မူလပဏ္ဏာသပါဠိတော် စူဠယမက၀ဂ် စူဠဝေဒလ္လသုတ်တွင်-
န သဗ္ဗာယ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ’ ( ဒုက္ခဝေဒနာတိုင်း၌ ပဋိဃာနုသယ မကိန်းဝပ်)
‘ဣဓာဝုသော ဝိသာခ, ဘိက္ခု ဣတိ ပဋိသဉ္စိက္ခတိ – ‘ကုဒါဿု နာမာဟံ တဒါယတနံ ဥပသမ္ပဇ္ဇ
ဝိဟရိဿာမိ ယဒရိယာ ဧတရဟိ အာယတနံ ဥပသမ္ပဇ္ဇ ဝိဟရန္တီ’တိ? ဣတိ အနုတ္တရေသု
ဝိမောက္ခေသု ပိဟံ ဥပဋ္ဌာပယတော ဥပ္ပဇ္ဇတိ ပိဟာပ္ပစ္စယာ ဒေါမနဿံ။ ပဋိဃံ တေန ပဇဟတိ, န
တတ္ထ ပဋိဃာနုသယော အနုသေတိ။’ ( ဒါယကာ ၀ိသာခ ဤသာသနာတော်၌ ရဟန်းသည် ‘ယခု အခါ၌
အရိယာတို့ ရောက်၍ နေကြသည့် တည်ရာ ‘အရဟတ္တဖိုလ်’ ကို ငါသည် အဘယ် အခါ၌ ရောက်၍
နေရအံ့နည်း’ ဟု ဆင်ခြင်၏။ ဤသို့ မြတ်သော လွတ်မြောက်ရာ အရဟတ္တဖိုလ်၌
တောင့်တမှုကို ဖြစ်စေသော ရဟန်းအား တောင့်တမှုဟူသော အကြောင်းကြောင့်
စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဖြစ်၏၊ ထို စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ဖြင့် ထိခိုက်မှု
‘ပဋိဃ’ ကို ပယ်၏၊ ထို စိတ်ဆင်းရဲမှု ‘ဒေါမနဿ’၌ ပဋိဃာနုသယသည် မကိန်းဝပ်။)
ဟူသော ဒေသနာများ ပါရှိပါ၏။
ပထမအချက်ဆိုလိုရင်းက ‘ဘုရား ရဟန္တာ
အနာဂါမ်တို့ ဒုက္ခ ပင်ပမ်းဆင်းရဲတိုင်း စိတ်ညစ်ညူးစိတ်ထိခိုက်သည့်
ဒေါမနဿဝေဒနာကားမဖြစ် သို့သော် ဆင်းရဲသည်ကို ဆင်းရဲသည်ဟု သိသော
ဒုက္ခဝေဒနာကားဖြစ်၏။ ထို့ကြောင့် ဒုက္ခဝေဒနာတိုင်း၌ ပဋိဃာနုသယ မကိန်းဝပ်နေပါ’
ဟု နားလည်ယူဆပါ၏။
ဒုတိယအချက်ဆိုလိုရင်းက “ ‘တစ်ပါးသူတို့သည်
အရဟတ္ထဖိုလ်တည်းဟူသော ထောက်တည်ရာကို ရကြပြီ၊ ငါ့မှာမူကား ထောက်တည်ရာမရသေး’
ဟူ၍ ၀ဋ်ဆင်းရဲသုံးပါးတို့၌ ရှက်ခြင်းဟိရီ၊ ကြောက်ခြင်း
သြတ္တပ္ပတို့ဖြစ်ကုန်၏။ အမှန်တရား၌မတွေဝေမှု အမောဟနှင့်တကွဖြစ်ကုန်သော
ဆန္ဒကြောင့် သံဝေဂဉာဏ်ကြောင့် ဗိုလ်၅ပါးအင်အားထက်လာကာ ပဋိဃ (ဒေါသ) ကို
ပယ်အပ်သော အနာဂါမိမဂ်သို့မဟုတ် အရဟတ္တမဂ်ကို မျက်မှောက်ပြု၏။ ထိုခံစားမှု
အရှက်ကြောက်၌ ပဋိဃာနုသယ မကိန်းဝပ်” ဟု နားလည်ယူဆပါ၏။ ဤနေရာ၌မှု
ယူဆချက်များကို ရှင်းလင်းရန်လိုအပ်လှပေတော့သည်။
(ဆိုင်ရာ
မဂ်ဉာဏ်ဖြင့် မပယ်ရသေးသော အားကြီးသောကိလေသာများသည် အခွင့်သင့်သည်နှင့်
ထဖြစ်နိုင်သောကြောင့် သတ္တ၀ါတို့သန္တာန်စဉ်၌ ကိန်းဝပ်နေသည်ဟု တင်စားကာ
‘အနုသယကိလေသာများ’ ဟု ခေါ်လေ၏။ နောက်တစ်ချက်က ‘ငါတို့ မပယ်ရအပ်သေးသော
ကိလေသာများသည် အခါသင့်က ထဖြစ်နိုင်သေးပါသလား’ ဟု သံဝေဂ ရစိမ့်သောငှာ၊
သဗ္ဗေညုတဉာဏ်တော်ဖြင့် ဝေဖန်ပြလိုသောငှာ .......... မြတ်စွာဘုရားရှင်သည်
‘အနုသယယမက’ ကို ဟောတော်မူ၏။ အကယ်၍ ပုထုဇဉ် သတ္တ၀ါတစ်ဦးသည် ဒုက္ခဝေဒနာဖြစ်သည်
ဆိုပါစို့။ ထိုဒုက္ခဝေဒနာအပေါ်၌ တဏှာဖြစ်သည်ဖြစ်စေ ဒေါသဖြစ်သည်ဖြစ်စေ
ဝိပဿနာရှုပွားသည်ဖြစ်စေ ထိုဝေဒနာ၌ ပဋိဃာနုသယ (ဒေါသာနုသယ) ကိန်းသည်ဟု
ဆိုရမည်။ ကတ္ထ ပဋိဃာနုသယော အနုသေတိ၊ ဒုက္ခာယ ဝေဒနာယ ဧတ္ထ ပဋိဃာနုသယော
အနုသေတိ။(အဘိ၊ အနုသယယမကပါဠိ ဥပ္ပတ္တိဋ္ဌာန၀ါရ)။)
ထိုထို
အခြင်းအရာအားဖြင့် စူဠဝေဒလ္လသုတ်နှင့် အနုသယယမကသည် ဆန့်ကျင်သကဲ့သို့ ဖြစ်၏။
အနုသယ တို့သည် 7ပါးရှိကုန်၏။ ပဋိဃာနုသယ၊ ကာမရာဂါနုသယ၊ မာနာနုသယ၊ ဒိဋ္ဌာနုသယ၊
ဝိစိကိစ္ဆာနုသယ၊ ဘ၀ရာဂါနုသယ နှင့် အ၀ိဇ္ဇာနုသယ တို့ဖြစ်ကုန်၏။
ဓမ္မကထိက
ဧတဒဂ်ဖြစ်တော်မူသော ဓမ္မဒိန္နာဘိက္ခုနီအသျှင်မဆိုလိုရင်းသည် ‘ဟိရီ၊သြတ္တပ္ပ
အရှက်အကြောက်’ ကုသိုလ်စိတ်များဟု ထင်ရှား၏။ ဤနေရာ၌ ဟိရီသြတ္တပ္ပတို့သည်
အဘိဓမ္မာလာ စေတသိက်များဖြစ်ကုန်၏၊ ကုသိုလ်စိတ်ဖြစ်၏။ ကုသိုလ်စိတ်သည်
ဒေါမနဿဝေဒနာဖြင့် ခံစားသည် ဟူသည်မရှိ (အဘိ၊ ဓမ္မသင်္ဂဏီ)။ သောမနဿ သို့မဟုတ်
ဥပေက္ခာဝေဒနာယှဉ်၍သာ ဖြစ်ရပေလိမ့်မည်။
(မင်းကရုဏာဗြဟ္မ၀ိဟာရ ပွားတာ
ဝမ်းသာလား? ၀မ်းသာတယ်လည်းတော့ ဟုတ်ဘူး. ဒါဆို စိတ်ဆင်းရဲတယ်ပေါ့?
အဲသလိုလည်း ဟုတ်ဘူးလေ၊ စိတ်ကြည်လင်နေတယ်။ ဘယ်သူ့ကို မှ ဒုက္ခမပေးလိုတော့ဘူး
အတတ်နိုင်ဆုံးကူညီချင်စိတ်တွေ နေ့စဉ်ဘ၀ထဲမှာ အဖြစ်များလာတယ် / ဒါဆို
ဥပေက္ခာဝေဒနာ အဖြစ်များတယ်လို့ ယူရမဲ့ပုံရှိတယ် ) ။
ဟိရီ၊သြတ္တပ္ပ၊
ကရုဏာ တို့သည် အနိဋ္ဌာရုံကို အာရုံပြု၍ဖြစ်ကုန်၏၊ ဒေါမနဿ (ပဋိဃ၊ သောက၊ ဒေါသ)
သည်လည်း အနိဋ္ဌာရုံကို အာရုံပြု၏။ ကုသိုလ်နှင့် အကုသိုလ် ဆန့်ကျင်စေကာမူ
အာရုံယူရာခြင်းတူသောကြောင့် ခံစားမှုခြင်းနီးကပ်လွန်း၏။
သာမန်အားဖြင့်ခွဲရလည်းမလွယ် သဖြင့် အရပ်ထဲတွင်ကား စကားလုံးတူတူသုံး၏။
(ငါစိတ်မကောင်းလိုက်တာကွာ၊ အဆင်ပြေပါစေ)။ ဝေါဟာရဒေသနာဖြစ်သော
သုတ္တန်တွင်လည်း စိတ်မကောင်းဖြစ်မှုကို ဒေါမနဿဟု သုံးနှုန်းသည်မှာ
သဘာဝကျပါပေ၏။
မဇ္ဈိမပဏ္ဏာသပါဠိတော် ဂဟပတိဝဂ် ဗဟုဝေဒနီယသုတ်တွင် မြတ်စွာဘုရားရှင်က ဤသို့ဟောတော်မူ၏။
‘အာနန္ဒာ ငါသည် ပရိယာယ်အားဖြင့် နှစ်ပါးသောခံစားမှု သုံးပါးသောခံစားမှု
ငါးပါးသောခံစားမှု ခြောက်ပါးသောခံစားမှု တစ်ဆယ့်ရှစ်ပါးသောခံစားမှု
သုံးဆယ့်ခြောက်ပါးသော ခံစားမှု တစ်ရာ့ရှစ်ပါးသော ခံစားမှုတို့ကို လည်းကောင်း
ဟောထား၏။
အာနန္ဒာ ဤသို့ ငါသည် တရားတော်ကို ပရိယာယ် အားဖြင့်
ဟောကြားထား၏။ (ဝေဒနာသည် ဝေဒနာသာဖြစ်သော်လည်း ထင်ရှားစေရန် ဟောကြားထား၏)။
အာနန္ဒာ ဤသို့ ငါသည် တရားတော်ကို ပရိယာယ်အားဖြင့် ဟောကြားထားပါလျက်
အကြင်သူတို့သည် အချင်းချင်း ဟောဆို ပြောပြသည်ကို
ခွင့်မပြုနိုင်ကုန်ငြားအံ့၊ သဘောမတူနိုင်ကုန်ငြားအံ့၊
ဝမ်းမမြောက်နိုင်ကုန်ငြားအံ့၊ ထိုသူတို့အား ငြင်းခုန်ခြင်း
ဆန့်ကျင်ခြင်းသို့ ရောက် လတ္တံ့။’ (အဲဒါကို အကြောင်းပြုပြီး
‘ငါတို့ဆရာတော်ကြီးက သူ့ပရိသတ်ဟောတာ’ ဆင်ခြေမပေးနဲ့။ သူ့ပရိသတ်ကို
ထိုက်သလို ဝေါဟာရသုံးနိုင်တာ ဣန္ဒြိယပရောပရိယတ္တိဉာဏ်နဲ့
အာသာယာနုသယဉာဏ်ရှိတဲ့ ဘုရားရှင်ပဲတတ်နိုင်တယ်။ ပြီးတော့
ဝိနည်းဓိုရ်တွေကလည်း ‘အရှင်သာရိပုတ္တရာ စိတ်ပျက်သွားတယ်’ စသည်ဖြင့်
မှားတာတွေကို ရေးကြီးခွင်ကျယ်လုပ်မနေဘူး။)
ထို့အပြင် အနုသယယမကသည်
မုချကိလေသာဖြစ်မည်ဟု ဟောသော ဒေသနာမဟုတ်။ ကိလေသာဖြစ်နိုင်ခွင့်တို့ကို
ဖြစ်ခွင့်ရှိသည်ဟု မုချဟောသော ဒေသနာသာတည်း။ အမှန်စင်စစ် အလုံးစုံသော
ခန္ဓာတို့၌ အ၀ိဇ္ဇာနုသယကိန်း၏။ ကတ္ထ အ၀ိဇ္ဇာနုသယော အနုသေတိ၊
သဗ္ဗသက္ကာယပရိယာပန္နေသု ဓမ္မေသု ဧတ္ထ အ၀ိဇ္ဇာနုသယော အနုသေတိ။
(‘သဗ္ဗသက္ကာယပရိယာပန္နေသု ဓမ္မေသု = အလုံးစုံသော
နာမ်ရုပ်အတွင်းအကျုံးဝင်သမျှသော ဓမ္မအပေါင်း’ ဆိုတာက ဥပမာ သောတာပတ္တိမဂ်ကို
အာရုံပြုပြီး အ၀ိဇ္ဇာဖြစ်မှာ ပြောတာမဟုတ်၊ သောတာပတ္တိမဂ်သည်ပင် အ၀ိဇ္ဇာကို
မပယ်နိုင်သေးလို့ဆိုလိုတာ၊ အရဟတ္တမဂ်ကျ ပယ်နိုင်ပေမဲ့ အရဟတ်မဂ်ကို
လုံးဝမျက်မှောက်မပြုရသေးတဲ့ သေက္ချ(ကျင့်ဆဲ) ပုဂ္ဂိုလ်တွေအတွက် ရည်စူးပြီး
‘မင်းတို့မှာ ဒီ အနုသယတွေ ရှိနေသဟေ့’ ဆိုပြီး ဆုံးမတယ်လို့ ဆိုပြီး
မှတ်ရမယ်။ ဥပမာ ‘ဝေဒနာပစ္စယာ ဥပါဒါန’ ပုထုဇဉ်တိုင်းတောင် ဥပါဒါန်ဖြစ်တာမှ
မဟုတ်တာ ပဋိစ္စသမုပ္ပါဒ မှားတယ် ဆိုပြီး ပြောလို့ မသင့်သလိုပေါ့)
ယမိုက်ကျမ်းကဒီလိုဆိုပေမဲ့ ဓမ္မဒိန္နာ အသျှင်မက ‘စတုတ္ထဈာန်၌
အ၀ိဇ္ဇာနုသယမကိန်း’ ဟု မိန့်တော်မူချက်လည်း ရှိ၏။ အသျှင်မ ဥပမာပေးနေသည်က
သာမာန် ၀ိပဿနာပွားနေသူ၏ ဖြစ်စဉ်ကို ဥပမာပေးနေသည်မဟုတ်။ မုချမသွေ
အချိန်ပိုင်းအတွင်း အရဟတ္တမဂ်သို့ရောက်မည့်သူ၏ ဖြစ်စဉ်ကို
ဥပမာပေးနေခြင်းဖြစ်၏။ ထိုအခါ၌ စတုတ္ထဈာန်ကို ၀ိပဿနာရှုမည့်သူအတွက်
ထိုစတုတ္ထဈာန်ကို အကြောင်းခံ၍ အ၀ိဇ္ဇာဖြစ်လာမည့် အကြောင်းသည်မရှိ။
ထို့ကြောင့် ထို စတုတ္ထဈာန်တွင် အ၀ိဇ္ဇာနုသယ မကိန်းဟု အသျှင်မ
ဆိုလိုခြင်းဖြစ်မည်။
‘မိမိအယူအဆသည်သာ အမှန် ကျန်တာ အမှား’ ဆိုပြီး
မယူဆပါဗျာ။ လွတ်လပ်စွာ ပိဋကတ်ကျမ်းကိုးများနှင့်အညီ အယူအဆကွဲလွဲနိုင်ပါတယ်။
ပိဋကတ်ကျမ်းကိုးများနှင့်အညီပေါ့လေ။
No comments:
Post a Comment