Tuesday, April 29, 2014

ဥပါဒါနက္ခန္ဓာ ဟူသည်


ယနေ့ခေတ်အခါမှာ ဥပါဒါနက္ခန္ဓာနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ပေါ်ပေါက်နေသည်ဟု သိရှိရပါသည်။ ထို့ကြောင့် ပိဋကတ်သုံးပုံ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့မှ ဥပါဒါနက္ခန္ဓာကို မည်သို့ ဖွင့်ဆို သနည်းဆိုသည်ကို လေ့လာတွေ့ရှိရသည့်အတိုင်း ဖော်ပြလိုပါသည်။ 

ဥပါဒါနက္ခန္ဓာကို တိပိဋက ပါဠိ-မြန်မာ အဘိဓာန် (အတွဲ-၄၊ အပိုင်း-၂) အရ အောက်ပါအတိုင်းဖွင့်ဆို ထားပါသည်။

 ဥပါဒါနက္ခန္ဓ (ပု)
[ဥပါဒါန+ဂေါစရ(ကျက်စားရာအာရုံပြုရာ)+ခန္ဓ။ ဥပါဒါန+အာရမ္မဏဘူတ(အာရုံတည်ရာ )+ခန္ဓ။ ဥပါဒါန+ပစ္စယ-ဘူတ(အထောက်အပံ့ပြုမှီတည်ရာ)+ခန္ဓ။ ဥပါဒါန+ဥပါဒါတဗ္ဗ(မြဲစွာစွဲယူအပ်သော)+ခန္ဓ။ ဥပါဒါန+သမ္ဘူတ(အတူတကွဖြစ်ပေါ်)+ခန္ဓ။ ဥပါဒါန+ဝိဓေယျ(ပြုပြင်စီရင်အပ်သော)+ခန္ဓ။ ဥပါဒါန+ပဘဝ(ကနဦးအစ)+ခန္ဓ။ ဥပါဒါန+ဇနက(ဖြစ်စေသောအကြောင်း)+ခန္ဓ။ ဥပါဒါန+ဇနိတ(မွေးထုတ်ဖြစ်စေအပ်သော)+ခန္ဓ]
ဥပါဒါနက္ခန္ဓာတို့၏ သဘောကို အောက်ပါအတိုင်း ဖွင့်ဆိုတော်မူကြလေသည်။
‘ဥပါဒါနက္ခန္ဓာတိ ဥပါဒါနဂေါစရာ ခန္ဓာ ဥပါဒါနက္ခန္ဓာ၊ မဇ္စျေ ပဒလောပေါ ဒဋ္ဌဗော။ ဥပါဒါနသမ္ဘူတာ ၀ါ ခန္ဓာ ဥပါဒါနက္ခန္ဓာ ယထာ တိဏဂ္ဂိ ထုသဂ္ဂိ။ ဥပါဒါန၀ိဓေယျာ ၀ါ ခန္ဓာ ဥပါဒါနက္ခန္ဓာ ယထာ ရာဇပုရိသော။ ဥပါဒါနပ္ပဘ၀ါ ၀ါ ခန္ဓာ ဥပါဒါနက္ခန္ဓာ ယထာ ပုပ္ဖရုက္ခော ဖလရုက္ခော။ ဥပါဒါနက္ခန္ဓာတ သာသ၀ဥပါဒါနိယဘာဝေန ၀ိသေသေတွာ။ ဥပါဒါနာနံ အာရမ္မဏဘူတာခန္ဓာ ဥပါဒါနက္ခန္ဓာ။ ဥပါဒါနဇနိတာ ဥပါဒါနဇနကာ ၀ါ ခန္ဓာ ဥပါဒါနက္ခန္ဓာ။

• ဥပါဒါန်တရားတို့၏-အာရုံ-အကြောင်း-ဖြစ်သော-ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာ (ဥပမာ ဥပါဒါရုပ်မဟုတ်သော အနုပါဒါရုပ် မဟာဘုတ်လေးပါးတို့ လည်း ဥပါဒါန်၏ အာရုံဖြစ်သောကြောင့် ရုပုပါဒါနက္ခန္ဓာအတွင်းပါ၏)
• ဥပါဒါန်တရားတို့သည် အာရုံပြုခြင်းစသည်တို့၏ အစွမ်းအားဖြင့်-ကပ်၍ ယူအပ်စွဲလမ်းအပ်-သောခန္ဓာ၊ (ဥပါဒါနက္ခန္ဓာတွေအကုန်လုံးက ဥပါဒါန်မဟုတ်ပေမဲ့ ဒိဋ္ဌိ-တဏှာ ဥပါဒါန်အကုန်က ဥပါဒါနက္ခန္ဓာအတွင်းပါ၏)
• ဥပါဒါန်တို့ကြောင့် ဖြစ်ပေါ်လာသော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာ၊ (ဥပမာ- မြက်မီး၊ ဖွဲမီး အမည်ပေးသကဲ့သို့)
• ဥပါဒါန်တရားတို့သည် ပြုပြင်စီရင်အပ်သော (၀ါ) ဥပါဒါန်နှင့် ဆက်စပ်သမျှသော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာ၊ (ဥပမာ ရာဇပုရိသော မင်းချင်းယောက်ျား)
• ဥပါဒါန်တရားတို့လျှင် အမွန်အစရှိသော ခန္ဓာ၊ ဥပါဒါန်တရားတို့သည် ဖြစ်စေအပ်သော ခန္ဓာ၊ (ဥပမာ- ပန်းပွင့်သောအပင်ကို ပန်းပင်၊ သီးသောအပင်ကို သီးပင်ခေါ်သကဲ့သို့)
• ဥပါဒါန်တရားတို့ကိုဖြစ်စေတတ်သော-ခန္ဓာ-တရားအစု၊ ဥပါဒါနက္ခန္ဓာ။ (တဏှာ ဒိဋ္ဌိတို့၏ အနီးအဝေး အကြောင်းတရားများ)

[ ပဋိသံ။၂၃။ စူဠနိ။၂၀၆။ ပဋိသံ၊ဋ္ဌ၊၁။၁၀၂။ စူဠနိ၊ဋ္ဌ။၈၀။ ပဋိသံ။၃၈။ ပဋိသံ၊ဋ္ဌ။၁။၁၃၈။ အဘိ၊ဋ္ဌ၊၂။၂၈။ ၀ိသုဒ္ဓိ၊၂။၁၀၈။ အဘိ၊ဋ္ဌ၊၂။၂၉။ ၀ိ၊ဋ္ဌ၊၁။၉၀။ ဒီ၊ဋ္ဌ၊၂။၅၉။ မ၊ဋ္ဌ၊၂။၈၅။ သံ၊ဋ္ဌ၊၁။၁၈၄။ ၀ိသုဒ္ဓိ၊၁။၁၉၉။ သာရတ္ထ၊၁။၁၄၃။ ၀ိမတိ၊၁။၅၂။ ဒီ၊ဋီ၊၂။၆၃။ မ၊ဋီ၊၂။၁၃၆။ သံ၊ဋီ၊၁။၂၃၅။ သံ၊ဋီ၊၂။၂၁၃။ ၀ိသုဒ္ဓိ၊ဋီ၊၁။၂၃၉။ ဒီ၊၂။၃၀။ ဒီ၊ဋ္ဌ၊၂။၅၂။ ဒီ၊၂။၂၃၉။ မ၊၁။၇၈။ ဒီ၊ဋ္ဌ၊၂။၃၇၃။ မ၊ဋ္ဌ၊၁။၂၉၁။ အံ၊ဋီ၊၁။၂၃၉။ ခုဒ္ဒက။၃။ ခုဒ္ဒက၊ဋ္ဌ။၆၈။] တို့အရ အဘိဓါန်က ဖွင့်ထားခြင်းဖြစ်သည်။

ရုပ်နာမ် ဟူသော သက္ကာယ ကို ခန္ဓာငါးပါး ဟူ၍ မြတ်စွာဘုရားရှင်က အကျယ်ချဲ့ဟောကြားတော်မူခဲ့ပါသည်။ ထိုခန္ဓာငါးပါးအစုသည် ပရမတ္ထဒေသနာအရ လောကီစိတ် ၈၁၊ စေတသိက် ၅၂၊ ရုပ် ၂၈ သာမက လောကုတ္တရာစိတ် ၈ပါး၊ အကျယ်အားဖြင့် ၄၀ပါး အထိပါ အကျုံးဝင်နေတာကို သိရှိကြမည်ဟု ယုံကြည်မိပါသည်။

လောဘ တဏှာယှဉ်သော စိတ်သည် လောကုတ္တရာစိတ်များကိုရော နိဗ္ဗာန်ကိုပါ အာရုံပြုနိုင်င်စွမ်းမရှိပါပေ။ သို့သော် တဏှာ ဥပါဒါန်တို့သည် ရှိသမျှရုပ်အကုန်လုံး နှင့် လောကီ ကုသိုလ်, အကုသိုလ်, ကြိယာ ၀ိပါက်စေတ္တုပ္ပါဒ် (လောကီနာမ်ရုပ်မှန်သမျှ) ကို အာရုံယူနိုင်ကြပါသည်။ (အဘိဓမ္မာ ၀ိဘင်္ဂ ၁-ခန္ဓ၀ိဘင်း ၃-ပဥှာပုစ္ဆက ၁တိက်ဒုက်တို့ဖြင့် ဝေဖန်၍ အဖြေပြခြင်း ၄-ဥပါဒိဏ္ဏတိက် အဖြေ)

နိဗ္ဗာန်နှင့်ပညတ်တို့မှာ မည်သည့်ခန္ဓာ အုပ်စုထဲမှာမှ မပါကြချေ။ သို့အတွက် ဆုံးဖြတ်မည်ဆိုလျှင် ဥပါဒါနက္ခန္ဓာဟူသည် လောကုတ္တရာစိတ်ကျဉ်သော ပရမတ္ထရုပ်နာမ် အကုန်လုံး ဖြစ်ပြီး ခန္ဓာဆိုသည်မှာ ရှိသမျှ ပရမတ္ထနာမ်ရုပ်အကုန် ဖြစ်ပါသည်။ ဘုရားရှင်နဲ့ ရဟန္တာမြတ်တွေမှာ ဥပါဒါန်မရှိလို့ ခန္ဓာကို ဥပါဒါန်နဲ့ မစွဲ။ မစွဲ လို့ ခန္ဓာက ဥပါဒါနက္ခန္ဓာ မဟုတ်တော့ဘူး ဆိုလျှင် ကျွန်ုပ်တို့ ခန္ဓာကိုယ်ကိုလည်း ဘုရားရှင်က ဥပါဒါန်နဲ့မစွဲလို့ ကျွန်ုပ်တို့ ခန္ဓာဟာ ဥပါဒါနက္ခန္ဓာ မဟုတ်ဘူး ဆိုပြီး ဖြစ်သွားပါလိမ့်မည်။ ဒီ ပရမတ္ထဒေသနာမှာတော့ ဘုရားရှင်ရယ် ရဟန္တာရယ် ပုထုဇဉ်ရယ် သူငါ ခွဲမနေတော့ပါပေ။ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာမှန်သမျှ ဥပါဒါနက္ခန္ဓာသာဖြစ်ပါသည်။ သို့ဆိုလျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ ရဟန္တာ မထေရ်တို့ ခန္ဓာကို ဥပါဒါနက္ခန္ဓာ ခေါ်သင့် မခေါ်သင့် အထူးပြောစရာ မလိုတော့ဘူးထင်ပါသည်။ ဘုရားရဟန္တာတို့၏ လောကီ စိတ် စေတသိက် ရုပ် မှန်သမျှမှာ ဥပါဒါနက္ခန္ဓာသာဖြစ်ပါသည်။ (ဒါဟာ အဘိဓမ္မာ ခန္ဓ၀ိဘင်းအရ ဆုံးဖြတ်ထားတာဖြစ်လို့ မိမိဆရာရဲ့ တရားနဲ့ မကိုက်ညီရုံမျှဖြင့် မဆင်မခြင် အထောက်အထားမဲ့ မငြင်းသင့်ပါဘူး)

‘ဘုရား ရဟန္တာတို့မှာ ဥပါဒါနက္ခန္ဓာ မရှိ ကုန်ပြီ’ ဆိုတဲ့ အယူအဆဟာ အဘိဓမ္မာ ၀ိဘင်းကျမ်းအဖွင့်များ တိုက်ရိုက်အနက်ဖွင့်ဆိုချက်များ အဋ္ဌကထာဖွင့်ဆိုချက်များ နှင့် မဆီလျော်သော်လည်း မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် ၅-စူဠယမက၀ဂ် ၄-စူဠဝေဒလ္လသုတ်အရ ပါဠိတော်နှင့် ကိုက်ညီသလိုလို ရှိပါသည်။ ထို သုတ္တန်မှာ ဓမ္မကထိက ဧတဒဂ်အကျော်အမော် အရှင်မဖြစ်တော်မူတဲ့ ဓမ္မဒိန္နာ ရဟန်းမ ကို ၀ိသာခ ဥပသကာက ‘ အရှင်မ သက္ကာယ သက္ကာယ ထင်ရှားရှိသောကိုယ်ထည် ထင်ရှားရှိသောကိုယ်ထည် ဟုဆို၏။ အဘယ်ကို သက္ကာယဟု မြတ်စွာဘုရား ဟောသနည်း။’ ဟု လျောက်၏။ ‘ ဥပါဒါနက္ခန္ဓာ (စွဲလန်းဖွယ်ခန္ဓာ) ငါးပါးကို သက္ကာယ ဟု မြတ်စွာဘုရား ဟောတော်မူ၏’ ဟု ဖြေဆိုတော်မူပါသည်။ ဆက်လက်ဆွေးနွေးကြပြီးနောက် ‘အရှင်မ သက္ကာယချုပ်ရာ သို့ရောက်သောအကျင့် သက္ကာယချုပ်ရာ သို့ရောက်သောအကျင့် ဟုဆို၏။ အဘယ်ကို သက္ကာယချုပ်ရာအကျင့် ဟု မြတ်စွာဘုရား ဟောတော်မူသနည်း’ ဟုမေးပြန်သည်။ ထိုအခါ အင်္ဂါရှစ်ပါးရှိသော မဂ်ကိုပင် သက္ကာယချုပ်ရာသို့ ရောက်စေတတ်သော အကျင့် ဟု ဟောတော်မူကြောင်း မိန့်ကြားတော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင် ကလည်း ထိုသို့ပင် ကိုယ်တော်တိုင်ဟောမည် ဖြစ်ကြောင်း အရှင်မကို ချီးမွှမ်း မိန့်ကြားခဲ့ပါသည်။ ထို့ကြောင့် မဂ်ကိစ္စပြီးစီးသူ ဘုရား ရဟန္တာတို့သည် သက္ကာယချုပ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသူများဖြစ်လို့ ဥပါဒါနက္ခန္ဓာချုပ်ပြီးသူများဟု ယူဆဖွယ်ရာရှိနေပြန်ပါသည်။ သို့သော် ဓမ္မဒိန္နာအရှင်မ ဆိုလိုသော သက္ကာယချုပ်ရာသည် ကမ္မဇ စိတ္တရုပ်များနှင့် နာမ်မှန်သမျှ အကုန်ချုပ်ရာ အနုပါဒိသေသပရိနိဗ္ဗာန်ကို ကိုယ်စားပြုနေခြင်းဖြစ်သည်။ အရှင်သာရိပုတ္တရာမိန့်ခဲ့သကဲ့သို့ ‘ငါ့ရှင် ဥဒါယီ နိဗ္ဗာန်သည် ဝေဒနာမရှိခြင်းကြောင့်ပင် ချမ်းသာ၏’ ဟု ဆိုရာ၌ သောတာပန် သကဒါဂါမ် ရိုးရိုးအနာဂါမ်များ အရိယာများသည် စိတ်ချုပ်ငြိမ်းရန် မည်သည့် သမာပတ်မျှ မ၀င်စား နိုင်သောကြောင့် အရှင်သာရိပုတ္တရာ ရည်ညွှန်းသော နိဗ္ဗာန်သည် မုချ ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် နိရောဓသမာပတ်သာဖြစ်နိုင်သည်။

အဘယ်ကြောင့် ခန္ဓာနဲ့ ဥပါဒါနက္ခန္ဓာ ခွဲခြားခွဲခြား ဟောနေရသနည်း ဆိုတာ လေ့လာကြည့်သည့်အခါ ၀ိပဿနာဉာဏ် ကျက်စားဖို့ရာ စည်းခြားပေးလိုတော်မူ၍ ခွဲခြား ဟောခဲ့သည်ဟု တွေ့ရှိရပါသည်။ လောကုတ္တရာစိတ်များနှင့် နိဗ္ဗာန်တို့သည် ၀ိပဿနာရဲ့ အာရုံ မဟုတ်ကြချေ။ အဘယ်ကြောင့်ဆိုသော် မဂ္ဂသစ္စာ (မဂ်ဉာဏ်ကို ဆိုလိုတာပါ ၀ိပဿနာမဂ္ဂင်ဟာ မဂ်ဉာဏ်မဟုတ်သေးပါဘူး။ အရှုဉာဏ်ကို ၀ိပဿနာပြန်ရှုနိုင်သောကြောင့် အရှုဉာဏ်သည်ပင် ဒုက္ခသစ္စာအုပ်စုထဲ ပါဝင်ပါတယ်။ ကျင့်ဆဲသမ္မာဒိဋ္ဌိ စတဲ့ မဂ္ဂင် = မဂ္ဂ+ အင်္ဂ= မဂ်၏ အစိတ်အပိုင်းများ ဆိုတာနဲ့ ရင့်ကျက်ပြည့်စုံသော အင်္ဂါ၈ပါးရှိသည့်မဂ်ဉာဏ် မတူပါဘူး။)  နှင့် နိရောဓသစ္စာ အုပ်စုအတွင်း ပါကြသောကြောင့်တည်း။  ဥပါဒါနက္ခန္ဓာသည် ဒုက္ခသစ္စာ ဖြစ်ပါသည်။ (မဂ်ဉာဏ်ကို တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မစွဲကပ်နိုင်သော်လည်း ၀ိပဿနာဉာဏ်အကုန်လုံးကို တဏှာက အာရုံပြုနိုင်ပါသည်)။ ပညတ်သည် ၀ိပဿနာ (စစ်စစ်) ရဲ့ သိစရာအာရုံ မဟုတ်သော်လည်း တဏှာ၏ အာရုံဖြစ်နိုင်သလို အခြေအနေအလိုက် တဏှာကိုဖယ်ခွာ ၀ိပဿနာကို အားပေးတဲ့ အာရုံအဖြစ်လည်း အမျိုးမျိုးဖြစ်နိုင်ပါသည်။ ဆိုလိုရင်းမှာ တဏှာ အာရုံယူနိုင်တဲ့ ဥပါဒါနက္ခန္ဓာတွေဟာ ၀ိပဿနာရှုနိုင်တဲ့ ခန္ဓာတွေ ဖြစ်ပြီး တဏှာ အာရုံမယူနိုင်တဲ့ ခန္ဓာတွေဟာ ၀ိပဿနာရဲ့ အာရုံမဟုတ်ဟု ဆိုတာပါ။ ဒီအတွက် ဥပါဒါနက္ခန္ဓာ ဟု ဆိုလိုက်ခြင်းအားဖြင့် ဒုက္ခသစ္စာဖြစ်သော ရုပ်နာမ်တို့အပေါ်၌ ရှုမှတ်ပွားများအားထုတ် ရမည်ဟု ရှင်းလင်းစွာသိရသည်။ ထို့အပြင် ပေါ့ပေါ့နေရန်မသင့် လောကီခန္ဓာမှန်သမျှ ဥပါဒါန်က ကြီးစိုး အာရုံယူနိုင်ပါကလား နယ်ပယ်ကကျယ်ပါပေ့ ကြိုးစားမှပါ ဆိုတဲ့ သတိသံဝေဂ ဖြစ်ရန်ကလည်း ထို ဥပါဒါနက္ခန္ဓာ ဆိုတဲ့ ဗုဒ္ဓ၀စန၏ ဂယက်အနက် ပင်ဖြစ်ပါသည်။

မဂ်ဖိုလ်ဉာဏ်တို့သည် လောကုတ္တရာ အုပ်စုအတွင်းမှ စိတ်များဖြစ်သည့်အတွက် လောကီစိတ်ဂုဏ်သတ္တိပေတံဖြင့် တိုင်းမရနိုင်ပါ။ မဂ်ဖိုလ်ဉာဏ်တွေတို့သည် ကိုယ်တိုင်က ဖြစ်ခြင်းပျက်ခြင်း ရှိပါလျက် ဖြစ်ခြင်းပျက်ခြင်း မရှိသော မွန်မြတ်ငြိမ်သက်လှသော တကယ်ရှိသော နိဗ္ဗာန်ဓမ္မာရုံကို အာရုံပြုနေသောကြောင့် ဝိပဿနာရဲ့ အာရုံစိတ်များ အဖြင့် မဖြစ်တော့တာပါ။ ဥပမာ သာမန်လူတစ်ယောက်က ဖြစ်ခြင်းပျက်ခြင်းလည်းရှိသော သိမ်မွေ့သုခုမ ဖြစ်သော ဘဝင်စိတ်ကို ဘယ်လိုမှ တိုက်ရိုက် ပြန်တွေးပုံဖော်မရ တာ ကြောင့် လက္ခဏာရေးဖြင့် တိုက်ရိုက်မရှုနိုင် ဆင်ခြင်သဘောပေါက်ဉာဏ်ဖြင့်သာ ခြုံရှုနိုင်သကဲ့သို့တည်း။ (အနေနဲ့ဖြည့်စွက်ရေးလိုတာကတော့ - ဥါပါဒါနက္ခန္ဓာမှာ ဘဝင်စိတ် စုတိစိတ် ပဋိသန္ဓေစိတ် ဘယ်လိုရှုမှာလည်း? ဒုက္ခမှန်သမျှ ဝိပဿနာရဲ့အာရုံပါ။ ပရစိတ္တဝိဇ္ဇာနနအဘိညာဏ် ပုဗ္ဗေနိဝါသအဘိညာဏ် တို့ကို အသုံးချပြီး ရှုနိုင်ပါတယ်။ အဲဒီဉာဏ်တွေမရလို့ မရှုနိုင်လည်း မဂ်ဖိုလ်ရပါတယ် ဆိုတာ သိကြတဲ့အတိုင်းပါ။)

ဥပါဒါနက္ခန္ဓာ- ဟူသော အသုံးအနှုံးစကားလုံးသည် မြန်မာဘာသာသုံး ပါဌာနုသာရီ (ပါဠိကိုမှီငြမ်းသော) စကားလုံး မြန်မာဝေါဟာရ ဖြစ်လို့နေပေသည်။ ဥပ+အာဒါန+ခန္ဓ ဟူ၍လည်းကောင်း၊ ဥပါဒါန+ခန္ဓ ဟူ၍လည်းကောင်း၊ ပုဒ် အသီးသီး ခွဲခြားပိုင်းဖြတ်၍ ဥပ+အာဒါန=ဥပါဒါန= မြဲမြန်စွာ ကပ်၍ ယူတတ်+ စွဲလန်းတတ်သောတရား, ခန္ဓ= ရုပ်+နာမ်တရား အဖို့အစု+ ရုပ်နာမ်ဓမ္မ အစုအပုံဟူ၍လည်းကောင်း အကျဉ်းအားဖြင့် မှတ်ယူရမည်။ ဥပါဒါန်သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တ၀ါဒုပါဒါန်- အားဖြင့် ၄ပါးရှိ၏။ တရားကိုယ် အားဖြင့် တဏှာ နှင့် ဒိဋ္ဌိ ဟူ၍ ၂ပါးသာ ရှိ၏။ ဥပါဒါနက္ခန္ဓာတို့သည် ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ၀ိညာဏုပါဒါနက္ခန္ဓာ- ဟူ၍ ၅ပါး အပြားရှိ၏။ ပြဆိုခဲ့သည့်အတိုင်း လောကီနာမ်ရုပ်မှန်သမျှသည် ဥပါဒါနက္ခန္ဓာအတွင်း ပါဝင်၏။

ဥပါဒါန်၏ အာရုံသာဖြစ်၍ ဥပါဒါန်မဟုတ်သော တရားများ (ဥပမာ ၀ိပါက်-ကာမကုသိုလ်-ဈာန်)၊ ဥပါဒါန်လည်းဖြစ် ဥပါဒါန်၏အာရုံလည်းဖြစ်သောတရား (အကုသိုလ်)၊ ဥပါဒါန်၏ အာရုံလည်း မဟုတ် ဥပါဒါန်လည်းမဟုတ်သော တရားများ (လောကုတ္တရာ၈ပါး) စသည်ဖြင့် သဘောတူရာတူရာ ရုပ နာမက္ခန္ဓာလေးပါးသော တရားတို့ကို သိမ်းကျုံးယူဖို့ရာ သာသ၀ဓမ္မ (အာသ၀၏အာရုံဓမ္မ) အနာသ၀ဓမ္မ (အာသ၀၏အာရုံမဟုတ်သော ဓမ္မ) ဟု အထူးမပြုဘဲ မြတ်စွာဘုရားက  ‘ပဉ္စက္ခန္ဓာ’ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။
သာသ၀ဓမ္မ တေဘူမကတရားတွေကိုတော့ ၀ိပဿနာ၏ အာရုံပြုရာအားဖြင့် ထင်ရှားစေခြင်းငှာ ‘ဥပါဒါနက္ခန္ဓာ’ ဟူ၍ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါသည်။ ခန္ဓာကိုသာ ၀ိပဿနာရှုပါလို့ မြတ်ဘုရားဟောခဲ့လျှင်လည်း မည်သူမျှ အနာသ၀ဓမ္မတွေကို ၀ိပဿနာရှုမှာ မဟုတ်ပါ။ ရှုချင်ရင်တောင် ရှုလို့မရတဲ့ ဓမ္မတွေဖြစ်နေလို့ပါပဲ။ ဒါကိုတောင်ခွဲခြား ဆုံးမနိုင်တဲ့ မြတ်စွာဘုရားရှင်ဉာဏ်တော်ဟာ ကြည်ညို အားထားဖွယ် အတိဖြစ်ပါသည်။ (အထူးသဖြင့် ခန္ဓ၀ဂ္ဂသံယုတ်)

အကျဉ်းအားဖြင့်ဖော်ပြရပါမူ သာသ၀ဓမ္မ လောကီတေဘူမကတရားဖြစ်စေ၊ အနာသ၀ဓမ္မ လောကုတ္တရာ (၈ပါး) တရားဖြစ်စေ ခန္ဓာဖွဲ့၍ ရစကောင်းကုန်သော တရားအားလုံးကို ပြတော်မူခြင်းငှာ ခန္ဓဒေသနာကို ဟောတော်မူခဲ့ခြင်းဖြစ်ပြီး ၀ိပဿနာရှုမှတ်စီးဖြန်းရာဝယ် လောကီတရားတို့ကိုသာ ရှုမှတ်ရမည်ဖြစ်သောကြောင့် ၀ိပဿနာဘူမိအဖြစ် ရည်မျှော်၍ လောကီသက်သက် ဥပါဒါနက္ခန္ဓာဒေသနာကို ဟောတော်မူခြင်းဖြစ်ပါသည်။ အဘိဓမ္မတ္ထ၀ိဘာဝိနီဋီကာ နှာ၂၂၉၌ ပဉ္စက္ခန္ဓာ ဒေသနာတွင် သာသ၀ဟူသော ၀ိသေသနပုဒ်မပါဘဲ ပဉ္စုပါဒါနက္ခန္ဓာဒေသနာ၌ သာသ၀ံ+ဥပါဒါနိယံ ဟူသော ၀ိသေသနပုဒ်၂ပုဒ် ပါဝင်နေသည်ကို သတိပြု၍ ပဉ္စက္ခန္ဓာနှင် ပဉ္စုပါဒါနက္ခန္ဓာတို့၏ အနာသ၀ သာသ၀ ဖြစ်ပုံတို့ကို သိမှတ်ရပေမည်။ သုံးဆယ့်တစ်ဘုံသားတို့၏ ဇာတိအစ ခန္ဓာမှန်သမျှသည် မကင်းကွာကုန်သေးသော ဥပါဒါန်တရားတို့ကြောင့်သာ ဖြစ်ပေါ်လာကြရသဖြစ့် ဥပါဒါနက္ခန္ဓာချည်းသာဖြစ်ကုန်၏။ နိဗ္ဗာနဓါတ်ဟူသည် သဥပါဒိသေသနိဗ္ဗာနဓါတ် (အာသဝေါကုန်ခန်းပြီးသော်လည်း ခန္ဓာ၅ပါးဟူသော ဥပါဒိသည်သာ ကြွင်းကျန်သောကြောင့် သဥပါဒိသေသနိဗ္ဗာနဓါတ်ဟု ခေါ်၏) နှင့် အနုပါဒိသေသနိဗ္ဗာနဓါတ် (အာသဝေါတို့ကုန်ခန်းပြီးသည့်အပြင် ခန္ဓာငါးပါးတို့ ကြွင်းကျန်မရှိပျက်စီးချုပ်ပျောက်အသစ်မဖြစ်ခြင်း သောအားဖြင့်ချုပ်ငြိမ်းမှု) ဟူ၍ ရှိ၏။

မြတ်စွာဘုရားရှင်နှင့် ရဟန္တာများမှာ သဥပါဒိသေသပရိနိဗ္ဗာန် ကိလေသပရိနိဗ္ဗာန်ပြုပြီးသော်လည်း အနုပါဒိသေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန်မပြုရသေးသောကြောင့် ဥပါဒါန်ကြောင့်ဖြစ်ပေါ်ရရှိလာခဲ့သည့် ဥပါဒိမည်သော ခန္ဓာအကြွင်းအကျန် ရှိသောကြောင့် ‘ဥပါဒါနက္ခန္ဓာ မရှိတော့’ ဟု သာမညအတွေးအထင် ကြားဖူးနားဝ အသိအမြင်ဖြင့် မပြောဟောသင့်ပေ။ ယင်းသို့ ချွတ်ယွင်းစွာ ပြောသမျှ ဒုရက္ခာတဓမ္မဖြစ်၍ နာယူမှတ်သား လက်ခံကျင့်သုံးသူများသည်လည်း မိစ္ဆာဒိဋ္ဌိဖြစ်မှန်းမသိ ဖြစ်သွားနိုင်ပါသည်။ (ဒိဋ္ဌိပယ်ပြီးဖြစ်ချင်ဖြစ်နိုင်သော်လည်း မိမိမကျွမ်းကျင်သော တရားအယူအဆများမှားတတ်ကြောင်း သိသာပါသည်။ မိမိတို့၏ ဆရာသည် ဆဋ္ဌဘိညာရဟန္တာပင်ဖြစ်စေကာမူ ယူဆပညတ်သတ်မှတ်ခေါ်ဆိုရာ၌ မှားချင်မှားတတ်သည်။ အတိအကျပညတ်နိုင်ခြင်းသည် ဉေယျဓမ် အရာသာဖြစ်သည်။ ထို့အတူ မြတ်စွာဘုရား၏ ပါဠိတော်တရားကို တိကျသေချာစွာ ကိုယ်တွေ့နှင့်ပညတ်တင်နိုင်ခြင်းသည် ပဋိသမ္ဘဒါပတ္တရဟန္တာအရာသာ ဖြစ်သည်။)

ဝိသုဒ္ဓိမဂ် ၁၄ခန္ဓ  စဉ်၄၄၇ ရုပ်အပြားကို ပြခြင်း တွင် အနုပါဒိဏ္ဏရုပ်လည်း ရှိကြောင်းဖွင့်ထား၏။ သို့သော် ထို အနုပါဒိဏ္ဏရုပ်ဟူသည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလန်းအပ်သော ရုပ်ဟု အဓိပ္ပာယ်မရ ကံ၏အကျိုးကြောင့်ဖြစ်သော ရုပ်မဟုတ်သည့်  ဥတုဇရုပ် စသည်ကိုသာ ဆိုလို၏။ ထို့အပြင် ၁၄ ခန္ဓနိဒ္ဒေသ စဉ်၅၀၅၌ လည်း ခန္ဓာငါးပါးနှင့် ဥပါဒါနက္ခန္ဓာငါးပါးကို ဖွင့်ထားပါသေး၏။ အလုံးစုံသော ရုပ်နာမ်တို့သည် ခန္ဓာစရင်း၌ပါ၍ သာသ၀ ဥပါဒါနိယ (အာသဝေါတရား၊ ဥပါဒါန်တို့၏အာရုံ) ဖြစ်သော ရုပ်နာမ်တို့သည်သာ ဥပါဒါနက္ခန္ဓာစရင်း၌ ဖော်ပြလေ၏။ ၁၆ဣနြေ္ဒိယနိဒ္ဒေသ ဒုက္ခကိုအကျယ်ပြဆိုချက် စဉ်၅၅၂ အရ ဥပါဒါနက္ခန္ဓာသည် ဒုက္ခ တေဘူမက လောကီအကုန် ဖြစ်ကြောင်း ပြဆိုထားပါသည်။

ဥပါဒါနက္ခန္ဓာတို့ဟာ ၀ိပဿနာရှုရမဲ့ အာရုံဖြစ်ကြောင်း ခန္ဓာနဲ့ ဥပါဒါနက္ခန္ဓာ ဘယ်လိုကွာကြောင်း ဘုရားရှင်က ဘာကြောင့် ခွဲခြားဟောတော်မူရတဲ့ အကြောင်းတွေကို ဖော်ပြခဲ့ပြီးပါပြီ။ အခု ဗုဒ္ဓအလိုတော်ကျ ဖြစ်ကြောင်း ရှင်းသည်ထက်ရှင်းစေရန် သုတ္တန်ပိဋကတ် ဖော်ပြချက်များကနေ ရေးသားသွားမှာဖြစ်ပါသည်။ လောကုတ္တရာစိတ်များကို ၀ိပဿနာရှုလို့ရကြောင်း ထင်ရှားတဲ့ဆရာတော်ကြီးတစ်ပါးက မိန့်ထားဖူးတဲ့အကြောင်း တွေ့ရပါသည်။ မဂ်ဖိုလ်စိတ်မှာ အာရုံဖြစ်တဲ့ နိဗ္ဗာန်က ဘယ်နည်းနဲ့မှ ဖြစ်ပျက်မရှိပါပေ။ မဂ်ဖိုလ်စိတ်များသည် မိမိအကြိုက်ဖြစ်လို့သုခဖြစ်ရတဲ့ သုခ မဟုတ်ပဲ သန္တိသုခနိဗ္ဗာနဓါတ် ဓမ္မာရုံကို အာရုံပြုနေတာကြောင့် ဒုက္ခလို့ဘယ်သူမှမြင်မှာ မဟုတ်ပါဘူး။

ဒီအတွက်ကြောင့်လည်း နိဗ္ဗိန္ဒဉာဏ်ဖြစ်လာမှာမဟုတ်ပါဘူး အထက်မဂ်ဆို ဝေလာဝေးပါပဲ။ ရှုမှတ်မှုရဲ့ အဆုံးပန်းတိုင်က မဂ်ဖိုလ်အကျိုးငှာ မဟုတ်ရင် မဂ္ဂင်မဟုတ်ပါဘူး။ (မဂ်ဖိုလ်စိတ်ကို ၀ိပဿနာရှုလို့ရတယ် ဆိုတဲ့ ဆရာတော်ကြီးကို အရိယာမဟုတ်ဆိုပြီး စွပ်စွဲနေတာ မဟုတ်ပါဘူး။အရိယာပါဆိုပြီးလည်း ထောက်ခံနေတာ မဟုတ်ပါဘူး။)

ခန္ဓ၀ဂ္ဂသံယုတ် (၆)၁-ဥပယ၀ဂ် ၄-ဥပါဒါနပရိပ၀တ္တန သုတ်မှာ ဥပါဒါနက္ခန္ဓာငါးပါးကို သေချာစွာ မသိသေးသမျှ ဘုရားမဖြစ်သေးကြောင်း မိန့်တော်မူခဲ့သလို ရုပ် (ရူပုပါဒါနက္ခန္ဓာ) ဟူသည်မှာလည်း မဟာဘုတ်လေးမျိုးနှင့် မဟာဘုတ်လေးမျိုးကိုမှီ၍ ဖြစ်သော ရုပ်များလို့ ဖွင့်ဆိုတော်မူခဲ့ပါတယ်။ မဟာဘုတ်သဘောမှာ သူ့မဟာဘုတ် ငါ့မဟာဘုတ် ဆိုပြီးမရှိပါဘူး။ သို့သော် ကံသတ္တိရဲ့ အစွမ်းကြောင့်ဖြစ်ပေါ်နေတဲ့ ခန္ဓာအစဉ်များကိုတော့ သူ ငါ ဘုရား ရဟန္တာ ပညတ်လို့ ရပါတယ်။ (အဘိဓမ္မာ၊ ပုဂ္ဂလပညတ်)။ “ဘုရားရှင်မှာ ဥပါဒါန်မရှိတော့ပါဘူး။ ဒီတော့ ဘုရားရှင်ရဲ့ ကမ္မဇရုပ် စိတ္တဇရုပ်များဟာ ဥပါဒါန်အစွမ်းကြောင့်ဖြစ်နေတာမဟုတ်သလို ဥပါဒါန်ရဲ့ အငွေ့ အသက်ကင်းပါတယ်။ ဥတုဇရုပ်ဆိုတာကလည်း ဥပါဒါန်ကြောင့်ဖြစ်လာတာ မဟုတ်ပါဘူး။ ဒီအတွက် ရဟန္တာတို့ရဲ့ ခန္ဓာစဉ်ဟာ ဥပါဒါနက္ခန္ဓာမဟုတ်တော့ပါဘူး။” ဟုတ်သလိုလိုတော့ ရှိပါသည်။

တဏှာ ဒိဋ္ဌိ စေတသိက်များနဲ့ မယှဉ်တဲ့ စိတ်တိုင်းဟာ ဥပါဒါန်မထိုက်ကြပါချေ။ ဥပမာ ဈာန်ဝင်စားနေချိန် ကုသိုလ်စိတ်ဖြစ်နေချိန် ၀ိပါက်စိတ်ဖြစ်နေချိန်များမှာ ဥပါဒါန်က လာမကပ်ပါဘူး။ အဲဒီအချိန်မှာ ထုတ်လုပ်နေတဲ့ ကမ္မဇ စိတ္တဇရုပ်များဟာ န+ဥပါဒါနက္ခန္ဓာ= အနုပါဒါနက္ခန္ဓာ (ဒီလိုပိဋကတ်အသုံး မရှိပါ။ ဥပါဒါန်မရှိသူကို အနုပါဒါန ဟုသာဖော်ပြလေ့ရှိသည်) ဆိုပြီး စရင်းသွင်းလျှင်တော့ ပုထုဇဉ်တို့ ခန္ဓာစဉ်လည်း ရံခါ ဥပါဒါနက္ခန္ဓာ မဟုတ် ရံခါ ဥပါဒါနက္ခန္ဓာဖြစ်သည် ဆိုပြီး ဖြစ်သွားပါလိမ့်မည်။ သိဒ္ဓတ္ထဂေါတမဘ၀ ဟာ ဘာကြောင့်ဖြစ်လာရတာပါသနည်း။ အတိတ်က ဥပါဒါန်မပယ်ခဲ့လို့ပါ။ ဒီလိုဆို သိဒ္ဓတ္ထ ဂေါတမဘုရားရဲ့ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဖြစ်စဉ်တွေဟာ ဥပါဒါန်ကြောင့်ပဲဖြစ်နေရပါသည် ဆိုတာထင်ရှားလှပါသည်။ (နိဒါန ဒေသနာတော်များ)

ခန္ဓ၀ဂ္ဂသံယုတ် (၉)၄-ထေရ၀ဂ် ၇-ခေမကသုတ် မှာလည်း ‘ဥပါဒါနက္ခန္ဓာ ငါးပါးကို မြတ်စွာဘုရားဟောထားပါ၏။ ထိုငါးပါးတို့၌ တစ်ပါးပါးကို ငါ၊ငါ့ဟာ ဟု ရှုပါသလော’ ဟု ရဟန်းတို့က အရှင်ခေမကကို မေးထားပါသည်။ ထို၌ လောကီခန္ဓာများဖြစ်သော ဥပါဒါနက္ခန္ဓာတို့ကိုသာ တဏှာ မာန ဒိဋ္ဌိ တို့က ကပ်နိုင်ပြီး လောကုတ္တရာစိတ်စေသိက် တို့ကို မကပ်နိုင် ဒါကြောင့် ခန္ဓာဟူ၍ ယေဘုယျစကားမသုံးဘဲ ဖြစ်နိုင်သည့် အနေအထားကိုသာ ပညာပါပါဖြင့် မေးထားတာကို တွေ့ရပါသည်။ (ငါဆိုတဲ့ သဘောမှာ အနာဂါမ်တောင် တဏှာနဲ့ မာနက လာတဲ့ ‘ငါ’ ကို မပယ်နိုင်ကြောင်း ခေမကသုတ်အရ သိနိုင်ပါတယ်။ ဒါကြောင့် ငါ သူ ကျား မ နတ် ဗြာဟ္မ လို့ ပညတ်တိုင်း သဿတမိစ္ဆာဒိဋ္ဌိမဟုတ်နိုင် ကမ္မဿကတာသမ္မာဒိဋ္ဌိလည်းဖြစ်နိုင်သလို တဏှာ မာန တို့ သက်သက်လည်း ဖြစ်နိုင်ပါတယ်။ဆိုးတာက အချို့သော ဆရာတော်ကြီးများကပါ အမျှဝေတာကို သဿတဒိဋ္ဌိဆိုပြီး ဟောခဲ့ဖူးပါတယ်)

တစ်ချက်က မိမိ မသိဖူးမမြင်ဖူးတဲ့ လောကုတ္တရာ ၉ ပါး လုံးကို ထင်ရာ ပညတ်ချက်နဲ့ တဏှာက (ပညတ်ဓမ္မာရုံကို) အာရုံယူနိုင်ပါသေးသည်။ ခန္ဓ၀ဂ္ဂသံယုတ် (၁၂) ၂-ဓမ္မကထိက၀ဂ် ၁၀-သီလ၀န္တသုတ် မှာ ရဟန္တာအရှင်သူမြတ်သည်ပင် ဥပါဒါနက္ခန္ဓာ ငါးမျိုးတို့ကို မျက်မှောက်ချမ်းသာစွာ နေရခြင်းအကျိုးငှာ (နိဗ္ဗာန်ကို ဖိုလ်စိတ်ဖြင့်အာရုံပြုခြင်းငှာ)၊ သတိ, သမ္ပဇဉ် အလို့ငှာ ၀ိပဿနာရှုပွားကြကြောင်း အရှင်သာရိပုတ္တရာမထေရ်က ဖြေဆိုထားပါသည်။

ထို့ကြောင့် ‘မြတ်စွာဘုရားဟောတော်မူသော ဥပါဒါနက္ခန္ဓာဟူသည် ပရမတ်ခန္ဓာမဟုတ် အထင်အမြင်ကြောင့်ဖြစ်သော ပညတ်ခန္ဓာ’ ဆိုသည့် အယူသည် အမှားစင်စစ်သာဖြစ်သည်။ (အချို့ဆရာတော်တွေရဲ့ ဥပါဒါနက္ခန္ဓာအဖွင့်ကတော့ ပညတ်ခန္ဓာကြီးပါ)။ အဘယ်ကြောင့်ဆိုသော် ပညတ်ခန္ဓာဖြစ်ပါက ၀ိပဿနာရှု၍ မရသောကြောင့်ဖြစ်ပါသည်။ (ပညတ်သည် အကောင်းအဆိုး မြဲမမြဲ အစိုးရအစိုးမရ မျိုးစုံ မျက်လှည့်ပြသကဲ့သို့ဖြစ်နေသောကြောင့် ၀ိပဿနာဉာဏ်အစစ်မဖြစ်)။ အထူးသဖြင့် ဓမ္မစကြာဒေသနာအရ ‘ သံခိတ္တေန- အကျဉ်းချုပ်အားဖြင့်၊ ပဉ္စ-ငါးပါးကုန်သော၊ ဥပါဒါနက္ခန္ဓော- ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်၊ ဒုက္ခာ- ဆင်းရဲကုန်၏’ တဲ့အချက်က ဥပါဒါနက္ခန္ဓာတို့သည် ပညတ်မဟုတ် ဒုက္ခသစ္စာပရမတ်ပင်ဖြစ်ကြောင်း  ထင်ရှားပါသည်။(၀ိနည်း မဟာဝဂ်)။

အကယ်၍ ရဟန္တာတို့မှာ ဥပါဒါနက္ခန္ဓာမရှိပါက ဘယ်က ခန္ဓာကို သွားရှုပါသလည်းဆိုတာက သော့ချက်ဖြစ်ပါတယ်။ အခြားသော သုတ္တန် အထောက်အထားများလည်း မြောက်များစွာ ရှိပါသေးသည်။
‘ဘုရားခန္ဓာက ဥပါဒါန်ချုပ်နေလို့ ဥပါဒါနက္ခန္ဓာ မဟုတ်ဘူး’ ‘မစွဲလန်းတဲ့ ပုဂ္ဂိုလ်မှာခန္ဓာ၊ စွဲလန်းတဲ့ ပုဂ္ဂိုလ်မှာ ဥပါဒါနက္ခန္ဓာ။ ဒီလိုယူကွ လို့ ဘုရားကဟောလိုက်တယ်’ ဟူသော စကားကို ဆရာတော်ကြီးတစ်ပါးက မဇ္ဈိမနိကာယ် ၁-ဒေ၀ဒဟ၀ဂ် ၉-မဟာပုဏ္ဏမ သုတ်ညွှန်းရင်း မိန့်ပါသည်။ သို့သော် ထိုအဓိပ္ပာယ် သက်စေမည့် စကားလုံး ထင်ယောင်မြင်ယောင်ဖြစ်စေတဲ့ စကား တစ်လုံးမှ မဟာပုဏ္ဏာမသုတ်၌ မပါတာကို ကိုယ်တိုင်ဖတ်နိုင်ပါသည်။ အကောင်းမြင်လျှင် ‘ဆရာတော်ကြီး က ပဋိသမ္ဘိဒါဉာဏ်မရသေးလို့မှားတာ’ မကောင်းမြင်လျှင် ‘ကိုယ်ထင်ရာ ဘုရားဟောလုပ်ရဲတဲ့ သတ္တိရှင်ပါလား’ ဆိုပြီးဖြစ်သွားနိုင်ပါသည်။ မည်သို့ဆိုစေကာမူ အမှားကို စွန့်နိုင် အမှန်ကို နားလည်လက်ခံ သဘောပေါက်နိုင်သော ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဖြစ်နိုင်ကြပါစေ။  ------------ *** -------------     
[ကျမ်းကိုး- ပိဋကတ်သုံးပုံ (ပါဠိ၊နိဿယ၊မြန်မာပြန်) * မိုးကုတ်ဝိနိစ္ဆယ * မိုးပြာဝိနိစ္ဆယ * ပိဋကတ် Software] 
ဝိဘဇ္ဇ၀ါဒီ

Sunday, April 27, 2014

အနာဂါမ်နှင့် သုဒ္ဓါဝါသာ ပြဿနာ

            အနာဂါမ်နှင့် သုဒ္ဓါဝါသာ ပြဿနာ အနာဂါမ်အရိယာသူတော်စင်များ ကွယ်လွန်လျှင် သုဒ္ဓါဝါသ (၅) ဘုံသို့ ရောက်ကြောင်း ငယ်ငယ်ကတည်းက သင်ယူခဲ့ကြရပါတယ် ဘုရား။ အောက်ပါ ဒေသနာများအရထင်ရှားပါတယ် ဘုရား။
          35။ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ဖန်ပြန်မလာသော ‘အနာဂါမီ’ ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော ‘သြရမ္ဘာဂိယ’ သံယောဇဉ် ငါးပါးတရားတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ခြင်း သဘောမရှိမူ၍ ထိုရူပသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ၊ဤပုဂ္ဂိုလ်ကို ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ဖန် ပြန်မလာသော ‘အနာဂါမီ’ ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ (ပုဂ္ဂလပညတ် နိဒ္ဒေသ ဧကပုဂ္ဂလပညတ်၊ သတ္တအဂုင်္တ္တိုရ် 2အနုသယ၀ဂ် 5ဥဒကူပမာသုတ်)

              သို့ရာတွင် ဘုရား။ ဒီဃနိကာယ် မဟာဝဂ် သက္ကပဉှသုတ် ဂေါပက၀တ္ထု(စဉ်၃၅၄) တွင် ဤသည်တို့ကို တွေ့ရပါသည်ဘုရား။
          “ ၃၅၄။ ... .... .... ဆင်ပြောင်ကြီးသည် မြဲစွာဖွဲ့ချည်ထားသော ကြိုးတို့ကို ဖြတ်သကဲ့သို့၊ ထိုနတ်နှစ်ယောက်တို့သည် လွန်မြောက်နိုင်ခဲသော မာရ်၏ နှောင်ကြိုးဖြစ်သော ကာမသံယောဇဉ် ကာမအနှောင်အဖွဲ့တို့ကို ဖြတ်၍ တာဝတိံသာနတ်တို့ကို ကျော်လွန်၍ ဗြဟ္မာ့ဘုံ၌ဖြစ်ကုန်၏။ (ကြိုးကိုဖြတ်တယ်ဆိုထားလို့ ဈာန်ဖြင့် ခွာတာမဟုတ်ဘဲ အနာဂါမိမဂ်ဖြင့် ဖြတ်တယ်လို့ ယူဆမိပါတယ်ဘုရား)။ ရာဂကင်းခြင်းကို ပြုကုန်လျက် အနာဂါမ်ဖြစ်သော သူရဲကောင်းနတ်သား နှစ်ယောက်တို့သည် သိကြားမင်းနှင့်တကွ ပဇာပတိနတ်မင်းနှင့်တကွ သုဓမ္မာနတ်သဘင်သို့ ပါဝင်တက်ရောက်ကြကုန်သော အလုံးစုံသော နတ်တို့ကို ကျော်လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏။ ... ... ... ... နတ်သားနှစ်ယောက်တို့သည် ဤနတ်ပြည်၌ အသျှင်ဘုရား၏ တရားကို သိကြကုန်သောကြောင့် ဗြဟ္မပုရောဟိတ ကိုယ်ခန္ဓာကို ရ၍ အနာဂါမိမဂ်ဟူသော တရားထူးကို ရကြပါကုန်၏။ .... ..... ....” ။
                သုတ်မဟာဝါအဋ္ဌကထာ ဘာသာဋီကာ နှာ၂၅၃တွင် “ .... .... ..... တေသု၊ ထိုနတ်တို့တွင်။ ဒွေ၊ ကုန်သော။ ဇနာ၊ နတ်တို့သည်။ ပဌမဇ္ဈာနသတိံ၊ ပထမဈာန်သတိ-ကို။ ပဋိလဘိတွာ၊ ရ၍။ ဈာနံ၊ ကို။ ပါဒကံ၊ အခြေခံကို။ ကတွာ၊ ၍။ သင်္ခါရေ၊ သင်္ခါရ-တို့ကို။ သမ္မသန္တာ၊ အနိစ္စ ဒုက္ခ အနတ္တ-ဟု သုံးသတ်ကုန်လတ်သော်။ အနာဂါမိဖလေယေ၀၊ အနာဂါမိဖိုလ်၌ပင်။ ပတိဋ္ဌဟိံသု၊ တည်ကြကုန်ပြီ။ အထ၊ တည်ကြရာ ထိုအခါ၌။ နေသံ၊ ထို နှစ်ယောက်သောနတ်တို့၏။ ပရိတ္တော၊ နည်းသောအာနုဘော်ရှိသော။ သော ကာမာဝစရတ္တဘာဝေါ၊ ထို ကာမာဝစရနတ် အတ္တဘောသည်။ ဓါရေတုံ၊ ဆောင်ခြင်းငှာ။ နာသက္ခိ၊ မစွမ်းနိုင်။ တသ္မာ၊ ကြောင့်။ တာဝဒေ၀၊ ထိုခဏ၌ပင်။ စ၀ိတွာ၊ စုတေ၍။ ဗြဟ္မပုရောဟိတေသု၊ ဗြဟ္မပုရောဟိတ-ဗြဟ္မာတို့၌။ နိဗ္ဗတ္တာ၊ ကုန်ပြီ။ စ၊ ဆက်။ နေသံ၊ ထို နှစ်ယောက်သော နတ်တို့၏။ သော ကာယော၊ ထို ဗြဟ္မာကိုယ်သည်။ တတ္ထ၊ ထိုနတ်ပြည်၌။ ဌိတာနံယေ၀၊ တည်နေကုန်စဉ်ပင်။ နိဗ္ဗတ္တော၊ ဖြစ်ပြီ။ တေန၊ ကြောင့်။ ‘တေသံ ဘန္တေ ဂေါပကေန။ပ။ ကာယံ ဗြဟ္မပုရောဟိတ’ န္တိ၊ ဟူ၍။ (သက္ကေန၊ သည်။ ၀ုတ္တံ၊ ပြီ။) တတ္ထ၊ ထို တေသံ ဘန္တေ- အစရှိသော စကားရပ်၌။ ဒိဋ္ဌေ၀ ဓမ္မေတိ၊ ကား။ တသ္မိံယေ၀ အတ္တဘာဝေ၊ ထို နတ်အတ္တဘော၌ပင်။ ဈာနသတိံ၊ ဈာန်တည်းဟူသော သတိကို။ ၀ါ၊ ဈာန်၌ဖြစ်သော သတိကို။ ပဋိလဘိံသု၊ ကုန်ပြီ။ တတ္ထေ၀၊ ထို နတ်ပြည်၌ပင်။ ဌတွာ၊ ၍။ ဗြဟ္မပုရောဟိတသရီရံ၊ ဗြဟ္မပုရောဟိတ- ဗြဟ္မာ၏ကိုယ်ကို။ ပဋိလဘိံ်သု၊ ကုန်ပြီ။ ဣတိ ဧ၀ံ၊ သို့။ အတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။ .... .... .....”

                   ဒီလိုဖွင့်ဆိုထားပါတယ် ဘုရား။ သို့သော် နတ်တို့မည်သည် ဗြဟ္မာကို မြင်ရခြင်းမရှိ ဆိုပြီး ဇန၀သဘသုတ် မဟာဂေါဝိန္ဒသုတ်တို့ နှင့် ထိုထိုအဖွင့်များအရ သိရပါတယ် ဘုရား။ အကယ်၍ ထိုနတ်နှစ်ယောက်တို့သည် ဗြဟ္မပုရောဟိတ ဗြဟ္မာဖြစ်ပြီးမှ အနာဂါမ်ဖြစ်သည် ဆိုလျှင် ဂေါပကနတ်သားနှင့် သိကြားမင်းက ဘယ်လိုသိနိုင်တာလည်းဘုရား ထိုဗြဟ္မာနှစ်ယောက်က ပြန်လာပြောမှ သိမယ်ထင်ပါတယ် ဘုရား။ နတ်တို့သည် ကမ္မဇရုပ်များဖြင့် အဓိကဖွဲ့စည်းထားသော ကိုယ်ခန္ဓာရှိသည်ဖြစ်၍ စိတ္တဇရုပ်၏ ချယ်လှယ်မှုကို လူတို့ထက် ပိုခံရသည်ဟု ထင်ပါသည်ဘုရား။ ဒေါသအလွန်ထွက်လျှင် သေတတ်သောကြောင့်ပါဘုရား။ ဈာန်စိတ်ကြောင့် ၄င်း၊ အားကြီးသော ၀ိပဿနာအစွမ်းကြောင့်၎င်း ဖြစ်လာကုန်သော ရုပ်ခန္ဓာအပြောင်းလည်းကို နတ်တို့က ပညာရှိပုရောဟိတ်ဗြဟ္မာကြီးဖြစ်သွားပြီ ဟု ထင်ဟန်တူပါတယ်ဘုရား။ ဈာန်ရမရ တရားရမရကိုတော့ အဆင့်မြင့်နတ်တို့သိကြသည်ဟု သဘောပေါက်ထားပါတယ်ဘုရား။

                           ဆရာတော်တစ်ပါးကတော့ မိမိတဏှာစွဲရာ သင့်လျော်ရာ အကြောင်းအထောက်အပံ့ရှိရာ ဘုံဘ၀၌ဖြစ်နိုင်၍ မုချ သုဒ္ဓါဝါသသို့သာ ရောက်ရမည်ဟု မဆိုနိုင်ကြောင်း ဆိုပါတယ်ဘုရား။
                     “ ၁၁၁။ ကာမဂုဏ်တို့၌ တပ်မက်ခြင်း ကင်းသည်ဖြစ်၍ ရူပဘ၀ အရူပဘ၀ တို့၌ တပ်ခြင်း မကင်းသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊ အနာဂါမ်ပုဂ္ဂိုလ်တည်။ ဤအနာဂါမ်ပုဂ္ဂိုလ်ကို ကာမဂုဏ်တို့၌ တပ်ခြင်းကင်းသည်ဖြစ်၍ ရူပဘ၀ အရူပဘ၀နှစ်ပါးတို့၌ တပ်မက်ခြင်း မကင်းသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။” (ပုဂ္ဂပညတ်နိဒ္ဒေသ တိကပုဂ္ဂလပညတ်) နှင့် သင့်လျော်ပါတယ်ဘုရား။ ဒါ့အပြင် စတုတ္ထဈာန်ရသော အနာဂါမ်မှသာ သုဒ္ဓါဝါသ သို့ ရောက်မည်ဟု ဆိုတဲ့ အယူလည်း အဘိဝိဘင်း ဓမ္မဟဒယ၀ိဘင်္ဂ စတုတ္ထဈာန်အကျိုးပေးရာ (၁၁)ဘုံ ၁၀၂၇။ စတုတ္ထဈာန်ကို ပွါးများလျှင် အာရုံ နှလုံးသွင်းမှု ဆန္ဒ တောင့်တမှု ဆုံဖြတ်မှု ဆုတောင်းမှု ပညာ ထူးသည် (ခြားနားသည်) အဖြစ်များကြောင့်- ရူပစတုတ္ထဈာန် ၇ ဘုံ နှင့် အရူပစတုတ္ထဈာန်၎ဘုံ သို့ရောက်ကြောင်း ပါဠိတော်နှင့် အံသြစရာ ကိုက်ညီနေပါတယ်ဘုရား။              
              သင်္ဂြီုဟ်ဘာသာဋီကာ နှာ305တွင် သုဒ္ဓါဝါသာ။ ။ ..... .... ဤသုဒ္ဓါဝါသ (၅) ဘုံနှင့် ဝေဟပ္ဇိုလ် အသညသတ်ဘုံများကို စတုတ္ထဈာန်အတွက် ရောက်အပ်သောကြောင့် စတုတ္ထဈာန်ဘုံများဟု မှတ်ပါ။ လို့ဆိုပါတယ်ဘုရား။ ဒါပေမဲ့ ပြဿနာက ဈာန်မရတဲ့ အနာဂါမ်ကွယ်လွန်လျှင် ဘယ်မှာသွားပြီးစရင်းသွင်းရမှန်း မသိတဲ့ ပြဿနာရှိပါတယ် ဘုရား။ တိကပုဂ္ဂလပညတ် နိဒ္ဒေသ အရ ၁၂၈။ အနာဂါမ်ပုဂ္ဂိုလ်သည် သီလ သမာဓိတို့၌ ပြည့်စုံအောင်ပြုလေ့ရှိသော (ပြည့်စုံသော) ပုဂ္ဂိုလ်။ ဆိုတဲ့ အချက်အရ မုချ ဗြဟ္မပြည်သွာနိုင်တယ်လို့ သိပေမဲ့ မုချ ဈာန်ရတယ်ဟု မဆို ရဟန္တာတိုင်းသည်ပင် ဈာန်မရ ဆိုတဲ့ အချက်ကိုလည်း စဉ်းစားရမှာပါ ဘုရား။

                 နောက်ဆရာတော်တစ်ပါးကတော့ ‘အနာဂါမ်သူတော်စင်ကွယ်လွန်လျှင် မုချ သုဒ္ဓါဝါသသို့သွားသည် ထိုနတ်နှစ်ယောက်သည် အလယ်အလတ်အဆင့် သို့မဟုတ် တိုင်ပင်ထိုက်သောပုရောဟိတ် အဆင့် ဖြစ်သည’် ဟု ဆိုပါတယ်ဘုရား။ နောက်ထပ်ဆရာတော်တစ်ပါးက ‘ပထဈာန် ဗြဟ္မာဖြစ်ပြီးမှ အနာဂါမ်ဖြစ်သည်။ ကနဦး ဂေါပကနတ်ပြောသော စကားက ရှုပ်စေသည်’ ဟု မိန့်ပါတယ်ဘုရား။

                တပည့်တော်သိလိုတာက
                ၁။ အနာဂါမ်အရိယာ ကွယ်လွန်လျှင် မုချ သုဒ္ဓါသသို့သွားသလော? သို့ဆိုလျှင် ပြဆိုခဲ့သော နတ်စကား (နတ်စကားက မှားလည်းပြဿနာမရှိပေမဲ့ ဆဋ္ဌသံဂါယနာတင် ဆရာတော်ကြီးများက မှားတယ်လို့မဆိုခဲ့ပါ) ၊ အင်္ဂြီုလ်ဘာသာဋီကာ၊ နှင့် ဓမ္မဟဒယ၀ိဘင်း အလိုကို မည်သို့ နားလည်ရမည်နည်း၊၊?
                ၂။ အနာဂါမ်အရိယာ ကွယ်လွန်တိုင်း မုချ သုဒ္ဓါဝါသသို့ မသွားလျှင် ဈာန်မရသော အနာဂါမ်များ မည်သည့် ဘုံဘ၀ကပ်ရောက်မည်နည်း? [ ဆရာတော်တွေရဲ့ ဘွဲ့တော်နဲ့ ဂုဏ်ထူးတွေကို ၀ိနည်းတော်အရ မဖော်ပြတော့ပါဘုရား။ သဿတဒိဋ္ဌိမေးခွန်းများ မေးသည် ဟု ဆိုကာ မဖြေပဲ နေမည့် သူများမဟုတ် ပရိယတ်အလေးထား ကရုဏာရှင်ဆရာတော်များဟု သိသဖြင့် မေးလျောက်ခြင်းပါဘုရား။ အစ်ကိုကြီးတို့လည်း ဖြေဆိုပါ ခင်ဗျား။ ကျွန်တော်ကတော့ ပထမဆရာတော်အဆိုကို ကြိုက်ပါတယ်။]

                         ဆရာတော်အရှင် တေဇောဘာသ၏ အဖြေ၀ိသဇ္ဖနာ ****
                        ညီတော် ဝိဘဇ္ဇဝါဒီ၏`ဒွိဟဖြစ်ဖွယ် များကို မေးလျှောက်ခြင်း´ ပဥှာကထ နပုစ္ဆာသည် ဤအရှင်ထံရောက် လာ၏။၎င်းအာဘော်ဝဏ္ဏနာ၌ "အနာဂါမ်နှင့် သုဒ္ဓါဝါသပြဿနာ" ကိုအဓိကမဏ္ဍိုင်ပြုထား၏။ ၁။ အနာဂါမ် အရိယာ ကွယ်လွန်လျှင် မုချ သုဒ္ဓါဝါသ သွားသလော? ၂။ အနာဂါမ် အရိယာ ကွယ်လွန်တိုင်း သုဒ္ဓါဝါသ သို့မသွားလျှင် ဈာန်မရသော အနာဂါမ် များ မည်သည့်ဘုံဘဝ ကပ်ရောက်မည်နည်း? `အဖြေဝိသဇ္ဇနာကား´ `ဗြဟ္မာပြည်မှာ၊အရိယာ၊အောက်ရွာ ဆင်းမရှိ´_ဗြဟ္မာပြည်မှာရှိသော အရိယာတို့သည် ဗြဟ္မာပြည်ထဲမှာပင် အောက်အောက်ဘုံသို့ဆင်း၍ ပဋိသန္ဓေ နေရိုးမရှိ။ထို့ကြောင့်ဗြဟ္မာ ပြည်၌ရှိသော သောတာပန်၊သကာ ဒါဂါမ်တို့သည် ကိလေသာဂတိအား ဖြင့်သာ၊ အောက်သို့ ပဋိသန္ဓေပြန် ခွင့် ရှိကြကုန်သေးသည်ဟုဆိုရ၏။ ပုဂ္ဂလဂတိအားဖြင့် ထိုသို့ပြန်သည် ဟူ၍မရှိချေ။ ထို့အတူ ကာမသုကတိ ၇ ဘုံမှာရှိသော သောတာပန်၊ သကာဒါဂါမ် တို့သည် ပုဂ္ဂလဂတိ အားဖြင့် အောက်ဘုံသို့ ပဋိသန္ဓေ ဆင်းခွင့်မရှိကုန်ဟု သိရာ၏။ အနာဂါမ် အရိယာကွယ်လွန်လျှင် (ဝါ)စုတိလျှင် ဗြဟ္မာပြည်သို့သွားမြဲ။ ထို့ကြောင့် အနာဂါမ် ပုဂ္ဂိုလ်တို့သည် အိပ်ပျော်စဉ် လည်ပင်း ကို ထား(ဓား) နှင့်ဖြတ်၍ သတ်သဖြင့်၎င်း၊ ရုတ် တရက် တစ်စုံတစ်ခု သော အကြောင်း ကြောင့်၎င်း သေကုန်သော်လည်း ဈာန်မရပဲ သေသည်ဟူ၍ မရှိကုန်။ ဈာန်ရသောတာပန်၊သကာဒါဂါမ် တို့သည် ဈာန်ရ အနာဂါမ် မည်ကုန်၏။ ဈာန်မပျက်လျှင် ဗြဟ္မာပြည်သို့သာ သွားကုန်၏။ဈာန်ပျက်လျှင် ကာမဘုံ သာဖြစ်၏။ဈာန်ရပုထုဇဉ်သည် ကာမဘုံ၊ဗြဟ္မာဘုံသို့ လိုရာ ရောက် နိုင်၏။ "သုဒ္ဓါဘုံမှာ၊အရိယာ၊နှစ်ခါထပ်မဖြစ်" သုဒ္ဓါဝါသ ၅ဘုံ၌ အရိယာတို့သည် မိမိဖြစ်ရာ ဘုံမှာ ၂ ခါထပ်၍ ပဋိသန္ဓေ နေရိုးမရှိ။ ရဟန္တာ ဖြစ်ခဲ့လျှင် အထက် ဘုံသို့သာ တက်လေ၏။မိမိဖြစ်ရာဘုံ ၌ပင် နိဗ္ဗာန် ယူသိမ်းငြိမ်းလေတော့ ၏။ `ဝေ၊နေ၊အက၊သုံးဌာနမှာ၊အရိယာ၊ သွားရာဘုံမရှိ´_ဝေဟပ္ဖိုလ်၊နေဝသညာ နာသညာယတန၊အကိနိဋ္ဌ ဤူသုံး ဘုံ၌ရှိသော အရိယာပုဂ္ဂိုလ်တို့သည် အထက်ဘုံသို့လည်း သွား၍ ပဋိသန္ဓေ နေခြင်း မရှိကုန်၊ရဟန္တာ မဖြစ်သေးလျှင် မိမိဘုံ၌သာထပ်၍ ဖြစ်ခွင့်ရှိ၏။ အကိနိဋ္ဌဘုံ၌ အရိယာမူကား မိမိ ဘုံမှာလည်းထပ်၍ ပဋိသန္ဓေ နေခွင့် မရှိ၊အထက်ဘုံသို့လည်း မပြောင်း တစ်ဘဝတည်းဖြင့်သာလျှင် မိမိဘုံ၌ နိဗ္ဗာန် ယူလေတော့သည်။ အကိုးသာဓက။ ။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏"ဝီထိမဉ္ဇရီကျမ်း´ စာ-၁၆၅၊၁၆၆၊_၅-၃-၂၀၁၄ နေ့ည ၂နာရီ၁၀မိနစ်။

                မှန်လှပါ နောင်တော်ဘုရား အရှင်တေဇောဘာသ။ လယ်တီပဏ္ဍိတဦးမောင်ကြီးလည်း ‘အနာဂါမ်ကွယ်လွန်ခါနီး အလိုလိုဈာန်ရတယ်’ လို့ ဆိုတာကိုး ဘုရား။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသ (ဘာသာဋီကာကျမ်းပြုဆရာတော်) နဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီးတို့ မိန့်ဆိုချက်မှာ ဘုရားဟောတိုက်ရိုက် တပည့်တော်မတွေ့ဖူးပေမဲ့ အောက်ပါ ပါဠိတော်များအရ ခိုင်မာတဲ့ အယူအဆဖြစ်တာကို တွေ့ရပါတယ် ဘုရား။

                        ၁၁၁။ ဤအနာဂါမ်ပုဂ္ဂိုလ်ကို ကာမဂုဏ်တို့၌ တပ်ခြင်းကင်းသည် ဖြစ်၍ ရူပ အရူပဘ၀နှစ်ပါးတို့၌ တပ်မက်ခြင်း မကင်းသေးသော ပုဂ္ဂိုလ် ဟူ၍ ဆိုအပ်၏။ (ပုဂ္ဂလပညတ်) ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါ သီလ သုတ စာဂ ပညာ နှင့်ပြည့်စုံ၏။ ထိုရဟန်းသည် ဆန္ဒရှိရာ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ၌ ထိုထိုဌာန၌ ပဋိသန္ဓေနေခြင်းငှာ ဖြစ်ကုန်၏။ ရဟန်းတို့ ဤအကြောင်း ‘မဂ်’ သည်လည်းကောင်း၊ ဤအကျင့်သည် လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေ နေခြင်းငှာ ဖြစ်၏။ (ဥပရိပဏ္ဏာသ ၂အနုပဒ၀ဂ် ၁၀ သင်္ခါရူပပတ္တိသုတ်) အနာဂါမ်ပုဂ္ဂိုလ်သည် သီလတို့၌ ပြည့်စုံစွာ သမာဓိ၌ပြည့်စုံစွာ ပြုပြီးဖြစ်၏။ ပညာ၌အတိုင်းအရှည် ပြုတတ်၏။ (ပုဂ္ဂလပညတ်)
                    အနာဂါမိနော ပန သုဒ္ဓါဝါသေသု ဥပ္ပဇ္ဇန္တိ။ ။ဤစကားအရ အနာဂါမ် ပုဂ္ဂိုလ်မှန်လျှင် သုဒ္ဓါဝါသဘုံ၌ အမြဲ ပဋိသန္ဓေနေရမည်ဟု ယူဆဖွယ်ရှိ၏၊ အဋ္ဌကထာတို့၌လည်း တချို့ အရာဝယ် ထိုအဓိပ္ပာယ်မျိုးကို ထောက်ခံလျက်ရှိ၏။ သို့သော် ယခုကာလ ယူရိုးကား သုဒ္ဓါဝါသဘုံတို့၌ အနာဂါမ်ပုဂ္ဂိုလ်များသာ ပဋိသန္ဓေနေ၏၊ အခြားပုဂ္ဂိုလ်များ မဖြစ်၊ ဤ ‘အနာဂါမိနော ပန သုဒ္ဓါဝါသေသု ဥပ္ပဇ္ဇန္တိ’ ပါဌ်ဖြင့် ‘အခြား ဗြဟ္မာ့ဘုံတို့၌ အနာဂါမ်ပုဂ္ဂိုလ်များ ပဋိသန္ဓေ မနေရ’ ဟု မတားမြစ်နိုင်ဟု ယူရိုးတည်း၊ ထို့ကြောင့် ‘သုဒ္ဓါဝါသေသု- တို့၌၊ အနာဂါမိနော- အနာဂါမ်ပုဂ္ဂိုလ်တို့သာ၊ ဥပ္ပဇ္ဇန္တိ- ဖြစ်နိုင်ကြကုန်၏’ ဟု အနက်ပေးလိုကြသည်၊ ဤ အနာဂါမ်ပုဂ္ဂိုလ်တို့ သုဒ္ဓါဝါသ (၅)ဘုံဝယ် ဖြစ်ကြရာ၌ ဣနြေ္ဒငါးပါး ထက်မြက်ပုံ, အစဉ်အတိုင်းဖြစ်ကြပုံကို အခြေပြုသင်္ဂြီုလ်၌ပြထားပြီ။ (သင်္ဂြိုလ်ဘာသာဋီကာ နှာ-၄၀၆ ရူပကုသိုလ်၏အကျိုးပေးရာ
                        အနာဂါမ် ဗြဟ္မပြည်အမြဲရောက်။ ။ ဈာန်ရမှုဟူသည် သမာဓိ၏အချက်တည်း၊ သမာဓိ၏ ဘေးရန်ကား ကာမစ္ဆန္ဒနီဝရဏတည်း၊ ကာမရာဂကို လုံးဝပယ်ခွာပြီးသော အနာဂါမ်တို့မှာ ကာမစ္ဆန္ဒနီဝရဏ အနှောက်အယှက် မရှိတော့ သဖြင့် သမာဓိအားကောင်းလှ၏။ ထို့ကြောင့် သုက္ခ၀ိပဿကအနာဂါမ်တို့သည် အိပ်ပျော်နေစဉ် ရန်သူ့လက်ချက်ဖြင့် အသက်ဆုံးရစေကာမူ မဆုံးခင် ဈာန်ရ၍ ဗြဟ္မာ့ပြည်သို့သာ ရောက်ကြရသည်။ အထက်နတ်ဘုံ၌ရှိသော နတ်တို့ အနာဂါမ်ဖြစ်လျှင် နတ်ပြည်မှာ ကာမဂုဏ်အာရုံတွေ များသဖြင့် လွတ်လပ်ဆိပ်ငြိမ်ရာ အရပ်ကို မရသောကြောင့် ကြာရှည်စွာ မတည်နေကြဘဲ ဗြဟ္မာ့ပြည်သို့ ပြောင်းကြရ, ပြောင်းဖို့ရန်လည်း ဈာန်ကို လွယ်ကူစွာ ရနိုင်ကြသည်။

ဟိရီ သြတ္တပ (လူသုံးစကား အရှက်အကြောက် ဒေါမနဿ) နှင့် ဒေါမနဿ (ပဋိဃ)

မူလပဏ္ဏာသပါဠိတော် စူဠယမက၀ဂ် စူဠဝေဒလ္လသုတ်တွင်-

      န သဗ္ဗာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ’ ( ဒုက္ခဝေဒနာတိုင်း၌ ပဋိဃာနုသယ မကိန်းဝပ်)

         ‘ဣဓာဝုသော ဝိသာခ, ဘိက္ခု ဣတိ ပဋိသဉ္စိက္ခတိ – ‘ကုဒါဿု နာမာဟံ တဒါယတနံ ဥပသမ္ပဇ္ဇ ဝိဟရိဿာမိ ယဒရိယာ ဧတရဟိ အာယတနံ ဥပသမ္ပဇ္ဇ ဝိဟရန္တီ’တိ? ဣတိ အနုတ္တရေသု ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပယတော ဥပ္ပဇ္ဇတိ ပိဟာပ္ပစ္စယာ ဒေါမနဿံ။ ပဋိဃံ တေန ပဇဟတိ, န တတ္ထ ပဋိဃာနုသယော အနုသေတိ။’ ( ဒါယကာ ၀ိသာခ ဤသာသနာတော်၌ ရဟန်းသည် ‘ယခု အခါ၌ အရိယာတို့ ရောက်၍ နေကြသည့် တည်ရာ ‘အရဟတ္တဖိုလ်’ ကို ငါသည် အဘယ် အခါ၌ ရောက်၍ နေရအံ့နည်း’ ဟု ဆင်ခြင်၏။ ဤသို့ မြတ်သော လွတ်မြောက်ရာ အရဟတ္တဖိုလ်၌ တောင့်တမှုကို ဖြစ်စေသော ရဟန်းအား တောင့်တမှုဟူသော အကြောင်းကြောင့် စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဖြစ်၏၊ ထို စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဖြင့် ထိခိုက်မှု ‘ပဋိဃ’ ကို ပယ်၏၊ ထို စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၌ ပဋိဃာနုသယသည် မကိန်းဝပ်။) ဟူသော ဒေသနာများ ပါရှိပါ၏။

           ပထမအချက်ဆိုလိုရင်းက ‘ဘုရား ရဟန္တာ အနာဂါမ်တို့ ဒုက္ခ ပင်ပမ်းဆင်းရဲတိုင်း စိတ်ညစ်ညူးစိတ်ထိခိုက်သည့် ဒေါမနဿဝေဒနာကားမဖြစ် သို့သော် ဆင်းရဲသည်ကို ဆင်းရဲသည်ဟု သိသော ဒုက္ခဝေဒနာကားဖြစ်၏။ ထို့ကြောင့် ဒုက္ခဝေဒနာတိုင်း၌ ပဋိဃာနုသယ မကိန်းဝပ်နေပါ’ ဟု နားလည်ယူဆပါ၏။

          ဒုတိယအချက်ဆိုလိုရင်းက “ ‘တစ်ပါးသူတို့သည် အရဟတ္ထဖိုလ်တည်းဟူသော ထောက်တည်ရာကို ရကြပြီ၊ ငါ့မှာမူကား ထောက်တည်ရာမရသေး’ ဟူ၍ ၀ဋ်ဆင်းရဲသုံးပါးတို့၌ ရှက်ခြင်းဟိရီ၊ ကြောက်ခြင်း သြတ္တပ္ပတို့ဖြစ်ကုန်၏။ အမှန်တရား၌မတွေဝေမှု အမောဟနှင့်တကွဖြစ်ကုန်သော ဆန္ဒကြောင့် သံဝေဂဉာဏ်ကြောင့် ဗိုလ်၅ပါးအင်အားထက်လာကာ ပဋိဃ (ဒေါသ) ကို ပယ်အပ်သော အနာဂါမိမဂ်သို့မဟုတ် အရဟတ္တမဂ်ကို မျက်မှောက်ပြု၏။ ထိုခံစားမှု အရှက်ကြောက်၌ ပဋိဃာနုသယ မကိန်းဝပ်” ဟု နားလည်ယူဆပါ၏။ ဤနေရာ၌မှု ယူဆချက်များကို ရှင်းလင်းရန်လိုအပ်လှပေတော့သည်။
(ဆိုင်ရာ မဂ်ဉာဏ်ဖြင့် မပယ်ရသေးသော အားကြီးသောကိလေသာများသည် အခွင့်သင့်သည်နှင့် ထဖြစ်နိုင်သောကြောင့် သတ္တ၀ါတို့သန္တာန်စဉ်၌ ကိန်းဝပ်နေသည်ဟု တင်စားကာ ‘အနုသယကိလေသာများ’ ဟု ခေါ်လေ၏။ နောက်တစ်ချက်က ‘ငါတို့ မပယ်ရအပ်သေးသော ကိလေသာများသည် အခါသင့်က ထဖြစ်နိုင်သေးပါသလား’ ဟု သံဝေဂ ရစိမ့်သောငှာ၊ သဗ္ဗေညုတဉာဏ်တော်ဖြင့် ဝေဖန်ပြလိုသောငှာ .......... မြတ်စွာဘုရားရှင်သည် ‘အနုသယယမက’ ကို ဟောတော်မူ၏။ အကယ်၍ ပုထုဇဉ် သတ္တ၀ါတစ်ဦးသည် ဒုက္ခဝေဒနာဖြစ်သည် ဆိုပါစို့။ ထိုဒုက္ခဝေဒနာအပေါ်၌ တဏှာဖြစ်သည်ဖြစ်စေ ဒေါသဖြစ်သည်ဖြစ်စေ ၀ိပဿနာရှုပွားသည်ဖြစ်စေ ထိုဝေဒနာ၌ ပဋိဃာနုသယ (ဒေါသာနုသယ) ကိန်းသည်ဟု ဆိုရမည်။ ကတ္ထ ပဋိဃာနုသယော အနုသေတိ၊ ဒုက္ခာယ ဝေဒနာယ ဧတ္ထ ပဋိဃာနုသယော အနုသေတိ။(အဘိ၊ အနုသယယမကပါဠိ ဥပ္ပတ္တိဋ္ဌာန၀ါရ)။)

             ထိုထို အခြင်းအရာအားဖြင့် စူဠဝေဒလ္လသုတ်နှင့် အနုသယယမကသည် ဆန့်ကျင်သကဲ့သို့ ဖြစ်၏။ အနုသယ တို့သည် 7ပါးရှိကုန်၏။ ပဋိဃာနုသယ၊ ကာမရာဂါနုသယ၊ မာနာနုသယ၊ ဒိဋ္ဌာနုသယ၊ ၀ိစိကိစ္ဆာနုသယ၊ ဘ၀ရာဂါနုသယ နှင့် အ၀ိဇ္ဇာနုသယ တို့ဖြစ်ကုန်၏။

              ဓမ္မကထိက ဧတဒဂ်ဖြစ်တော်မူသော ဓမ္မဒိန္နာဘိက္ခုနီအသျှင်မဆိုလိုရင်းသည် ‘ဟိရီ၊သြတ္တပ္ပ အရှက်အကြောက်’ ကုသိုလ်စိတ်များဟု ထင်ရှား၏။ ဤနေရာ၌ ဟိရီသြတ္တပ္ပတို့သည် အဘိဓမ္မာလာ စေတသိက်များဖြစ်ကုန်၏၊ ကုသိုလ်စိတ်ဖြစ်၏။ ကုသိုလ်စိတ်သည် ဒေါမနဿဝေဒနာဖြင့် ခံစားသည် ဟူသည်မရှိ (အဘိ၊ ဓမ္မသင်္ဂဏီ)။ သောမနဿ သို့မဟုတ် ဥပေက္ခာဝေဒနာယှဉ်၍သာ ဖြစ်ရပေလိမ့်မည်။

(မင်းကရုဏာဗြဟ္မ၀ိဟာရ ပွားတာ ၀မ်းသာလား? ၀မ်းသာတယ်လည်းတော့ ဟုတ်ဘူး. ဒါဆို စိတ်ဆင်းရဲတယ်ပေါ့? အဲသလိုလည်း ဟုတ်ဘူးလေ၊ စိတ်ကြည်လင်နေတယ်။ ဘယ်သူ့ကို မှ ဒုက္ခမပေးလိုတော့ဘူး အတတ်နိုင်ဆုံးကူညီချင်စိတ်တွေ နေ့စဉ်ဘ၀ထဲမှာ အဖြစ်များလာတယ် / ဒါဆို ဥပေက္ခာဝေဒနာ အဖြစ်များတယ်လို့ ယူရမဲ့ပုံရှိတယ် ) ။

               ဟိရီ၊သြတ္တပ္ပ၊ ကရုဏာ တို့သည် အနိဋ္ဌာရုံကို အာရုံပြု၍ဖြစ်ကုန်၏၊ ဒေါမနဿ (ပဋိဃ၊ သောက၊ ဒေါသ) သည်လည်း အနိဋ္ဌာရုံကို အာရုံပြု၏။ ကုသိုလ်နှင့် အကုသိုလ် ဆန့်ကျင်စေကာမူ အာရုံယူရာခြင်းတူသောကြောင့် ခံစားမှုခြင်းနီးကပ်လွန်း၏။ သာမန်အားဖြင့်ခွဲရလည်းမလွယ် သဖြင့် အရပ်ထဲတွင်ကား စကားလုံးတူတူသုံး၏။ (ငါစိတ်မကောင်းလိုက်တာကွာ၊ အဆင်ပြေပါစေ)။ ဝေါဟာရဒေသနာဖြစ်သော သုတ္တန်တွင်လည်း စိတ်မကောင်းဖြစ်မှုကို ဒေါမနဿဟု သုံးနှုန်းသည်မှာ သဘာဝကျပါပေ၏။

               မဇ္ဈိမပဏ္ဏာသပါဠိတော် ဂဟပတိဝဂ် ဗဟုဝေဒနီယသုတ်တွင် မြတ်စွာဘုရားရှင်က ဤသို့ဟောတော်မူ၏။
‘အာနန္ဒာ ငါသည် ပရိယာယ်အားဖြင့် နှစ်ပါးသောခံစားမှု သုံးပါးသောခံစားမှု ငါးပါးသောခံစားမှု ခြောက်ပါးသောခံစားမှု တစ်ဆယ့်ရှစ်ပါးသောခံစားမှု သုံးဆယ့်ခြောက်ပါးသော ခံစားမှု တစ်ရာ့ရှစ်ပါးသော ခံစားမှုတို့ကို လည်းကောင်း ဟောထား၏။
အာနန္ဒာ ဤသို့ ငါသည် တရားတော်ကို ပရိယာယ် အားဖြင့် ဟောကြားထား၏။ (ဝေဒနာသည် ဝေဒနာသာဖြစ်သော်လည်း ထင်ရှားစေရန် ဟောကြားထား၏)။ အာနန္ဒာ ဤသို့ ငါသည် တရားတော်ကို ပရိယာယ်အားဖြင့် ဟောကြားထားပါလျက် အကြင်သူတို့သည် အချင်းချင်း ဟောဆို ပြောပြသည်ကို ခွင့်မပြုနိုင်ကုန်ငြားအံ့၊ သဘောမတူနိုင်ကုန်ငြားအံ့၊ ၀မ်းမမြောက်နိုင်ကုန်ငြားအံ့၊ ထိုသူတို့အား ငြင်းခုန်ခြင်း ဆန့်ကျင်ခြင်းသို့ ရောက် လတ္တံ့။’ (အဲဒါကို အကြောင်းပြုပြီး ‘ငါတို့ဆရာတော်ကြီးက သူ့ပရိသတ်ဟောတာ’ ဆင်ခြေမပေးနဲ့။ သူ့ပရိသတ်ကို ထိုက်သလို ဝေါဟာရသုံးနိုင်တာ ဣန္ဒြိယပရောပရိယတ္တိဉာဏ်နဲ့ အာသာယာနုသယဉာဏ်ရှိတဲ့ ဘုရားရှင်ပဲတတ်နိုင်တယ်။ ပြီးတော့ ၀ိနည်းဓိုရ်တွေကလည်း ‘အရှင်သာရိပုတ္တရာ စိတ်ပျက်သွားတယ်’ စသည်ဖြင့် မှားတာတွေကို ရေးကြီးခွင်ကျယ်လုပ်မနေဘူး။)

                   ထို့အပြင် အနုသယယမကသည် မုချကိလေသာဖြစ်မည်ဟု ဟောသော ဒေသနာမဟုတ်။ ကိလေသာဖြစ်နိုင်ခွင့်တို့ကို ဖြစ်ခွင့်ရှိသည်ဟု မုချဟောသော ဒေသနာသာတည်း။ အမှန်စင်စစ် အလုံးစုံသော ခန္ဓာတို့၌ အ၀ိဇ္ဇာနုသယကိန်း၏။ ကတ္ထ အ၀ိဇ္ဇာနုသယော အနုသေတိ၊ သဗ္ဗသက္ကာယပရိယာပန္နေသု ဓမ္မေသု ဧတ္ထ အ၀ိဇ္ဇာနုသယော အနုသေတိ။ (‘သဗ္ဗသက္ကာယပရိယာပန္နေသု ဓမ္မေသု = အလုံးစုံသော နာမ်ရုပ်အတွင်းအကျုံးဝင်သမျှသော ဓမ္မအပေါင်း’ ဆိုတာက ဥပမာ သောတာပတ္တိမဂ်ကို အာရုံပြုပြီး အ၀ိဇ္ဇာဖြစ်မှာ ပြောတာမဟုတ်၊ သောတာပတ္တိမဂ်သည်ပင် အ၀ိဇ္ဇာကို မပယ်နိုင်သေးလို့ဆိုလိုတာ၊ အရဟတ္တမဂ်ကျ ပယ်နိုင်ပေမဲ့ အရဟတ်မဂ်ကို လုံးဝမျက်မှောက်မပြုရသေးတဲ့ သေက္ချ(ကျင့်ဆဲ) ပုဂ္ဂိုလ်တွေအတွက် ရည်စူးပြီး ‘မင်းတို့မှာ ဒီ အနုသယတွေ ရှိနေသဟေ့’ ဆိုပြီး ဆုံးမတယ်လို့ ဆိုပြီး မှတ်ရမယ်။ ဥပမာ ‘ဝေဒနာပစ္စယာ ဥပါဒါန’ ပုထုဇဉ်တိုင်းတောင် ဥပါဒါန်ဖြစ်တာမှ မဟုတ်တာ ပဋိစ္စသမုပ္ပါဒ မှားတယ် ဆိုပြီး ပြောလို့ မသင့်သလိုပေါ့)

                     ယမိုက်ကျမ်းကဒီလိုဆိုပေမဲ့ ဓမ္မဒိန္နာ အသျှင်မက ‘စတုတ္ထဈာန်၌ အ၀ိဇ္ဇာနုသယမကိန်း’ ဟု မိန့်တော်မူချက်လည်း ရှိ၏။ အသျှင်မ ဥပမာပေးနေသည်က သာမာန် ၀ိပဿနာပွားနေသူ၏ ဖြစ်စဉ်ကို ဥပမာပေးနေသည်မဟုတ်။ မုချမသွေ အချိန်ပိုင်းအတွင်း အရဟတ္တမဂ်သို့ရောက်မည့်သူ၏ ဖြစ်စဉ်ကို ဥပမာပေးနေခြင်းဖြစ်၏။ ထိုအခါ၌ စတုတ္ထဈာန်ကို ၀ိပဿနာရှုမည့်သူအတွက် ထိုစတုတ္ထဈာန်ကို အကြောင်းခံ၍ အ၀ိဇ္ဇာဖြစ်လာမည့် အကြောင်းသည်မရှိ။ ထို့ကြောင့် ထို စတုတ္ထဈာန်တွင် အ၀ိဇ္ဇာနုသယ မကိန်းဟု အသျှင်မ ဆိုလိုခြင်းဖြစ်မည်။

                     ‘မိမိအယူအဆသည်သာ အမှန် ကျန်တာ အမှား’ ဆိုပြီး မယူဆပါဗျာ။ လွတ်လပ်စွာ ပိဋကတ်ကျမ်းကိုးများနှင့်အညီ အယူအဆကွဲလွဲနိုင်ပါတယ်။ ပိဋကတ်ကျမ်းကိုးများနှင့်အညီပေါ့လေ။