကြားသည်။ သုသိမနားမလည်ပေ။

     သုသိမရဟန်းက ဘုရားထံ သွားရောက် လျှောက်ထားရာ ဘုရားရှင်က 'ပုဗ္ဗေ ခေါ သုသိမ ဓမ္မဒိဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉ`ာဏံ = သုသိမ ၀ိပဿနာဉာဏ်က ရှေးဦးစွာ ဖြစ်သည်။ နိဗ္ဗာန်ကိုသိမြင်သော မဂ်ဉာဏ်က နောက်မှဖြစ်သည်။' ဟု မိန့်တော်မူရာ သုသိမရဟန်းနားမလည်ပြန်ပေ။

     နောက်ပိုင်းတွင် ဘုရားရှင်က အနတ္တလက္ခဏသုတ်ဒေသနာအတိုင်း ခန္ဓာငါးပါး၏ အနိစ္စ ဒုက္ခ အနတ္တဖြစ်ပုံ၊ ထိုခန္ဓာငါးပါးကို တဏှာ မာန ဒိဋ္ဌိ ဖြင့် မစွဲလန်းထိုက်ပုံတို့ကို ဟောကြားတော်မူရာ ထိုတေပရိဝဋ္ဋဒေသနာတော်အဆုံး၌ ရဟန်းတော် အရှင်သုသိမ ရဟန္တာဖြစ်လေသည်။

     ဤ သုသိမသုတ်ပါဠိတော်၌ 'သမာဓိသည် အလကား၊ အသုံးမကျ' ဟူ၍ ဘုရားဟောကြားချက်မရှိပါပေ။ ရဟန္တာဖြစ်လျှင် တန်ခိုးအဘိညာဉ်ရသည်ဟု အထင်ရှိနေပုံရသော သုသိမရဟန်းက 'အရှင်ဘုရားတို့ ဣဒ္ဓိဝိဒအဘိညာဉ်စသော တန်ခိုးအဘိညာဉ်များ အရှင်ဘုရားများ ရကြပါသလား?' ဟု မေးမြန်းသောအခါ ရဟန်းတော်များက မရကြောင်း၊ ပညာဖြင့်သာ ကိလေသာမှ လွန်မြောက်ခဲ့ကြောင်း ဖြေကြားတော်မူကြသည်။

     ရဟန်းတော်များက ' ပညာမတ္တေနေ၀ ခေါ မယံ အာဝုသော ' ဟူ၍ ဖြေကြားသောစကားကို အဋ္ဌကထာဆရာက-   ' ပညာဝိမုတ္တာ ခေါ မယံ အာဝုသောတိ အာဝုသော မယံ နိဇ္ဈာနကာ သုက္ခ၀ိပဿကာ ပညာမတ္တေနေ၀ ၀ိမုတ္တာတိ ဒေဿတိ' ဟုဖွင့်တော်မူသည်။

     ဤ၌ ပညာဝိမုတ္တာကို 'ပညာမတ္တေနေ၀ ၀ိမုတ္တာ' ဟု ဖွင့်ပြရာ 'ပညာမတ္တေနေ၀ = ပညာဖြင့်သာလျှင်' ဟူသော စကားသည် ' ငါတို့သည် ပညာမျှဖြင့်သာ ကိလေသာမှလွန်မြောက်ခဲ့ကြရသည်၊ သမာဓိဖြင့်ကိလေသာမှ လွန်မြောက်ခဲ့သူများ မဟုတ်ကြ' ဟု ဆိုလိုရာရောက်သည်။

     မှန်၏။ ရဟန္တာပုဂ္ဂိုလ်တို့သည် (၁) ဥဘတောဘာဂ၀ိမုတ္တ ရဟန္တာ (၂) ပညာဝိမုတ္တ ရဟန္တာ - ဟုနှစ်မျိုးရှိသည်။( အဘိ၊၃။၁၈၄ အံ၊၂။၄၀၃ စသည်) ထိုတွင် ဥဘတောဘာဂ၀ိမုတ္တ ပုဂ္ဂိုလ်ဟူသည် အရူပဈာန်တို့ကို ၀င်စား၍ ထိုဈာန်မှထပြီး ( ကျင့်ဆဲပုဂ္ဂိုလ်များ သက်ဆိုင်ရာအရူပဈာန်၎ပါးမှထပြီး) ထိုဈာန်၌ဖြစ်သော သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ၀ိပဿနာရှုပြီး ရဟန္တာဖြစ်လာသော ပုဂ္ဂိုလ်နှင့် နိရောဓသမာပတ်မှထလာပြီးနောက် (လောကီဈာန်၈ဆင့်လုံး ရပြီးသော အနာဂါမ်ဝင်စားနိုင်သော သမာပတ်တစ်မျိုး) ရဟန္တာဖြစ်လာသူ ဟူ၍ ငါးမျိုးရှိသည်။ အကျဉ်းချုပ်လျှင် ဈန်လည်းရ + ရဟန္တာလည်းဖြစ်သော အရူပဈာနလာဘီရဟန္တာပုဂ္ဂိုလ်များကို ဥဘတောဘာဂ၀ိမုတ္တ ရဟန္တာပုဂ္ဂိုလ် ဟုခေါ်သည်။ဈာန်မရဘဲ ရဟန္တာဖြစ်လာကြသည့် သုက္ခ၀ိပဿကရဟန္တာပုဂ္ဂိုလ်များကို ပညာဝိမုတ္တရဟန္တာ ပုဂ္ဂိုလ် ဟုခေါ်သည်။

     ဤသို့နှစ်မျိုးရှိသည့်အနက် ဤသုသိမသုတ်လာ ရဟန္တာများကား ဈာန်မရသော သုက္ခ၀ိပဿကရဟန္တာပုဂ္ဂိုလ်များဖြစ်၍ ပညာဝိမုတ္တရဟန္တာများသာဖြစ်သည်။ ဤသည်ကို ရည်ရွယ်၍ ' ပညာမတ္တေနေ၀ ခေါ မယံ အာဝုသော '  ဟုဖြေဆိုခြင်းသာဖြစ်သည် အချို့သော ကမ္မဋ္ဌာနစရိယဆရာတော်တို့ယူဆကြသကဲ့သို့ 'သမာဓိကို အလကား' ဟုပြောလိုသောကြောင့် ယင်းသို့ဖြေဆိုခြင်းမဟုတ်ပေ။ 

     ထို့အပြင် သုသိမသုတ် အဋ္ဌကထာ၌လာသော (စုဒိတက ဆရာတော်တို့ ကိုးကားပြသော) 'အာဇာနေယျာသိဝါတိအာဒိ ကသ္မာ ၀ုတ္တံ? ၀ိနာပိ သမာဓိံ ဧ၀ ဉာဏုပ္ပတ္တိဒဿနတ္ထံ' ဟူသော စကားသည်လည်း စုဒိတကဆရာတော်တို့ ယူဆသကဲ့သို့ ပညာဖြင့်သာ ရဟန္တာဖြစ်နိုင်သည်၊ သမာဓိဖြင့် ရဟန္တာမဖြစ်နိုင်- ဟူသော အဓိပ္ပာယ်ကို ဆိုလိုသည် မဟုတ်။ ' ၀ိနာပိ သမာဓိံ- သမာဓိကို ကြဉ်၍လည်း ဉာဏ်ဖြစ်နိုင်၏' ဟု 'အပိ' သဒ္ဒါဖြင့်ဆိုသောကြောင့် ဥဘတောဘာဂ၀ိမုတ္တ ရဟန္တာများကဲ့သို့ သမာဓိကို အခြေခံ၍လည်း ရဟန္တာဖြစ်နိုင်သည်- ဟူသော အနက်အဓိပ္ပာယ်ကိုသာ ဆိုလိုသည်။

    စုဒိတက ဆရာတော်တို့က သံယုတ် အဋ္ဌကထာလာ-
  ' သုသိမ မဂ္ဂေါ ၀ါ ဖလံ ၀ါ နသမာဓိနိဿန္ဒော, န သမာဓိအာနိသံသော, န သမာဓိဿ နိပ္ဖတ္တိ၊ ၀ိပဿနာယ ပနေသော နိဿန္ဒော, ၀ိပဿနာယ အာနိသော, ၀ိပဿနာယ နိပ္ဖတ္တိ' (သံ၊ဋ္ဌ၊၂။၁၁၇) ဟူသော ဖွင့်ဆိုချက်အရ မဂ်ဖိုလ် ရရေး၌ သမာဓိသည် လိုရင်းမဟုတ်၊ မဂ်ဖိုလ်သည် သမာဓိ၏ အကျိုးရင်းလည်းမဟုတ် အကျိုးဖျားလည်းမဟုတ်။ ၀ိပဿနာ၏ အကျိုးသာဖြစ်သည်။ ၀ိပဿနာသည်သာ လိုရင်းဖြစ်သည်။ ထိုကြောင့် သမာဓိကို အလကားဟုဆိုထိုက်ကြောင်း တင်ပြကြလေသည်။

     ဤနေရာ၌ သံယုတ်အဋ္ဌကထာ၏ အထက်ပါဖွင့်ဆိုချက်သည် အရာဌာနအားလုံးနှင့်သက်ဆိုင်သော (၀ါ) အရာဌာနအားလုံးကို ခြုံငုံမိသော အဖွင့်ဟု ဆိုနိုင်မည် မထင်ပေ။ ရဟန္တာဖြစ်ခဲ့ကြသော ဤသုသိမသုတ်လာ ရဟန်းတော်များ၏ အခြေအနေကိုဖော်ပြသော ဖွင့်ဆိုချက်သာဟု ယူဆသင့်ပေသည်။ ထို့အပြင် သုသိမသုတ်၍ သုံးသော သမာဓိဟူသည် သဘာဝတရားတို့၏ သဘောသဘာဝကို သိမြင်နေရာ၍ တည်ငြိမ်နေသော အနက်ကို မဆိုလိုပဲ  ဈာန်သမာဓိများကို သာ ဆိုလိုသည်ဟု ယူဆသင့်သည်။ အရှင်သုသိမကိုယ်တိုင် ချည်းကပ်၍မေးလျှောက်ခံရသော ရဟန္တာများသည် သုက္ခ၀ိပဿက ရဟန္တာတို့သာ ဖြစ်သောကြောင့် ထိုရဟန္တာ အရှင်မြတ်တို့၏ မဂ်ဖိုလ်သည် သမာဓိ (ဈာန်) ၏ အကျိုး မဟုတ်၊ ၀ိပဿနာ၏ ကျိုးသာဖြစ်သည်။ ၀ိပဿနာအားထုတ်၍ မဂ်ဖိုလ်ရခြင်းဖြစ်သည်။ သမာဓိ (ဈာန် အဘိညာဉ်) တို့ရသောကြောင့် ၄င်းတို့ပေါ်အမှီပြု၍ မဂ်ဖိုလ်ရခြင်းမဟုတ်ဟု သုက္ခ၀ိပဿက ရဟန္တာတို့၏ အခြေအနေအနေအထားကိုသာဖွင့်ပြသော ဖွင့်ဆိုချက်ဖြစ်သင့်သည်။

      ထိုရဟန်းတော်များ ဈာန်အဘိညာဉ် တန်ခိုးအမျိုးမျိုးတို့ မရသော်လည်း ၀ိပဿနာတရား အားထုတ်သောကြောင့် ရဟန္တာဖြစ်ကြခြင်းဖြစ်သည်။ သင် (သုသိမ) သည်လည်း စိတ်အားမငယ်လင့် ၀ိပဿနာတရား ကြိုးစားအားထုတ်လျှင် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရမည်ဟု အားပေးသောအနေဖြင့် 'အာဇာနေယျသိ ၀ါ တွံ သုသိမ၊ န ၀ါ တွံ အာဇာနေယျတိ။ အထ ခေါ ဓမ္မဋ္ဌိတိဉာဏံ ပုဗ္ဗေ၊ ပစ္ဆာနိဗ္ဗာနေ ဉာဏံ' ဟု မိန့်ကြားခြင်းဖြစ်သည်။

     ဤသည်ကို ရည်ရွယ်၍ -
         ' အာဇာနေယျာသိ ၀ါတိအာဒိ ကသ္မာ ၀ုတ္တံ? ၀ိနာပိ သမာဓိံ ဧ၀ံ ဉာဏုပ္ပတ္တိဒဿနတ္ထံ။ ဣဒံ ဟိ ၀ုတ္တံ ဟောတိ၊ သုသိမ မဂ္ဂေါ ၀ါ ဖလံ ၀ါ နသမာဓိနိဿန္ဒော, န သမာဓိအာနိသံသော, န သမာဓိဿ နိပ္ဖတ္တိ၊ ၀ိပဿနာယ ပနေသော နိဿန္ဒော, ၀ိပဿနာယ အာနိသော, ၀ိပဿနာယ နိပ္ဖတ္တိ၊ တသ္မာ ဇာနေယျာသိ ၀ါ တွံ န ၀ါ တွံ ဇာနေယျာသိ၊ အထ ခေါ ဓမ္မဋ္ဌိတိဉာဏံ ပုဗ္ဗေ၊ ပစ္ဆာနိဗ္ဗာနေ ဉာဏန္တိ။' (သံ၊ ဋ္ဌ ၊၂။၁၁၇) ဟု ဖွင့်ဆိုခြင်းဖြစ်သည်။

     ထိုထို ပါဠိတော်များ၌ ရဟန္တာဖြစ်ခန်းကို ဟောတော်မူရာတွင်-' အာသ၀ါနံ ခယာ အနာသ၀ံ စေတောဝိမုတ္တိံ ဒိဋ္ဌေ၀ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ၀ိဟရတိ' ဟု ဟောတော်မူလေ့ရှိသည်။ 

     ဤ၌ ရဟန္တာသန္တာန်၌ဖြစ်သော ပဓါနတရား ၂ပါးကို စေတောဝိမုတ္တိ၊ ပညာဝိမုတ္တိဟူသော နှစ်ပုဒ်ဖြင့်ပြထားရာ သမာထ (သမာဓိ ဈာန်) ကို အခြေခံ၍ ရှုပွား၍ ရလာသော အရဟတ္ထဖိုလ်ကို စေတာသမာဓိ၊ ၀ိပဿနာ သက်သက်ကို အခြေပြုရှုပွား၍ ရလာသော အရဟတ္ထဖိုလ်ကို ပညာဝိမုတ္တဟု ဆိုလိုပေသည်။ အများနားလည်သည့် စကားဖြင့် ပြောရလျှင် သမထယာနိကပုဂ္ဂိုလ်တို့ ရသော အရဟတ္ထဖိုလ်ကို စေတောဝိမုတ္တိ, ၀ိပဿနာယာနိကပုဂ္ဂိုလ်တို့ ရသော အရဟတ္ထဖိုလ်ကို ပညာဝိမုတ္တိဟု ဆိုလိုပေသည်။ 

      ထို့ကြောင့်-   'သမထဿ ဖလံ ရာဂ၀ိရာဂါ စေတောဝိမုတ္တိ၊ ၀ိပဿနာယ ဖလံ အ၀ိဇ္ဇာဝိရာဂါ ပညာဝိမုတ္တိ' (နေတ္တိ၊၃၇) ဟုလည်းကောင်း၊

           'ဣတိ ခေါ ဘိက္ခဝေ ရာဂ၀ိရောဂါ စေတ္တောဝိမုတ္တိ အ၀ိဇ္ဇာဝိရာဂါ ပညာဝိမုတ္တီတိ။ အပိ စေတ္တ သမထဖလံ စေတောဝိမုတ္တိ၊ ၀ိပဿနာဖလံ ပညာဝိမုတ္တီတိ-' ( မ၊ဋ္ဌ၊၁၆၉။ ဣတိဝုတ်၊ဋ္ဌ၊၂၄၁။သာရတ္ထ။၃။၄၇၇) ဟုလည်းကောင်း ဟောကြားဖွင့်ဆိုတော်မူကြသည်။

           'စေတောဝိမုတ္တိ အရဟတ္ထဖိုလ်သည် ( ဈာန်တို့ကို ၀ိပဿနာရှုပွားသောကြာင့်) သမထ၏ အကျိုးဖြစ်သည်။ ပညာဝိမုတ္တိ အရဟတ္ထဖိုလ်သည် (မရသောဈာန်မပါဘဲ သိနိုင်သမျှ သင်္ခါရတို့ကို ၀ိပဿနာသက်သက် ရှုပွားသောကြောင့်) ၀ိပဿနာ၏ အကျိုးဖြစ်သည်။ ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ဖြစ်သော (အရဟတ္ထဖိုလ်စိတ်နှင့် ယှဉ်သော) သမာဓိသည် သမထ၏ အကျိုးဖြစ်သည်။ ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌ဖြစ်သော (အရဟတ္ထဖိုလ်စိတ်နှင့် ယှဉ်သော) ပညာသည် ၀ိပဿနာ၏ အကျိုးဖြစ်သည်။ (မဂ်ဖိုလ်တို့သည် နိဗ္ဗာန်ကို မျက်မှောက်ပြုသိမြင်နိုင်ကြသည်။ နိဗ္ဗာန်သည်ကား မည်သည့် အကြောင်းအထောက်အပံ့မှ မလိုသလို နိဗ္ဗာန်က ထုတ်လုပ်သည့် အကျိုးဟူ၍လည်းမရှိ နိဗ္ဗာန်သည် အကြောင်းအကျိုး အဖြစ်အပျက်တို့မှ ကင်းလွတ်နေသော သိမြင်နိုင်စရာ ဓမ္မာရုံဖြစ်သည်)။

          ထို့အပြင် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ယုဂနဒ္ဓသုတ်၌ (၁) သမထကို ရှေ့သွားပြု၍ ၀ိပဿနာကိုပွားများကာ မဂ်ကို ရသော ရဟန္တာပုဂ္ဂိုလ်။ (၂) ၀ိပဿနာကို ရှေ့သွားပြု၍ သမထကို ပွာများကာ မဂ်ကို ရသော ပုဂ္ဂိုလ်။ (၃) သမထ ၀ိပဿနာကို အစုံပြု၍ ပွားများကာ မဂ်ကို ရသော ရဟန္တာပုဂ္ဂိုလ် ဟု ရဟန္တာဖြစ်ခြင်း၏အကြောင်း၌ သမထရော ၀ိပဿနာပါ ပါဝင်ကြောင်း၊ သမထ၀ိပဿနာ နှစ်မျိုးလုံးတွင် အရေးကြီးသော ပဓါနတရားများပင်ဖြစ်ကြောင်း ဟောတော်မူခဲ့သည်။ (အံ၊၁။၄၇၅)။ (သမထသည် ပညတ်၌ စိတ်တည်ငြိမ်ရုံမျှဟုများစွာလူပေါင်း အမှတ်မှား၏။ အမှန်စင်စစ် အ၀ိဇ္ဇာအပါအ၀င် နီဝရဏတို့ကို နှိပ်ကွပ်ထားကာ ပညတ်ဖြစ်စေ ပရမတ်ဖြစ်စေ သဘောသဘာဝတစ်မျိုးတည်း၌ ထပ်ခါခါတည်ကြည်စွာကျက်စားနေမှုကို သမထဟုဆိုအပ်၏ ဥပမာ စတုဓါတု၀၀တ္ထာန်လည်းပရမတ် ၄င်းတို့ကို ကျင့်ရာ၌ သမထသက်သက်တွင် ထိုပရမတ်များ၏ သဘာဝလက္ခဏာကိုသာ ဆင်ခြင်၍ ထိုပရမတ်များ၏ ဘဘောသဘာဝ သာမညလက္ခဏာ အနိစ္စ ဒုက္ခ အနတ္တကို သိမြင်ရန် မဆင်ခြင်၍ မဂ်ဖိုလ်မရပေ။ ထို့ကြောင့် ၀ိပဿနာရင့်သန်လာပြီး သတိလွတ်ကင်း ဥဒ္ဓစ္စစိတ်ပျံ့ လွင့်ခြင်း မရှိ အာရုံ၏သဘောမှန်ကို ပညာကသိနိုင်အာင် ထပ်ခါခါထင်ရှားအောင်ပြုနေခြင်းသည် ခဏိကသမာဓိခေါ် သမထအမည်တစ်မျိုးပင် ဖြစ်နိုင်သည။် သဒ္ဓါသတိဝီရိယပညာသမာဓိ တို့သည် တစ်ခုနှင့်တစ်ခုထိန်းကာ အရိယသစ္စာကိုသိမြင်ရန် ပူးပေါင်းဆောင်ရွက်၏ တစ်ခုမျှကျန်၍မဖြစ်။ ထို့အပြင် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ရောဟိတဿဝဂ် သမာဓိဘာဝနာသုတ်၌လည်း မည်သည့်သမာဓိက အာသဝေါကုန် အရဟတ္ထဖိုလ်ရောက်ကြောင်းလေ့လာနိုင်ပါသေးသည်။ သင်္ခတ အသင်္ခတတို့၏ သဘောကို ကြားနာရ၍ဖြစ်စေ ဘာဝနာရှုပွား၍သိမြင်လာ၍ဖြစ်စေ ရွှင်လန်း ရှင်းလင်းကြည်လင်မှုသည် သဒ္ဓါဗိုလ် (ပီတိ လဟုတာ ပဿဓိ စသောစေတသိက်များ ခွဲမလွယ်အောင်ပါဝင်ပြီးသားတည်း) အားကောင်းလာခြင်းဖြစ်သည်၊ မမေ့မလျော့ သတိထားကာ သင်္ခါရတို့သဘောကို မယွင်းမချွတ် စောင့်ကြည့်ခြင်းကား သတိဗိုလ်တည်း၊ ထပ်ခါခါ သဒ္ဓါ သတိ သမာဓိ ပညာတိုးတက်အောင် မဆုတ်နစ်အောင်ကြိုးပမ်ခြင်းသည် ၀ီရိယဗိုလ်တည်း၊ မြောက်များစွာသော သင်္ခါရတို့ကို သတိက ဖမ်ပေးရာ၌ အာရုံကထင်ရှားသည်ဖြစ်စေ မထင်ရှားသည်ဖြစ်စေ ထိုသင်္ခါရ၏သဘောသဘာဝကို မတုန်မလှုပ် (ဟိုလိုလို ဒီလိုလိုမဖြစ်) တည်ငြိမ်သောအစွမ်းဖြင့် ထင်ရှားစေမှုသည် သမာဓိဗိုလ်တည်း၊ ထိုသင်္ခတ၏ သဘောသဘာဝကို သုံးသပ်သိမြင် သဘောပေါက်မှုသည် ပညာဗိုလ်တည်း။ ထို့ကြောင့်လည်း သမထ သမာဓိကို အလကားဟုဆိုခြင်းသည် သမာဓိဗိုလ်က အရေးမပါဟုသွယ်ဝိုက် မိန့်ကြားသကဲ့သို့ပင်တည်း)

         ဤ၌ သမထကို ရှေ့သွားပြု၍ ၀ိပဿနာကိုပွားကာ ရဟန္တာဖြစ်သော ပုဂ္ဂိုလ် ရှိသလို ၀ိပဿနာကို ရှေ့ သွားပြု၍ သမထကိုပွားကာ ရဟန္တာဖြစ်သောပုဂ္ဂိုလ်လည်းရှိပေသည်။ သမထကို ရှေ့ သွားပြုသည့် သမထယာနိက ပုဂ္ဂိုလ်ပင် ဖြစ်ဖြစ်၊ ၀ိပဿနာကို ရှေ့ သွားပြုသော ၀ိပဿနာယာနိက ပုဂ္ဂိုလ်ပင် ဖြစ်ဖြစ် မဂ်ကိုရသောအခါ ၀ိပဿနာဉာဏ် (၀ိပဿနာမဂ်) က ရှေးဦးစွာဖြစ်၍ အရိယာမဂ် (လောကုတ္တရာမဂ်) က နောက်မှဖြစ်ပေသည်။ ဤသည်ကို ရည်ရွယ်၍ 'ပုဗ္ဗေ ခေါ သုသိမ ဓမ္မဒိဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉ`ာဏံ' ဟောတော်မူခြင်းဖြစ်သည်။ သမာဓိ- အရေးမပါ အရာမရောက် အသုံးမကျ အလကားဖြစ်၍ ယင်းသို့ဟောခြင်းမဟုတ်ပေ။

     'သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ယထာဘူတံ ပဇာနာတိ။' (သံ၊၂။၁၂။ သံ၊၃။၃၆၃) သမာဓိရှိက အမှန်ကို မြင်စေနိုင်သည် ဟူသော မြတ်ဗုဒ္ဓဒေသနာတော်သည်လည်း သမာဓိ မည်မျှအရေးကြီးကြောင်း ဖော်ပြနေပေသည်။ (ဤနေရာ၌ လူအချို့ ကလည်း သမာဓိဟုဆိုလိုက်သည်နှင့် နေ၀သညာနာသညာယတနဈာန်ဆိုတာ ဘယ်လောက်တည်ငြိမ်လည်း ဒါပေမဲ့ လက္ခဏာရေးမမြင်ပါဘူး။ ပညာမှပညာ  သတိပညာရှိတာနဲ့ ခဏိကသမာဓိက အလိုလိုပါပြီးသား ထပ်လုပ်ပေးနေဖို့ မလိုဘူး ဧကောဓမ္မောဆိုက်ဖို့ပဲ လိုတာဟု လူတိုင်းကိုပင် ဥဂ္ဃဋိတညူပုဂ္ဂိုလ်များပမာ ဟောပြောနေမှုများလည်းရှိပေသည် အမှန်မှာ ဧကောဓမ္မောဟူသည် လမ်းကြောင်းမှန်ကိုဆိုလိုရင်းသာဖြစ်သည် သတိသက်သက်ဖြင့်လည်း ဘာအရိယသစ္စာမှမသိနိုင်ပေ ပိုခြင်းမရှိလွန်စွာမှ လိုအပ်သည်ကားမှန်၏။ ဗောဓိပက္ခိယ ၃၇ပါးလုံး လိုက်ပြီး ဉာဏ်ကွန့်ရမလွယ်လျှင်ပင် ဗိုလ် မဂ္ဂင် ဗောဇ္ဈာင် စသော အုပ်စုတစ်ခုချင်းဆီမှ ဗောဓိပက္ခိယအင်္ဂါများကို ထက်သန်လာအောင် ဆိုလိုရင်းကိုသဘောပေါက်လာအောင် ကြိုးစားသင့်လှသည်။ စိတ်ဖြင့်တိုင်းပါနေသော ဧကဂ္ဂတာစေတသိက်မျှကိုသာ မြတ်ဘုရားဆိုလိုပါလျှင် ဤမျှသမာဓိကို အမွှန်းတင်ဟောစရာ မရှိပါပေ။ တချို့ ပါရမီကောင်းသူတွေက လွယ်လွယ်နှင့် အမှန်ထင်ရှားစေသော သမာဓိအလိုလိုရနိုင်သော်လည်း တရားစာပေလေ့လာရာမှာ ဘုရားဆိုလိုတာသိမှပါ။) မှန်ကန်သော အသိဉာဏ် (၀ိပဿနာဉာဏ်) ဖြစ်ရေးတွင် သမာဓိမပါ၍ မဖြစ်ကြောင်း၊ သမာဓိ အားကောင်းမှ ပရမတ်၏ အဖြစ်မှန် သဘာဝကို သိမြင်နိုင်ကြောင်း ပြဆိုနေပေသည်။ ထို့ကြောင့် မဂ္ဂါမဂ္ဂဉာဏ ဒဿန၀ိသုဒ္ဓိ၊ ပဋိပဒါဉာဏ ဒဿန၀ိသုဒ္ဓိ ဟူသော ၀ိပဿနာဉာဏ်ဖြစ်ပေါ်ရေး နှင့် ဉာဏဒဿန၀ိသုဒ္ဓိ ဟူသော မဂ်ဉာဏ်ဖြစ်ပေါ်ရေးတွင် စိတ္တ၀ိသုဒ္ဓိဟူသော နိဝရဏတရားများမှ ဖယ်ခွာနေကာ အာရုံ၏သဘောမှန်ကို ထင်ရှားစေမှု (ဥပစာရ အပ္ပနာများရလျှင် အကောင်းဆုံးဖြစ်သည်) မပါပဲ မဖြစ်ပေ။ သို့ရာတွင် သမာဓိသည် ပညာ၏နောက်လိုက်၊ သမာဓိသည် မဂ်ဖိုလ်ရရေးတွင် အရေးကြီးသော တရားမဟုတ် ဟူသော စကားတို့သည် ဘုရားဟောဒေသနာများကို ပျက်ရယ်ပြုသကဲ့သို့ ဖြစ်ပေသည်။

     ထို့အပြင် ဆရာတော်ကြီးက ' ဒါကြောင့် ပညာကမှ သူ့ဖြစ်ပျက်မြင် စိတ်ကလေး၏ ဖြစ်ပျက်ကို ပညာကမှ ဒုက္ခသစ္စာကို သိတာ (မှန်ပါ့)။ သမာဓိသုံးခုက မသိဘူး။ ဒါကြောင့် သမာဓိမဂ္ဂင်သုံးခုက သစ္စာသိရဲ့ လား။ မသိပါဘူး။ ဖြစ်ပျက် ဒုက္ခသစ္စာကို သိရဲ့ လား။ (မသိပါဘူး) (ပ) သမာဓိသက်သက်သည် သစ္စာမမြင်သောကြောင့် နိဗ္ဗာန်မရောက်နိုင်ဘူး။ ပညာကမှ သစ္စာမြင်၍ နိဗ္ဗာန်ရောက်တယ်' ဟူသော ဟောပြောချက်သည်လည်း ' ပညာသက်သက်ဖြင့် နိဗ္ဗာန်ရောက်နိုင်သည်' ဟူသော မှားယွင်းသောအယူ အဆကို ဖြစ်သွားစေနိုင်ပါသည်။ (ဆရာတော်ကြီးကိုကား ရှုတ်ချစရာမလိုပါပေ ရဟန္တာပင်ဖြစ်လင့်ကစား အင်မတန်ခွဲရခက်သော စေတသိက်တို့ကို ကွဲကွဲပြားပြားသိရန်မလွယ် သို့သော်အမှားကိုကား ပြင်ပေးရန်သာလိုသည်)

       အမှန်မှာ သမာဓိသက်သက်ဖြင့် နိဗ္ဗာန်မရောက်နိုင်သကဲ့သို့ ပညာသက်သက်ဖြင့်လည်း နိဗ္ဗာန်မရောက်ပါပေ။ မဂ္ဂင်ရှစ်ပါးတို့သည် မိမိတို့ဆိုင်ရာကိစ္စများကို ဆောင်ရွက်ကြခြင်းဖြင့် ဆိုင်ရာကိလေသာကို ပယ်ခြင်း နိဗ္ဗာန်ကိုသိမြင်ခြင်းဟူသော ကိစ္စတို့ကို ဆောင်ရွက်ကြသည်။ လူရှစ်ယောက်ပါသော အဖွဲ့ တစ်ဖွဲ့က ကြီးမားသောကိစ္စကို ဆောင်ရွက်ကြရာတွင် ထိုလုပ်ငန်းပြီးစီးပါက ရှစ်ယောက်လုံးဆောင်းရွက်သည်ဟုပင် ဆိုရမည်။ 

      မဂ္ဂင်ရှစ်ပါးတို့တွင် သမ္မာဒိဋ္ဌိသည် မိမိဆန့်ကျင်ဘက် ကိလေသာများ၏ မိစ္ဆာဒိဋ္ဌိကို ပယ်ခြင်းကိစ္စ နိဗ္ဗာန်ကို အာရုံပြုရခြင်း ကိစ္စ သမ္ပယုတ်တရားတို့နှင့်တကွ ထိုနိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း (၀ါ) သမ္ပယုတ်တရားတို့အား သစ္စာ၎ပါးကို မြင်အောင် ပြတတ်သောကိစ္စဟူသော သုံးကိစ္စကို ဆောင်ရွက်သည်။ သမ္မာသင်္ကပ္ပက မိစ္ဆာသင်္ကပ္ပတို့ကို ပယ်ခြင်းကိစ္စ နိဗ္ဗာန်ကို အာရုံပြုခြင်းကိစ္စ သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ တင်ပေးခြင်းကိစ္စ တို့ကိုပြုလုပ်ပေးသည်။ ကျန်မဂ္ဂင်တို့ကလည်း ဆိုင်ရာကိလသာကို ပယ်ခြင်းကိစ္စ နိဗ္ဗာန်ကို အာရုံပြုခြင်းကိစ္စ သမ္ပယုတ်တရားတို့ကို ကောင်းစွာသိမ်းယူခြင်းကိစ္စ သုံးမျိုးစီတို့ကို ဆောင်ရွက်ကြလေသည်။

      ဤတွင် သမ္မာဒိဋ္ဌိက မိမိနှင့်ယှဉ်ဘက် သမ္မာသမာဓိ စသည်တို့ကို သစ္စာလေးပါးသိမြင်အောင် ပြုပေးသဖြင့် သမ္မာဝါစာ စသော သီလမဂ္ဂင်၊ သမ္မာသမ္မာဓိစသော သမာဓိမဂ္ဂင်များသည်လည်း သစ္စာလေးပါးကိုသိမြင်အောင်လုပ်ပေးကြသည်။ ( သစ္စာလေးပါးကို ၀ိရတီ စသော သီလစေတသိက်များက ကိုယ့်ဘာသာအာရုံမပြုနိုင်သော်လည်း သစ္စာလေးပါးကိုသိမြင်ပြီးနောက် ဥပမာသောတာပန်ပုဂ္ဂိုလ်တို့သည် အပြင်းအထန်မေ့လျော့ကာ သတိပညာရှေ့ သွားမရှိသည်ပင်ဖြစ်စေ အပါယ်မုချကျစေနိုင်သော အကုသိုလ်ဒုစရိုက်တို့ကို မကျူးလွန်နိုင်အောင် ၀ိရတီစေသိက်က အလိုလိုထက်မြက်နေပေတော့သည်။ ဤသည်မှာ ထိုဝိရတီစေတသိက်သည်သာမန် သတိပညာသမာဓိဝိရိယဖြင့် စောင့်ထိန်းနေရသည် မဟုတ် သစ္စာမြင်ပြီးသော ၀ီရတီဖြစ်၍သာ သတိပညာလွတ်ကင်းသော်လည်း အလိုလိုထက်နေသည်ဟုဆိုထိုက်ပေသည်။ အချို့ က  မဂ်ဖိုလ်အတွက် တကယ် အလုပ်လုပ်သည့် မဂ္ဂင်၅ပါးဟုဆိုကာ ဗုဒ္ဓဒေသနာကို အာစရိယ၀ါဒဖြင့် သီလမဂ္ဂင်သုံးပါးအား အရေးသိပ်မပါဟု အနက်ရောက်အောင် ယူဆကြသည်။ အဘိဓမ္မာပိဋကတ် မဂ္ဂင်္ဂ၀ိဘင်္ဂ၌ မဂ္ဂင်တရားများကို ၈မျိုးတနည်း ၅မျိုးနှစ်နည်းဖြင့် ဖွင့်ဆိုထားပါ၏။ သို့သော် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့ကို ၅မျိုးခွဲပြနည်း၍ဖြုတ်ထားခဲ့ခြင်းသည် သီလကအထူးအရးမပါ ၀ိပဿနာကျင့်ရုံဖြင့် လုံနေ၍မဟုတ် ဈာန်သမာပတ်၌ ကျွမ်းကျင်ပြီးသူများ အထူးအားဖြင့် ဗြဟ္မာများသည် အလိုလို သီလလုံပြီးဖြစ်သောကြောင့်သာ သူတို့အတွက် အပိုဟောရာမရောက်အောင် ချန်လှပ်ထားခြင်းဖြစ်သည်။   ခြင်ရိုက်လျှင် ရိုက်တယ်မှတ် ငါးခေါင်းထုလျှင် ထုတယ်မှတ် အရက်သောက်လျှင် သောက်တယ်မှတ်ဟု ဘာလုပ်လုပ်သတိဖြင့်လုပ် ဧကောဓမ္မောဆိုက်သည် ဟု သတိပဌာန်အပေါ်နောက်ပြောင်သူတို့၏ စကားကိုလည်း မမေ့အပ်ပေ။ ၀ိပဿနာရှုနေခိုက် သီလလုံပြီးဖြစ်သည် ဟူသောအယူကို ဆင်ခြင်ဖွယ်ဖြစ်သည်။ မဂ်ဖိုလ်နိဗ္ဗာန်မျက်မှောက်ပြုရေး အတွက် မဂ္ဂင်အုပ်စုတွင် ပါဝင်သော အင်္ဂါမှန်သမျှ အားလုံး အရေးကြီးလှသည်ဖြစ်၏။)

     ထို့ကြောင့် 'သမ္မာဓိမဂ္ဂင်သုံးခုက သစ္စာသိရဲ့လား မသိဘူး။ ဖြစ်ပျက်ဒုက္ခသစ္စာ သိရဲ့ လား။ (မသိပါဘူး) (ပ) သမာဓိသက်သက်သည် သစ္စာမမြင်နိုင်သောကြောင့် နိဗ္ဗာန်မရောက်နိုင်ဘူး' ဟူသော ဆရာတော်ကြီး၏ ဟောပြောမှုသည် ပိဋကတ်တော်နှင့် မကိုက်ညီပါပေ။ (စေတနာက ယှဉ်ဖက်တရားတို့ကို အာရုံသို့ တွန်းတင်ပေးသည် စုစည်းစေသည် ဟုဆိုရာ၌ ဥပမာ ဒေါသစေတသိက်ကိုလည်း အာရုံပေါ်သို့ တွန်းတင်ပေးသည်။ ထိုအခါ အာရုံကို သိသောစိတ်၌ ဒေါသ မောဟ ဥဒ္ဒစ္စ အဟီရိက လည်း တူတူတွဲပါမည်ဖြစ်သည်။ ထို့အတူ သမ္မာဒိဋ္ဌိက သစ္စာသိမြင်သောစိတ်ဖြစ်စေရာ၌ ယှဉ်ဖက် သီလ သမာဓိတို့နှင့် အတူတူစုပြီးသိမြင်သည်ဟု ဆိုလိုဟန်ရှိသည်)

     ဤ၌ မူလပဏ္ဏာသပါဠိတော် ဒွေဓာဝိတက္ကသုတ် အဋ္ဌကထာလာ ဥပမာကိုလည်း သိမှတ်အပ်ပေသည်။
     စစ်သားတို့အတွက် ကတုတ်ကျဉ်း (ခံတပ်) သည် လွန်စွာ ကျေးဇူးများပေသည်။ စစ်သားသည် ထိုကတုတ်ကျဉ်းကို အမှီပြု၍ ထိုမှထွက်ကာ ရန်သူစစ်တပ်ကို တိုက်ခိုက်၏။ ထိုသို့ တိုက်ခိုက်ရင်း လက်နက်များကုန်သွားလျှင်လည်းကောင်း ထမင်းဆာခြင်း ရေငတ်ခြင်း ရိက္ခာကုန်ခြင်း ဖြစ်ခဲ့လျှင်လည်းကောင်း ကတုတ်ကျဉ်းသို့ပြန်လာပြီး လက်နက်ဖြည့်၏ ပင်ပန်းသည်ကို အနားယူ၏ ရေနှင့်အစာကို ၀လင်အောင်စား၏။ ထိုသို့ အားမွေးပြီးမှ ရန်သူတပ်ကို တိုက်ပြန်၏။ လက်နက်များကုန်သွားသောအခါ ဆာလောင်မွတ်သိပ်သောအခါ ပင်ပန်းသောအခါ ကတုတ်ကျဉ်းသို့ ပြန်ဝင်ပြီး အားဖြည့်ပြန်၏။ ထို့နောက် ရန်သူစစ်တပ်ကို တိုက်ပြန်၏။

     ဤနည်းတူ ၀ိပဿနာ ကမ္မဋ္ဌာန်းစီးဖြန်းသောအခါ မကျွမ်းကျင် မနိုင်နင်းသေးသော ယောဂီသည် ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်စဉ်အတွင်း ညောင်းညာပင်ပမ်းလာ၏။ ကိုယ်တွင်း၍ မီးကဲ့သို့ပူ၏။ ချွေးများစွာ ထွက်လာ၏။ ခေါင်းမှ အပူငွေ့ အခိုးငွေ့ မီးကဲ့သို့ ထွက်၏။ ထိုအခါ စိတ်သည် ပူလောင်ပင်ပန်းလာတော့၏။ (လူတိုင်းဖြစ်တာတော့ မဟုတ်ပေမဲ့ ဖြစ်တတ်တာပါ။ မဖြစ်ရင်ပြဿနာမရှိ ဖြစ်လာလျှင်ဟု စိတ်ချရအောင် ပြင်ဆင်သင့်၏။ ရှေးထေရ၀ါဒ ဆရာတော်ကြီးများသည် ၀ိပဿနာကမ္မဋ္ဌာန်းကျင့်ရာ၌ မိစ္ဆာအနှောက်အယှက် ကိလေသာအနှောက်အယှက် နည်းနိုင်သမျှနည်းရန် ဗုဒ္ဓါနုဿတိ မေတ္တာ မရဏနုဿတိ ကာယဂတာ သို့မဟုတ် အသုဘ ဟူသည့် စတုရာရက္ခ လေးပါးသော အစောင့်အရှောက် သမထတရားတို့ကို အခါအားလျှော်စွာ စီးဖြန်းတော်မူကြသည် ဟု မှတ်တမ်းတို့၌ တွေ့၏။)

      ထိုသို့ဖြစ်လာလျှင် စစ်သားသည်ကတုတ်ကျဉ်းသို့ ၀င်၍အားပြန်ဖြည့်သကဲ့သို့ ၀ိပဿနာကမ္မဋ္ဌာန်းကို လွှတ်၍ သမထကမ္မဋ္ဌာန်းကို စီးဖြန်း၏။ သမထကမ္မဋ္ဌာန်း စီးဖြန်း၍ စိတ်ရောကိုယ်ပါ ငြိမ်သက်အေးချမ်းလာသောအခါ ၀ိပဿနာကမ္မဋ္ဌာန်းကို ရှုပြန်၏။ ထပ်မံပင်ပန်းလာသော် ယခင်နည်းတူ သမထကမ္မဋ္ဌာန်းကို ပြောင်း၍ရှု၏။ ထိုအခါ စိတ်ရောကိုယ်ပါ ငြိမ်သက်အေးချမ်းလာပြန်၏။ (သမထကမ္မဋ္ဌာန်းဖြင့် ချမ်းသာခံစားလျက် ကာမ၀ိတက်များဖယ်ရှား နေက္ခမပါရမီမြောက်စေခြင်းနှင့် ထိုချမ်းသာကို တဏှာဖြင့် စွဲမက်စွာ ခံစားခြင်းသည် တခြားစီဖြစ်၏။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဒီဃနိကာယ် ပါထိက၀ဂ် စက္က၀တ္တိသုတ်၌ 'ရဟန်း၏ချမ်းသာတိုးပွားခြင်းသည် အဘယ်နည်း? သမထဈာန်သမာဓိတိုးပွားခြင်းဖြစ်၏။' ဟုမိန့်တော်မူထား၏။ ဈာန်ချမ်းသည် မှီဝဲထိုက်သော ချမ်းသာဖြစ်သော်လည်း စွဲငြိရန်ကားမဟုတ်ပါချေ။ အဘိဓမ္မာ၌လည်း မဟဂ္ဂုတ် မြင့်မြတ်သောစိတ်များဟုဆို၏။ ထိုအပြင်အပ္ပနာဈာန်တို့သည် အာသ၀တရားများလည်းမဟုတ် ဟူ၍ ဈာန၀ိဘင်္ဂ၌ ပြဆို၏။ ကောင်းမှုတရား၌ပြည့်စုံစေပါ ဟု မြတ်ဘုရားဆိုထားရာ သမထအကျင့်ကို အချို့ က သာသနပအကျင့်ဟုဆိုခြင်းသည် လွန်စွာမိုက်မဲသော စကားဖြစ်၏။)

       ဤသို့လျှင် သမထ (သမာဓိ) သည် ၀ိပဿနာအား ကျေးဇူးများ၏။ သမထက ၀ိပဿနာကို စောင့်ရှောက်သကဲ့သို့ အားကောင်းသော ၀ိပဿနာကလည်း သမာထကို စောင့်ရှောက်၏။ 

       ယောက်ျားတစ်ယောက်သည် ကုန်းပေါ်၌ လှေနှင့် လှေဖြင့် သယ်ရမည့် ပစ္စည်းတို့ကို လှည်းပေါ်တင်၍ သယ်ဆောင်လာသည်။ ရေဆိပ်သို့ ရောက်သောအခါ လှည်းပေါ်တင်လာသောလှေကို ရေသို့ချကာ ထိုလှေပေါ်သို့ လှည်းနှင့် ကုန်ပစ္စည်းတို့ကိုလည်းကောင်၊ နွားတို့ကို လည်းကောင်း တင်ကာ တစ်ဖက်ကမ်းသို့ချောမောစွာရောက်၏။
       ကမ်းပေါ်၌ တစ်ဖန် လှည်းဖြင့် လှေကို သယ်ဆောင်သကဲ့သို့ ၀ိပဿနာကို သမထဖြင့် ထိန်းပေးမြှင့်ပေးရသည်။ ရေထဲရောက်သောအခါ လှေဖြင့်လှည်းကို သယ်ဆောင်ပေးရ သကဲ့သို့ သမထကို ၀ိပဿနာဖြင့် စောင့်ရှောက်ပေးရသည်။ ဤဥပမာကဲ့သို့ မဂ္ဂင်ရှစ်ပါးတို့တွင် ပါဝင်ကြသော သမ္မာဒိဋ္ဌိစသော မဂ္ဂင်တို့သည် သူ့ကိစ္စနှင့်သူ ဆောင်ရွက်ကြရင်း ယှဉ်ဘက် သမ္ပယုတ်တရားတို့ကို မိမိနည်းတူဆောင်ရွက်စေနိုင်သောကြောင့် မည်သူက သာသည် မည်သူက နောက်လိုက် မည်သူက အဓိကအပြည့်အစုံ မည်သူက အလကား ဟု မဆိုသာပေ။ ရှစ်ပါးလုံးက သူ့နေရာနှင့်သူ အညီအမျှ ဆောင်ရွက်ကြ အရေးပါကြသည်ဟုသာ ဆိုရပေမည်။

      သမာဓိ ကို အဘိဓမ္မာကျမ်းတို့၌ -
         'ပါမောက္ခလက္ခဏော စ သမာဓိ, အ၀ိက္ခေပလက္ခဏော စ။ ယထာ ဟိ ကူဋာဂါရကဏ္ဏိကာ သေသ ဒဗ္ဗသမ္ဘာရာနံ အာဗန္ဓနတော ပမုခါ ဟောတိ၊ ဧ၀မေ၀ သဗ္ဗကုသလဓမ္မာနံ သမာဓိစိတ္တေန ဣဇ္ဈနတော သဗ္ဗေသမ္ပိ တေသံ ဓမ္မာနံ သမာဓိ ပါမောက္ခော ဟောတိ။ (အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၁) ဟုဖွင့်ဆိုပြပေသည်။

         'သမာဓိသည် အကြီးအမှူးဖြစ်ခြင်း လက္ခဏာ, မပျံ့ လွင့်ခြင်း လက္ခဏာ ရှိသည်။ အထွပ်တပ်သော အိမ်၌ အထွတ်သည် (ခေါင်သည်) ကြွင်းသော (အချင် ဒိုင်း မြှား ရနယ်စသည့်) အိမ်အဆောက်အဦတို့၏ အစိတ်အပိုင်းတို့ကို ဖွဲချည်ထားသောကြောင့် အကြီးအမှူးဖြစ်သကဲ့သို့ အာရုံကို ထင်ထင်ရှားရှား အာရုံ၏သဘောကို ထင်ထင်ရှားရှား သိစေသော သမာဓိသည်လည်း သမာဓိရှိမှသာ အလုံးစုံသော ကုသိုလ်တရားတို့ကို ပြီးစေသောကြောင့် အလုံးစုံသော ကုသိုလ်တရားတို့၏ ရှေ့ သွားခေါင်းဆောင် အကြီးအမှူး ဖြစ်သည်' ဟု ဆိုထားပေသည်။ (၀ိပဿနာအားထုတ်ရာ၌ ရှုစရာမြောက်များစွာသော အာရုံတို့အနက် တစ်ခုကို ထင်ထင်ရှားရှားမြင်နိုင်ခြင်းသည် ထိုအာရုံအပေါ်သမာဓိတည်မှဖြစ်ပေသည်။ ခဏိကသမာဓိဖြင့်သာရှု၏ပွားရမည်ဖြစ်သော်လည်း အပ္ပနာသမာဓိသည် ၄င်းခဏိကသမာဓိကို အင်အားတောင့်စေရုံသာမက သီလမဂ္ဂင်များကို အထူးစင်ကြယ်စေခြင်း ကိလေသာနီဝရဏတို့မှ လွတ်နေသော စိတ်အထူးစဉ်ကြယ်မှုများကိုပါ အင်အားတောင့်စေသည်။ မိမိတွင် လုံလောက်သော အရည်အချင်းမရှိ၍ ဈာန်မရသော်လည်း ဈာန်ကို အလကား အပို သာသနာပအကျင့် ဟု မဆိုသင့်ပေ)

        ထို့အတူ မိလိန္ဒပဥှာကျမ်း၌လည်း ' မင်းမြတ် အထွတ် တပ်သောအိမ်၏ အချင်ရနယ်တို့သည် အထွတ်သို့ ရှေးရှု ညွတ်နေကြရ၊ အထွတ်သို့ သွားရောက် ပေါင်းစုံကြရသည့်အတွက် အထွက်ကို အမြတ်ဆုံး' ဟု ဆိုရသကဲ့သို့ ရှိရှိသမျှ ကုသိုလ်တရားတို့သည်လည်း သမာဓိသို့ ညွတ်ကြ ပေါင်းဆုံကြသောကြောင့် ကုသိုလ်တရားတို့တွင် သမာဓိကို အမြတ်ဆုံးဟုဆိုအပ်၏ ' ဟု အရှင်နာဂသေနက ဟောတော်မူခဲ့ပေသည်။ (မိလိန္ဒ ၃၈)

       ဤသည်တို့ကို ထောက်လျှင် ကုသိုလ်တရားဖြစ်ရေး၌ သမာဓိသည် မည်မျှ အရေးပါ အရာရောက်သည်ကို သိနိုင်ပေသည်။

       လောက၌ လုပ်စရာအလုပ်အပေါ်တည်ငြိမ်မှု သမာဓိရှိသူကို လူတိုင်းက လေးစားကြသည်။ ဟိုလိုလို ဒီလိုလို သမာဓိမရှိသူကို မည်သူကမျှ လေးစားမှု မြတ်နိုးမှု မရှိကြပေ။ 'ဒီလူသမာဓိရှိတယ် ဒီကိုယ်တော် သမာဓိအားကောင်းတယ်' ဟု ဂုဏ်တင် ချီးမွမ်းကြရအောင် သမာဓိက လူ့အဆင့်အတန်းကို မြှင့်တင်ပေးပေသည်။

        ဤသို့ လောက + ဓမ္မ နှစ်ဌာနလုံးတွင် လွန်စွာအရေးပါ အရာရောက်၍ လူတို့၏တန်ဖိုး ဓမ္မ၏ တန်ဖိုးကို မြှင့်တင်ပေးသော သမာဓိကို ' သမာဓိက အလကား' ဟုဟောကြားခြင်းသည် ပိဋကတ်နှင့်ဆန့်ကျင်သော တွေးအခေါ်တို့ကို ဖြစ်စေနိုင်သောကြောင့် 'သမာဓိဟာ အလကား' ဟူသောစကားလုံးနှင့် သမာဓိကို ပစ်ပယ်သော သမာဓိကို ရှုတ်ချသော စကား အာလုံးတို့ကို ဆရာတော်ကြီး၏ ဟောစဉ်စာအုပ်များမှလည်းကောင်း အသံသွင်းထားသော တရားတိပ်ခွေများမှလည်းကောင်း ဖယ်ရှားပေးရမည်။

          ထို့အတူ ' သမာဓိဟာ နိဗ္ဗာန်မရောက်' ' သမာဓိဖြင့် ကိလေသာမှမလွန်မြောက်နိုင်' 'သမာဓိကို အနှစ်သာရထားတာမဟုတ်ဘူး၊ သမာဓိအကျိုးကြောင့် နိဗ္ဗာန်ရလိမ့်မယ် လို့လည်း ငါ မဟောဘူး' ဟူသောစရပ်နှင့် အခြားအလားတူ စကားရပ်တို့ကို ဟောစဉ်စာ၏အုပ်များနှင့် အသံသွင်း တရားတိပ်ခွေများမှ ဖယ်ရှားပေးရမည်။ ( ရုတ်တရက် စဉ်းစားလိုက်လျှင် ဈာန်သည် ၀ဋ်တရားသာဖြစ်သောကြောင့် နိဗ္ဗာန်နဲ့ ဘာမှမဆိုင်လို့ ထင်ကောင်းထင်ပေလိမ့်မယ်။ ဒါပေမဲ့ ပါရမီ ၁၀ပါးမှာ ပညတ် သတ္တ၀ါသက်သက်ကို အာရုံပြုတဲ့ မေတ္တာ သစ္စာ ဒါန သီလ နိက္ခေမ အဓိဋ္ဌာန စတဲ့ တရားမျာကို ပါ သွယ်ဝိုက်၍ ရုပ်နာမ်မကွဲပြားသော အတ္တမိစ္ဆာအမြင်လို့ စွပ်စွဲရာရောက်သွားနိုင်ပါတယ်။ ဒါ့အပြင် အဘိဓမ္မာ ဈာန၀ိဘင်္ဂ၌ အရူပဈာန်အသာထား ရူပဈာန်လေးပါးတို့သည်ပင် ရံခါ၌ ဥပါဒါန်၏အာရုံဖြစ်၏ သို့သော် ဥပါဒါန်တို့ကာမဟုတ် ရံခါ နိဗ္ဗာန်ရောက်ကြောင်းဖြစ်ကုန်၏။ ရံခါ မဟဂ္ဂုတ်ဖြစ်ပြီး ရံခါ၌ လောကုတ္တရာဖြစ်ကုန်၏။ အချို့လောကုတ္တရာကို အာရုံပြုကုန်၏။ ရံခါလောကမှ ထွက်မြောက်ကုန်၏။ အာသ၀နှင့်လည်း မယှဉ်ကုန်။သံယောဇဉ် ကိလေသာ ယောဂ ဂန္ထသြဃ နီဝရဏ မဟုတ်ကြကုန်။ စသည်ဖြင့် ထူးထူးခြားခြား ဖွင့်ဆိုထားပါသည်။ သာသနာပတန်ခိုးရှင်များ၏ ဈာန်အဘိညာဏ်သည်  မိစ္ဆာဒိဋ္ဌိမဟုတ်ကုန် ထို ဈာန်အပေါ်စွဲလန်းမှု နှင့် ထိုဈာန်သည် လုံးဝအမြဲ လောကအဆုံးဖြစ်သည်ဟု အယူအဆသည်လည်းကောင်း ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ် ဗြဟ္မဇာလသုတ်ပါအတိုင်း အဘိညာဏ်အပေါ် မပြည့်မစုံမြင်ရာမှတစ်ဆင့် ဖြစ်လာသော အယူများကသာ မိစ္ဆာဒိဋ္ဌိဖြစ်သည်။ အ၀ိဇ္ဇာမောဟ နှင့် ယှဉ်သော ကုသိုလ် / ဈာန်ဟူသည် လုံးဝမရှိပေ။ဒီဃနိကာယ်က မဟာဂေါဝန္ဒသုတ်တွင်မြတ်ဘုရားသည် ဈာန်သည် ၀ဋ်လည်ရန်ဖြစ်၏ လောကမှထွက်မြောက်ရာမဟုတ်ဟု မိန့်တော်မူကာ မဂ္ဂင်၈ပါးမြတ်တရားကို ၀ဋ်ဆုံးရန်ဖြစ်သည် လောကမှထွက်မြောက်ရာဖြစ်သည် ဟု ထပ်မိန့်ထားပါသည်။ သို့ရာတွင် သမ္မာသမာဓိနှင့် ပတ်သက်သော ဒေသနာအများဟ၏စုတွင် ဈာန်များကို ညွှန်းဆိုထားပြန်ပါသည်။ မြတ်ဘုရားတို့ မည်သည် ခုတမျိုးတော်ကြာတမျိုး ဟောရိုးမရှိပေ။ လေ့လာကြည့်လျှင် မဟာဂေါဝိန္ဒပုဏ္ဏား ဘ၀တွင် ဈာန်တရားဖြင့်ရောက်အပ်သော ဗြဟ္မဘ၀ကို လောကအဆုံး မြဲသောအသက်ထင်၍ အားထုတ်ခြင်းဖြစ်သည်။ မြတ်ဘုရား ချီးမွှန်းတော်မူသော ဈာန်သည် နေက္ခမပါရမီမြောက်သော ဈာန်သမာဓိများကို ဆိုလိုပေသည်။ ပိဋကတ်တော်ကိုလေ့လာလျှင် မြောက်များစွာသော ဒေသနာတို့တွင် ဈာန်သမထကို သမ္မာသမာဓိစရင်းသွင်းထားသည်ကို တွေ့ရမည်။ မှန်၏ သီလမဂ္ဂင်၃ပါးကလည်း သာသနာပအခါတွင်ရနိုင်သည်သာဖြစ်၏။ သို့သော် မြတ်ဘုရားက တိတ္ထိတို့၏ သာသနာ၌ အင်္ဂါ၈ပါးနှင့်ပြည့်စုံသော မဂ္ဂင်မရှိဟု မိန့်ထာသည်ကို အကြောင်းပြု၍ သာသနာပက ဒါန သီလ သမထများသည် အလကား ၀ဋ်ရှည်ယုံ အလောင်းပွားရုံသာဖြစ်သည်ဟု အချို့ကဆိုကြ၏။ ဤသည်မှာ မြတ်စွာဘုရား သာသနာကို နာမလည်၍ပင်ဖြစ်သည်။ ကိလေသခပ်သိမ်းငြိမ်းရန် အထောက်အပံ့ဖြစ်ရေး ဦးတည်သောအလောဘ အဒေါသ အမောဟ ယှဉ်သော ဒါနသီလသမထ မှန်သမျှ သာသနာပ ကာလ၌ဖြစ်စေ ဘုရားအလိုတော်ကျ ပါရမီပင်ဖြစ်သည်။   ဒါကို ရောချ၍ ဈာန်အားလုံးကို ဘုရားချီးမွှမ်းသည်ဟု မဆိုအပ်သလို အားလုံးကို နှိပ်ကွပ်ဟောသည်ဟုလည်း တစ်ကြာင်းစာကျက်စာမှတ်စာ ရသော ပုံစံဖြင့် မဆိုအပ်ပေ။ ပြောကြေးဆိုလျှင် မြတ်ဘုရားသည် ဘ၀ကို ရံခါ၌နှိပ်ကွပ်ဟောသောကြောင့် ဒီပင်္ကရာမြတ်ဘုရားထံမှောက် ဘ၀နိရောဓမယူပဲ ဘုရားဖြစ်အောင် ဘ၀ပေါင်းများစွာကျင့်ကြံခြင်းက မိုက်မဲသည် ရှုတ်ချ နှိပ်ကွပ်သင့်သည်ဟု တလွဲယူဆ စရာဖြစ်နိုင်သည်။ သူ့နေရာနှင့်သူ ယူတတ်ခြင်းသည် တရားစာပေလေ့လာသူတို့၏ လိုအပ်သော အရည်အချင်းတစ်ခုဖြစ်သည်။ အလော အဒေါသ အမောဟ ဟူသော စံနှင့် ညီသမျှ မဂ်ဖိုလ်တိုက်ရိုက်အကျိုးပေသည်ဖြစ်စေ သွယ်ဝိုက်သည်ဖြစ်စေ ဘုရားဟောတရားပင်ဖြစ်၍ အချင်းချင်း နှိပ်ကွပ် ရန်ဖြစ်စရာမလိုကြောင်း ဒီဃ မဟာဝဂ် မဟာပရိနိဗ္ဗာနသုတ်၌ လေ့လာနိုင်ပါသည်)

          မျဉ်းသားထားသော စာများသည် ကျွန်တော် နားလည်သဘောပေါက်သလို ဖြည့်စွက်ချက်များဖြစ်ရာ အမှားပါပါက ကျွန်တော့တာဝန်သာဖြစ်သည်။ အတတ်နိုင်ဆုံးမမှားစေရန် ပိဋကတ်အကိုးများဖြင့် ရေးပြထားသောကြောင့် မှန်မမှန်ကိုယ်တိုင်စစ်ဆေးသင့်ပါသည်။