Sunday, April 27, 2014

အနာဂါမ်နှင့် သုဒ္ဓါဝါသာ ပြဿနာ

            အနာဂါမ်နှင့် သုဒ္ဓါဝါသာ ပြဿနာ အနာဂါမ်အရိယာသူတော်စင်များ ကွယ်လွန်လျှင် သုဒ္ဓါဝါသ (၅) ဘုံသို့ ရောက်ကြောင်း ငယ်ငယ်ကတည်းက သင်ယူခဲ့ကြရပါတယ် ဘုရား။ အောက်ပါ ဒေသနာများအရထင်ရှားပါတယ် ဘုရား။
          35။ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ဖန်ပြန်မလာသော ‘အနာဂါမီ’ ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော ‘သြရမ္ဘာဂိယ’ သံယောဇဉ် ငါးပါးတရားတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ခြင်း သဘောမရှိမူ၍ ထိုရူပသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ၊ဤပုဂ္ဂိုလ်ကို ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ဖန် ပြန်မလာသော ‘အနာဂါမီ’ ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ (ပုဂ္ဂလပညတ် နိဒ္ဒေသ ဧကပုဂ္ဂလပညတ်၊ သတ္တအဂုင်္တ္တိုရ် 2အနုသယ၀ဂ် 5ဥဒကူပမာသုတ်)

              သို့ရာတွင် ဘုရား။ ဒီဃနိကာယ် မဟာဝဂ် သက္ကပဉှသုတ် ဂေါပက၀တ္ထု(စဉ်၃၅၄) တွင် ဤသည်တို့ကို တွေ့ရပါသည်ဘုရား။
          “ ၃၅၄။ ... .... .... ဆင်ပြောင်ကြီးသည် မြဲစွာဖွဲ့ချည်ထားသော ကြိုးတို့ကို ဖြတ်သကဲ့သို့၊ ထိုနတ်နှစ်ယောက်တို့သည် လွန်မြောက်နိုင်ခဲသော မာရ်၏ နှောင်ကြိုးဖြစ်သော ကာမသံယောဇဉ် ကာမအနှောင်အဖွဲ့တို့ကို ဖြတ်၍ တာဝတိံသာနတ်တို့ကို ကျော်လွန်၍ ဗြဟ္မာ့ဘုံ၌ဖြစ်ကုန်၏။ (ကြိုးကိုဖြတ်တယ်ဆိုထားလို့ ဈာန်ဖြင့် ခွာတာမဟုတ်ဘဲ အနာဂါမိမဂ်ဖြင့် ဖြတ်တယ်လို့ ယူဆမိပါတယ်ဘုရား)။ ရာဂကင်းခြင်းကို ပြုကုန်လျက် အနာဂါမ်ဖြစ်သော သူရဲကောင်းနတ်သား နှစ်ယောက်တို့သည် သိကြားမင်းနှင့်တကွ ပဇာပတိနတ်မင်းနှင့်တကွ သုဓမ္မာနတ်သဘင်သို့ ပါဝင်တက်ရောက်ကြကုန်သော အလုံးစုံသော နတ်တို့ကို ကျော်လွန်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်၏။ ... ... ... ... နတ်သားနှစ်ယောက်တို့သည် ဤနတ်ပြည်၌ အသျှင်ဘုရား၏ တရားကို သိကြကုန်သောကြောင့် ဗြဟ္မပုရောဟိတ ကိုယ်ခန္ဓာကို ရ၍ အနာဂါမိမဂ်ဟူသော တရားထူးကို ရကြပါကုန်၏။ .... ..... ....” ။
                သုတ်မဟာဝါအဋ္ဌကထာ ဘာသာဋီကာ နှာ၂၅၃တွင် “ .... .... ..... တေသု၊ ထိုနတ်တို့တွင်။ ဒွေ၊ ကုန်သော။ ဇနာ၊ နတ်တို့သည်။ ပဌမဇ္ဈာနသတိံ၊ ပထမဈာန်သတိ-ကို။ ပဋိလဘိတွာ၊ ရ၍။ ဈာနံ၊ ကို။ ပါဒကံ၊ အခြေခံကို။ ကတွာ၊ ၍။ သင်္ခါရေ၊ သင်္ခါရ-တို့ကို။ သမ္မသန္တာ၊ အနိစ္စ ဒုက္ခ အနတ္တ-ဟု သုံးသတ်ကုန်လတ်သော်။ အနာဂါမိဖလေယေ၀၊ အနာဂါမိဖိုလ်၌ပင်။ ပတိဋ္ဌဟိံသု၊ တည်ကြကုန်ပြီ။ အထ၊ တည်ကြရာ ထိုအခါ၌။ နေသံ၊ ထို နှစ်ယောက်သောနတ်တို့၏။ ပရိတ္တော၊ နည်းသောအာနုဘော်ရှိသော။ သော ကာမာဝစရတ္တဘာဝေါ၊ ထို ကာမာဝစရနတ် အတ္တဘောသည်။ ဓါရေတုံ၊ ဆောင်ခြင်းငှာ။ နာသက္ခိ၊ မစွမ်းနိုင်။ တသ္မာ၊ ကြောင့်။ တာဝဒေ၀၊ ထိုခဏ၌ပင်။ စ၀ိတွာ၊ စုတေ၍။ ဗြဟ္မပုရောဟိတေသု၊ ဗြဟ္မပုရောဟိတ-ဗြဟ္မာတို့၌။ နိဗ္ဗတ္တာ၊ ကုန်ပြီ။ စ၊ ဆက်။ နေသံ၊ ထို နှစ်ယောက်သော နတ်တို့၏။ သော ကာယော၊ ထို ဗြဟ္မာကိုယ်သည်။ တတ္ထ၊ ထိုနတ်ပြည်၌။ ဌိတာနံယေ၀၊ တည်နေကုန်စဉ်ပင်။ နိဗ္ဗတ္တော၊ ဖြစ်ပြီ။ တေန၊ ကြောင့်။ ‘တေသံ ဘန္တေ ဂေါပကေန။ပ။ ကာယံ ဗြဟ္မပုရောဟိတ’ န္တိ၊ ဟူ၍။ (သက္ကေန၊ သည်။ ၀ုတ္တံ၊ ပြီ။) တတ္ထ၊ ထို တေသံ ဘန္တေ- အစရှိသော စကားရပ်၌။ ဒိဋ္ဌေ၀ ဓမ္မေတိ၊ ကား။ တသ္မိံယေ၀ အတ္တဘာဝေ၊ ထို နတ်အတ္တဘော၌ပင်။ ဈာနသတိံ၊ ဈာန်တည်းဟူသော သတိကို။ ၀ါ၊ ဈာန်၌ဖြစ်သော သတိကို။ ပဋိလဘိံသု၊ ကုန်ပြီ။ တတ္ထေ၀၊ ထို နတ်ပြည်၌ပင်။ ဌတွာ၊ ၍။ ဗြဟ္မပုရောဟိတသရီရံ၊ ဗြဟ္မပုရောဟိတ- ဗြဟ္မာ၏ကိုယ်ကို။ ပဋိလဘိံ်သု၊ ကုန်ပြီ။ ဣတိ ဧ၀ံ၊ သို့။ အတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။ .... .... .....”

                   ဒီလိုဖွင့်ဆိုထားပါတယ် ဘုရား။ သို့သော် နတ်တို့မည်သည် ဗြဟ္မာကို မြင်ရခြင်းမရှိ ဆိုပြီး ဇန၀သဘသုတ် မဟာဂေါဝိန္ဒသုတ်တို့ နှင့် ထိုထိုအဖွင့်များအရ သိရပါတယ် ဘုရား။ အကယ်၍ ထိုနတ်နှစ်ယောက်တို့သည် ဗြဟ္မပုရောဟိတ ဗြဟ္မာဖြစ်ပြီးမှ အနာဂါမ်ဖြစ်သည် ဆိုလျှင် ဂေါပကနတ်သားနှင့် သိကြားမင်းက ဘယ်လိုသိနိုင်တာလည်းဘုရား ထိုဗြဟ္မာနှစ်ယောက်က ပြန်လာပြောမှ သိမယ်ထင်ပါတယ် ဘုရား။ နတ်တို့သည် ကမ္မဇရုပ်များဖြင့် အဓိကဖွဲ့စည်းထားသော ကိုယ်ခန္ဓာရှိသည်ဖြစ်၍ စိတ္တဇရုပ်၏ ချယ်လှယ်မှုကို လူတို့ထက် ပိုခံရသည်ဟု ထင်ပါသည်ဘုရား။ ဒေါသအလွန်ထွက်လျှင် သေတတ်သောကြောင့်ပါဘုရား။ ဈာန်စိတ်ကြောင့် ၄င်း၊ အားကြီးသော ၀ိပဿနာအစွမ်းကြောင့်၎င်း ဖြစ်လာကုန်သော ရုပ်ခန္ဓာအပြောင်းလည်းကို နတ်တို့က ပညာရှိပုရောဟိတ်ဗြဟ္မာကြီးဖြစ်သွားပြီ ဟု ထင်ဟန်တူပါတယ်ဘုရား။ ဈာန်ရမရ တရားရမရကိုတော့ အဆင့်မြင့်နတ်တို့သိကြသည်ဟု သဘောပေါက်ထားပါတယ်ဘုရား။

                           ဆရာတော်တစ်ပါးကတော့ မိမိတဏှာစွဲရာ သင့်လျော်ရာ အကြောင်းအထောက်အပံ့ရှိရာ ဘုံဘ၀၌ဖြစ်နိုင်၍ မုချ သုဒ္ဓါဝါသသို့သာ ရောက်ရမည်ဟု မဆိုနိုင်ကြောင်း ဆိုပါတယ်ဘုရား။
                     “ ၁၁၁။ ကာမဂုဏ်တို့၌ တပ်မက်ခြင်း ကင်းသည်ဖြစ်၍ ရူပဘ၀ အရူပဘ၀ တို့၌ တပ်ခြင်း မကင်းသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊ အနာဂါမ်ပုဂ္ဂိုလ်တည်။ ဤအနာဂါမ်ပုဂ္ဂိုလ်ကို ကာမဂုဏ်တို့၌ တပ်ခြင်းကင်းသည်ဖြစ်၍ ရူပဘ၀ အရူပဘ၀နှစ်ပါးတို့၌ တပ်မက်ခြင်း မကင်းသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။” (ပုဂ္ဂပညတ်နိဒ္ဒေသ တိကပုဂ္ဂလပညတ်) နှင့် သင့်လျော်ပါတယ်ဘုရား။ ဒါ့အပြင် စတုတ္ထဈာန်ရသော အနာဂါမ်မှသာ သုဒ္ဓါဝါသ သို့ ရောက်မည်ဟု ဆိုတဲ့ အယူလည်း အဘိဝိဘင်း ဓမ္မဟဒယ၀ိဘင်္ဂ စတုတ္ထဈာန်အကျိုးပေးရာ (၁၁)ဘုံ ၁၀၂၇။ စတုတ္ထဈာန်ကို ပွါးများလျှင် အာရုံ နှလုံးသွင်းမှု ဆန္ဒ တောင့်တမှု ဆုံဖြတ်မှု ဆုတောင်းမှု ပညာ ထူးသည် (ခြားနားသည်) အဖြစ်များကြောင့်- ရူပစတုတ္ထဈာန် ၇ ဘုံ နှင့် အရူပစတုတ္ထဈာန်၎ဘုံ သို့ရောက်ကြောင်း ပါဠိတော်နှင့် အံသြစရာ ကိုက်ညီနေပါတယ်ဘုရား။              
              သင်္ဂြီုဟ်ဘာသာဋီကာ နှာ305တွင် သုဒ္ဓါဝါသာ။ ။ ..... .... ဤသုဒ္ဓါဝါသ (၅) ဘုံနှင့် ဝေဟပ္ဇိုလ် အသညသတ်ဘုံများကို စတုတ္ထဈာန်အတွက် ရောက်အပ်သောကြောင့် စတုတ္ထဈာန်ဘုံများဟု မှတ်ပါ။ လို့ဆိုပါတယ်ဘုရား။ ဒါပေမဲ့ ပြဿနာက ဈာန်မရတဲ့ အနာဂါမ်ကွယ်လွန်လျှင် ဘယ်မှာသွားပြီးစရင်းသွင်းရမှန်း မသိတဲ့ ပြဿနာရှိပါတယ် ဘုရား။ တိကပုဂ္ဂလပညတ် နိဒ္ဒေသ အရ ၁၂၈။ အနာဂါမ်ပုဂ္ဂိုလ်သည် သီလ သမာဓိတို့၌ ပြည့်စုံအောင်ပြုလေ့ရှိသော (ပြည့်စုံသော) ပုဂ္ဂိုလ်။ ဆိုတဲ့ အချက်အရ မုချ ဗြဟ္မပြည်သွာနိုင်တယ်လို့ သိပေမဲ့ မုချ ဈာန်ရတယ်ဟု မဆို ရဟန္တာတိုင်းသည်ပင် ဈာန်မရ ဆိုတဲ့ အချက်ကိုလည်း စဉ်းစားရမှာပါ ဘုရား။

                 နောက်ဆရာတော်တစ်ပါးကတော့ ‘အနာဂါမ်သူတော်စင်ကွယ်လွန်လျှင် မုချ သုဒ္ဓါဝါသသို့သွားသည် ထိုနတ်နှစ်ယောက်သည် အလယ်အလတ်အဆင့် သို့မဟုတ် တိုင်ပင်ထိုက်သောပုရောဟိတ် အဆင့် ဖြစ်သည’် ဟု ဆိုပါတယ်ဘုရား။ နောက်ထပ်ဆရာတော်တစ်ပါးက ‘ပထဈာန် ဗြဟ္မာဖြစ်ပြီးမှ အနာဂါမ်ဖြစ်သည်။ ကနဦး ဂေါပကနတ်ပြောသော စကားက ရှုပ်စေသည်’ ဟု မိန့်ပါတယ်ဘုရား။

                တပည့်တော်သိလိုတာက
                ၁။ အနာဂါမ်အရိယာ ကွယ်လွန်လျှင် မုချ သုဒ္ဓါသသို့သွားသလော? သို့ဆိုလျှင် ပြဆိုခဲ့သော နတ်စကား (နတ်စကားက မှားလည်းပြဿနာမရှိပေမဲ့ ဆဋ္ဌသံဂါယနာတင် ဆရာတော်ကြီးများက မှားတယ်လို့မဆိုခဲ့ပါ) ၊ အင်္ဂြီုလ်ဘာသာဋီကာ၊ နှင့် ဓမ္မဟဒယ၀ိဘင်း အလိုကို မည်သို့ နားလည်ရမည်နည်း၊၊?
                ၂။ အနာဂါမ်အရိယာ ကွယ်လွန်တိုင်း မုချ သုဒ္ဓါဝါသသို့ မသွားလျှင် ဈာန်မရသော အနာဂါမ်များ မည်သည့် ဘုံဘ၀ကပ်ရောက်မည်နည်း? [ ဆရာတော်တွေရဲ့ ဘွဲ့တော်နဲ့ ဂုဏ်ထူးတွေကို ၀ိနည်းတော်အရ မဖော်ပြတော့ပါဘုရား။ သဿတဒိဋ္ဌိမေးခွန်းများ မေးသည် ဟု ဆိုကာ မဖြေပဲ နေမည့် သူများမဟုတ် ပရိယတ်အလေးထား ကရုဏာရှင်ဆရာတော်များဟု သိသဖြင့် မေးလျောက်ခြင်းပါဘုရား။ အစ်ကိုကြီးတို့လည်း ဖြေဆိုပါ ခင်ဗျား။ ကျွန်တော်ကတော့ ပထမဆရာတော်အဆိုကို ကြိုက်ပါတယ်။]

                         ဆရာတော်အရှင် တေဇောဘာသ၏ အဖြေ၀ိသဇ္ဖနာ ****
                        ညီတော် ဝိဘဇ္ဇဝါဒီ၏`ဒွိဟဖြစ်ဖွယ် များကို မေးလျှောက်ခြင်း´ ပဥှာကထ နပုစ္ဆာသည် ဤအရှင်ထံရောက် လာ၏။၎င်းအာဘော်ဝဏ္ဏနာ၌ "အနာဂါမ်နှင့် သုဒ္ဓါဝါသပြဿနာ" ကိုအဓိကမဏ္ဍိုင်ပြုထား၏။ ၁။ အနာဂါမ် အရိယာ ကွယ်လွန်လျှင် မုချ သုဒ္ဓါဝါသ သွားသလော? ၂။ အနာဂါမ် အရိယာ ကွယ်လွန်တိုင်း သုဒ္ဓါဝါသ သို့မသွားလျှင် ဈာန်မရသော အနာဂါမ် များ မည်သည့်ဘုံဘဝ ကပ်ရောက်မည်နည်း? `အဖြေဝိသဇ္ဇနာကား´ `ဗြဟ္မာပြည်မှာ၊အရိယာ၊အောက်ရွာ ဆင်းမရှိ´_ဗြဟ္မာပြည်မှာရှိသော အရိယာတို့သည် ဗြဟ္မာပြည်ထဲမှာပင် အောက်အောက်ဘုံသို့ဆင်း၍ ပဋိသန္ဓေ နေရိုးမရှိ။ထို့ကြောင့်ဗြဟ္မာ ပြည်၌ရှိသော သောတာပန်၊သကာ ဒါဂါမ်တို့သည် ကိလေသာဂတိအား ဖြင့်သာ၊ အောက်သို့ ပဋိသန္ဓေပြန် ခွင့် ရှိကြကုန်သေးသည်ဟုဆိုရ၏။ ပုဂ္ဂလဂတိအားဖြင့် ထိုသို့ပြန်သည် ဟူ၍မရှိချေ။ ထို့အတူ ကာမသုကတိ ၇ ဘုံမှာရှိသော သောတာပန်၊ သကာဒါဂါမ် တို့သည် ပုဂ္ဂလဂတိ အားဖြင့် အောက်ဘုံသို့ ပဋိသန္ဓေ ဆင်းခွင့်မရှိကုန်ဟု သိရာ၏။ အနာဂါမ် အရိယာကွယ်လွန်လျှင် (ဝါ)စုတိလျှင် ဗြဟ္မာပြည်သို့သွားမြဲ။ ထို့ကြောင့် အနာဂါမ် ပုဂ္ဂိုလ်တို့သည် အိပ်ပျော်စဉ် လည်ပင်း ကို ထား(ဓား) နှင့်ဖြတ်၍ သတ်သဖြင့်၎င်း၊ ရုတ် တရက် တစ်စုံတစ်ခု သော အကြောင်း ကြောင့်၎င်း သေကုန်သော်လည်း ဈာန်မရပဲ သေသည်ဟူ၍ မရှိကုန်။ ဈာန်ရသောတာပန်၊သကာဒါဂါမ် တို့သည် ဈာန်ရ အနာဂါမ် မည်ကုန်၏။ ဈာန်မပျက်လျှင် ဗြဟ္မာပြည်သို့သာ သွားကုန်၏။ဈာန်ပျက်လျှင် ကာမဘုံ သာဖြစ်၏။ဈာန်ရပုထုဇဉ်သည် ကာမဘုံ၊ဗြဟ္မာဘုံသို့ လိုရာ ရောက် နိုင်၏။ "သုဒ္ဓါဘုံမှာ၊အရိယာ၊နှစ်ခါထပ်မဖြစ်" သုဒ္ဓါဝါသ ၅ဘုံ၌ အရိယာတို့သည် မိမိဖြစ်ရာ ဘုံမှာ ၂ ခါထပ်၍ ပဋိသန္ဓေ နေရိုးမရှိ။ ရဟန္တာ ဖြစ်ခဲ့လျှင် အထက် ဘုံသို့သာ တက်လေ၏။မိမိဖြစ်ရာဘုံ ၌ပင် နိဗ္ဗာန် ယူသိမ်းငြိမ်းလေတော့ ၏။ `ဝေ၊နေ၊အက၊သုံးဌာနမှာ၊အရိယာ၊ သွားရာဘုံမရှိ´_ဝေဟပ္ဖိုလ်၊နေဝသညာ နာသညာယတန၊အကိနိဋ္ဌ ဤူသုံး ဘုံ၌ရှိသော အရိယာပုဂ္ဂိုလ်တို့သည် အထက်ဘုံသို့လည်း သွား၍ ပဋိသန္ဓေ နေခြင်း မရှိကုန်၊ရဟန္တာ မဖြစ်သေးလျှင် မိမိဘုံ၌သာထပ်၍ ဖြစ်ခွင့်ရှိ၏။ အကိနိဋ္ဌဘုံ၌ အရိယာမူကား မိမိ ဘုံမှာလည်းထပ်၍ ပဋိသန္ဓေ နေခွင့် မရှိ၊အထက်ဘုံသို့လည်း မပြောင်း တစ်ဘဝတည်းဖြင့်သာလျှင် မိမိဘုံ၌ နိဗ္ဗာန် ယူလေတော့သည်။ အကိုးသာဓက။ ။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏"ဝီထိမဉ္ဇရီကျမ်း´ စာ-၁၆၅၊၁၆၆၊_၅-၃-၂၀၁၄ နေ့ည ၂နာရီ၁၀မိနစ်။

                မှန်လှပါ နောင်တော်ဘုရား အရှင်တေဇောဘာသ။ လယ်တီပဏ္ဍိတဦးမောင်ကြီးလည်း ‘အနာဂါမ်ကွယ်လွန်ခါနီး အလိုလိုဈာန်ရတယ်’ လို့ ဆိုတာကိုး ဘုရား။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသ (ဘာသာဋီကာကျမ်းပြုဆရာတော်) နဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီးတို့ မိန့်ဆိုချက်မှာ ဘုရားဟောတိုက်ရိုက် တပည့်တော်မတွေ့ဖူးပေမဲ့ အောက်ပါ ပါဠိတော်များအရ ခိုင်မာတဲ့ အယူအဆဖြစ်တာကို တွေ့ရပါတယ် ဘုရား။

                        ၁၁၁။ ဤအနာဂါမ်ပုဂ္ဂိုလ်ကို ကာမဂုဏ်တို့၌ တပ်ခြင်းကင်းသည် ဖြစ်၍ ရူပ အရူပဘ၀နှစ်ပါးတို့၌ တပ်မက်ခြင်း မကင်းသေးသော ပုဂ္ဂိုလ် ဟူ၍ ဆိုအပ်၏။ (ပုဂ္ဂလပညတ်) ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် သဒ္ဓါ သီလ သုတ စာဂ ပညာ နှင့်ပြည့်စုံ၏။ ထိုရဟန်းသည် ဆန္ဒရှိရာ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ၌ ထိုထိုဌာန၌ ပဋိသန္ဓေနေခြင်းငှာ ဖြစ်ကုန်၏။ ရဟန်းတို့ ဤအကြောင်း ‘မဂ်’ သည်လည်းကောင်း၊ ဤအကျင့်သည် လည်းကောင်း ထိုဌာန၌ ပဋိသန္ဓေ နေခြင်းငှာ ဖြစ်၏။ (ဥပရိပဏ္ဏာသ ၂အနုပဒ၀ဂ် ၁၀ သင်္ခါရူပပတ္တိသုတ်) အနာဂါမ်ပုဂ္ဂိုလ်သည် သီလတို့၌ ပြည့်စုံစွာ သမာဓိ၌ပြည့်စုံစွာ ပြုပြီးဖြစ်၏။ ပညာ၌အတိုင်းအရှည် ပြုတတ်၏။ (ပုဂ္ဂလပညတ်)
                    အနာဂါမိနော ပန သုဒ္ဓါဝါသေသု ဥပ္ပဇ္ဇန္တိ။ ။ဤစကားအရ အနာဂါမ် ပုဂ္ဂိုလ်မှန်လျှင် သုဒ္ဓါဝါသဘုံ၌ အမြဲ ပဋိသန္ဓေနေရမည်ဟု ယူဆဖွယ်ရှိ၏၊ အဋ္ဌကထာတို့၌လည်း တချို့ အရာဝယ် ထိုအဓိပ္ပာယ်မျိုးကို ထောက်ခံလျက်ရှိ၏။ သို့သော် ယခုကာလ ယူရိုးကား သုဒ္ဓါဝါသဘုံတို့၌ အနာဂါမ်ပုဂ္ဂိုလ်များသာ ပဋိသန္ဓေနေ၏၊ အခြားပုဂ္ဂိုလ်များ မဖြစ်၊ ဤ ‘အနာဂါမိနော ပန သုဒ္ဓါဝါသေသု ဥပ္ပဇ္ဇန္တိ’ ပါဌ်ဖြင့် ‘အခြား ဗြဟ္မာ့ဘုံတို့၌ အနာဂါမ်ပုဂ္ဂိုလ်များ ပဋိသန္ဓေ မနေရ’ ဟု မတားမြစ်နိုင်ဟု ယူရိုးတည်း၊ ထို့ကြောင့် ‘သုဒ္ဓါဝါသေသု- တို့၌၊ အနာဂါမိနော- အနာဂါမ်ပုဂ္ဂိုလ်တို့သာ၊ ဥပ္ပဇ္ဇန္တိ- ဖြစ်နိုင်ကြကုန်၏’ ဟု အနက်ပေးလိုကြသည်၊ ဤ အနာဂါမ်ပုဂ္ဂိုလ်တို့ သုဒ္ဓါဝါသ (၅)ဘုံဝယ် ဖြစ်ကြရာ၌ ဣနြေ္ဒငါးပါး ထက်မြက်ပုံ, အစဉ်အတိုင်းဖြစ်ကြပုံကို အခြေပြုသင်္ဂြီုလ်၌ပြထားပြီ။ (သင်္ဂြိုလ်ဘာသာဋီကာ နှာ-၄၀၆ ရူပကုသိုလ်၏အကျိုးပေးရာ
                        အနာဂါမ် ဗြဟ္မပြည်အမြဲရောက်။ ။ ဈာန်ရမှုဟူသည် သမာဓိ၏အချက်တည်း၊ သမာဓိ၏ ဘေးရန်ကား ကာမစ္ဆန္ဒနီဝရဏတည်း၊ ကာမရာဂကို လုံးဝပယ်ခွာပြီးသော အနာဂါမ်တို့မှာ ကာမစ္ဆန္ဒနီဝရဏ အနှောက်အယှက် မရှိတော့ သဖြင့် သမာဓိအားကောင်းလှ၏။ ထို့ကြောင့် သုက္ခ၀ိပဿကအနာဂါမ်တို့သည် အိပ်ပျော်နေစဉ် ရန်သူ့လက်ချက်ဖြင့် အသက်ဆုံးရစေကာမူ မဆုံးခင် ဈာန်ရ၍ ဗြဟ္မာ့ပြည်သို့သာ ရောက်ကြရသည်။ အထက်နတ်ဘုံ၌ရှိသော နတ်တို့ အနာဂါမ်ဖြစ်လျှင် နတ်ပြည်မှာ ကာမဂုဏ်အာရုံတွေ များသဖြင့် လွတ်လပ်ဆိပ်ငြိမ်ရာ အရပ်ကို မရသောကြောင့် ကြာရှည်စွာ မတည်နေကြဘဲ ဗြဟ္မာ့ပြည်သို့ ပြောင်းကြရ, ပြောင်းဖို့ရန်လည်း ဈာန်ကို လွယ်ကူစွာ ရနိုင်ကြသည်။

No comments:

Post a Comment